ဖောက်ခွဲမှု၊ လုပ်ကြံသတ်ဖြတ်မှုများနှင့်ဆက်စပ်ကာ လူငယ် (၉) ဦးဖမ်းဆီးခံရ

 1518

ရဲပြည့် (NP News) - စက်တင်ဘာ ၂၄
ဖောက်ခွဲဖျက်ဆီးမှု (၁)ကြိမ်၊ သတ်ဖြတ်မှု (၃)ကြိမ်တို့ကို ကျူးလွန်ခဲ့သည့် လူငယ် (၉)ဦးကို ဖမ်း ဆီးရမိကြောင်း စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ NUG မှဦးရည်မွန် နှင့် ဒေါက်တာဇော်ဝေစိုးတို့အနေဖြင့် အသက်မပြည့်သေးသည့် လူငယ်များကို ဝါဒမှိုင်းတိုက်၍ ခိုင်းစေခဲ့သောကြောင့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲကာ အကြမ်းဖက်ဖောက်ခွဲမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများအား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖြစ်စဉ်သည် စက်တင်ဘာလ (၂ဝ) ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၉ ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဓမ္မာရုံရှေ့၌ ရပ်ထားသည့် ယာဉ်အမှတ် BGO 6R/8847 ၊ Spark (အဖြူရောင်) ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ စက်တင်ဘာလ (၁၃) ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၄၉) ရပ်ကွက်တွင်နေထိုင်သည့် ဆယ်အိမ်မှူး ဦးနိုင်လင်းအား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သည့် တရားခံများဖြစ်သော ဟိန်းထက်အောင်(ခ)ဈာန်ရဲ (၁၉)နှစ်၊ သန့်ဇင်(၁၆)နှစ်နှင့် အောင်ကိုဦး (၁၆)နှစ် တို့ သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများအားလိုက်လံဖမ်းဆီးခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁)ရပ်ကွက်အတွင်း အောင်အောင်ဦး (၂၁)နှစ်၊ ငြိမ်းချမ်းဖြိုး(ခ)ချမ်းဖြိုး(၂၁) နှစ်၊ အောင်ကိုထွေး(ခ)ဘာဘူ(၁၉)နှစ်၊ ခန့်သူရိန် (၁၆)နှစ်နှင့် ကြယ်စင်နှင်းဝေ (ခ) ကြယ်စင်(၁၄) နှစ် နှင့် အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ အလယ်ဗဟိုလမ်း၊ အမှတ်(၃၉၃)တွင် ဝေယံဖြိုး (၁၇)နှစ် တို့အား ထပ်မံဖမ်းဆီးမိခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းတို့၏ထွက်ဆိုချက်များအရ ဇူလိုင်လ (၂၅) ရက်တွင် မရမ်းကုန်း မြို့နယ်၊ (၃)ရပ်ကွက်သို့ သွားရောက်ခဲ့ပြီး ဟိန်းထက်အောင်(ခ)ဈန်ရဲမှ ပြည်သူဦးမိုးကျော်စိုးအားသေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်မှု၊ ဩဂုတ်လ (၁) ရက်တွင် ငြိမ်းချမ်းဖြိုး နှင့် အောင်အောင်ဦးတို့မှ မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ ရစဖရုံးသို့သွားရောက်ခဲ့ပြီး လက်ပစ်ဗုံး (၂) လုံးအား ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ များထိခိုက်ဒဏ်ရာရရှိခဲ့မှု၊ စက်တင်ဘာလ (၁၁) ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ပန်းတစ်ရာ လက်ဘက်ရည်ဆိုင်သို့ သွားရောက်ခဲ့ပြီး အောင်ကိုဦး မှ လက်ဘက်ရည်သောက်နေသည့် ပြည်သူ ဦးစိန်သောင်းအား သေနတ်ဖြင့် (၄) ချက်ပစ်ခတ်ခဲ့သဖြင့် အသက်အန္တရာယ်ရှိခဲ့မှုနှင့် စက် တင်ဘာလ (၁၃) ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၄၉)ရပ်ကွက်သို့ သွားရောက်ခဲ့ပြီး သန့်ဇင်မှ ပြည်သူဦးနိုင်လင်းအား သေနတ်ဖြင့် (၆) ချက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့မှုတို့ကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖမ်းဆီးရမိသူများထံမှ ယူနီဖောင်း (၅)စုံ၊ ဦးထုပ်(၂) လုံး၊ စစ်ဖိနပ် (၃) ရံ၊ Vest (၄) ထည်၊ ဖိုက်ဘာဦးထုပ်(၂ )လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ယင်းတို့သည် လှိုင်တက္ကသိုလ်နယ် မြေ၊ အုန်းတောဆောင်အနီးတွင် အကြမ်းဖက်နှင့် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုသည့် သေနတ်နှင့်လက်ပစ်ဗုံးများအား NUG နှင့် ချိတ်ဆက်ဆောင်ရွက်သည့် အာကာ (ဖမ်းဆီးရန်ကျန်)ထံမှ ရယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#NPNews

Related news

© 2021. All rights reserved.