ဒေါက်တာ အေးငြိမ်းသူထံ ဆေးရုံသုံးပစ္စည်းနှင့်ဆေးဝါးများ ပို့ဆောင်ပေးနေသူအပါအဝင် ၃ ဦးအား ဖမ်းဆီးရမိ

3576

NP News - စက်တင်ဘာ ၂၄
ချင်ပြည်နယ်၊ မင်းတပ်မြို့တွင် ဆေးကုသမှုများပြုလုပ်နေသည့် ဒေါက်တာ အေးငြိမ်းသူထံသို့ ဆေးရုံသုံးပစ္စည်းများနှင့်ဆေးဝါးများ ပို့ဆောင်ပေးနေသူ အပါအဝင် (၃) ဦးအား ဖမ်းဆီရမိခဲ့ကြောင်း စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးက စက်တင်ဘာလ (၂၃) ရက် ညပိုင်းတွင် ထုတ်ပြန်သည်။
ဒေါက်တာ အေးငြိမ်းသူ၏စေခိုင်းချက်အရ ဆေးပစ္စည်းများအား မင်းတပ်မြို့သို့ ပို့ဆောင်ပေးနိုင်ရန် ပခုက္ကူမြို့တာဝန်ခံအဖြစ် ကျော်ဌေးနှင့် ကျော်ကျော်ထွန်းတို့ကလည်းကောင်း၊ ပေါက်မြို့တာဝန်ခံအဖြစ် မပန်းဝေမှ လည်းကောင်း၊ ကျောက်ထု/ဆော တာဝန်ခံအဖြစ် ဇော်နိုင်ဝင်းမှ လည်းကောင်း၊ မင်းတပ် တာဝန်ခံအဖြစ် ဘချစ်မှ လည်းကောင်း အသီးသီးတာဝန်ခွဲဝေ၍ ပို့ဆောင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သရက်တောကျေးရွာအနီးရှိ သရက်တော စစ်ဆေးရေးဂိတ်၌ ဒေါက်တာ အေးငြိမ်းသူထံသို့ လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးများ ပို့ဆောင်ပေး နေသူ ကျော်ဌေးအား စက်တင်ဘာလ (၁၆) ရက်တွင် ဖမ်းမိခဲ့ကြောင်း၊ ကျော်ဌေး၏ထွက်ဆိုချက်အရ ကွင်းဆက်တရားခံ ကျော်ကျော်ထွန်းအား ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်၊ အမှတ် (၉) လမ်းရှိ ၎င်း၏ နေအိမ်၌ စက်တင်ဘာလ (၁၇) ရက်က Portable X-ray စက် (၁) လုံး၊ အခြားဆေးပစ္စည်းများ၊ အောက်စီဂျင်တိုင်းစက် (၁) လုံး၊ ပေါင်ချိန်စက် (၁) လုံး၊ MPT ဆင်းကတ် (၂၀) ကတ် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကျော်ကျော်ထွန်း၏ထွက်ဆိုချက်အရ ၎င်း၏နေအိမ်၌ မေ့ဆေးပေးစက် (၁) လုံးနှင့် Toyota Tiger (Double Cab) လိုင်စင်မဲ့ (ခဲရောင်) ယာဉ် (၁) စီးတို့အား စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်တရားခံ ဇော်နိုင်ဝင်းအား ပေါက်မြို့နယ်၊ သရက်တောကျေးရွာအနီးရှိ သရက်တောစစ်ဆေးရေးဂိတ်၌ (လိုင်စင်မဲ့) အပြာရောင်ယာဉ်နှင့်အတူ စက်တင်ဘာလ ၁၇ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရသူ ဇော်နိုင်ဝင်း၏ထွက်ဆိုချက်အရ ဆောမြို့နယ်၊ နှောကျေးရွာရှိ ၎င်း၏နေအိမ်၌ လက်နက်ခဲယမ်းများ သိမ်းဆည်းထားကြောင်း သိရှိသဖြင့် စက်တင်ဘာလ ၁၇ ရက်တွင် သွားရောက်ရှာဖွေခဲ့ရာ နေအိမ်၌ Beretta (ဘာရက်တာ) ၉ မမ ပစ္စတို ၁ လက်၊ Retay X treme ၉ မမ ပစ္စတို ၁ လက်၊ ၉ မမကျည် ၁၃၅ တောင့်နှင့် ၅.၅၆ ကျည် ၄၇၂ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ အဆိုပါဖြစ်စဉ်၏ အဓိကတရားခံမှာ ဒေါက်တာ အေးငြိမ်းသူ ဖြစ်ကြောင်းနှင့် ၎င်းမှ ဒေါက်တာ ဇော်ဝေစိုးအား Zoom Meeting ဖြင့် တွေ့ဆုံ၍ မင်းတပ် CDF များအား ကာကွယ်ကုသမှုပေးရေးအတွက် ညွှန်ကြားချက်များ ခံယူလုပ်ဆောင်ခဲ့ကြောင်း၊ ဒေါက်တာ ဇော်ဝေစိုး၏ညွှန်ကြားချက်နှင့် အထောက်အပံ့များအား ရယူ၍ ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ CDF အဖွဲ့များအား ဆေးဝါးကုသပေးခြင်း၊ ယာယီဆေးခန်းနှင့် ယာယီခွဲစိတ်ခန်း (OT)အား ဆောက်လုပ် ကုသပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ဆေးဝါးပစ္စည်းများ သယ်ယူပို့ဆောင်ရာ၌ ရန်ကုန်နှင့် မန္တလေးရှိ တာဝန်ခံတစ်ဦးစီမှ ရွှေမန္တလာ၊ ကြယ်စင်မိုး၊ ဧရာဝတီယာဉ်လိုင်းများဖြင့် ပခုက္ကူသို့ ပို့ဆောင်ခဲ့ကြောင်း၊ ပခုက္ကူသို့ ရောက်ရှိပြီးပါက Double Cab (လိုင်စင်မဲ့)ယာဉ်ဖြင့် ပခုက္ကူ-ကမ္မ-ပေါက်-ကျောက်ထု-မင်းတပ် လမ်းကြောင်းအတိုင်း အဆင့်ဆင့် သယ်ယူပို့ဆောင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးပစ္စည်းများ သယ်ယူမှု (၅) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
#NPNews