မြန်မာအမျိုးသမီး ဘောလုံးသမားများထဲမှ ပထမဆုံး ပြည်ပထွက် ကစားခွင့်ရမယ့်အမျိုးသမီး ထွက်ပေါ်လာ

966

NP News - စက်တင်ဘာ ၂၆
မြန်မာအမျိုးသမီး ဘောလုံးသမားများထဲမှ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို အိန္ဒိယအမျိုးသမီးလိဂ်ရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ Gokulam Kerala FC (GKFC) အသင်းက ကာလတို စာချုပ်တစ်ရပ်နဲ့ ခေါ်ယူခဲ့ပါတယ်။
အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မြန်မာအမျိုးသမီး ဘောလုံးလက်ရွေးစင် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ဟာ
အိန္ဒိယကလပ်အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွက်တော့ ဒါဟာ မြန်ပထမဆုံး ပြည်ပထွက်ကစားတဲ့ အမျိုးသမီးဘောလုံးကစားသမားအဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အိန္ဒိယအမျိုးသမီးလိဂ် ချန်ပီယံအသင်းရဲ့ခေါ်ယူမှုနဲ့ပတ်သက်ပြီး ဝင်းသိင်္ဂီထွန်းက “ ကစားသမား သက်တမ်းမှာ India အသင်း နဲ့ ၄ ကြိမ်ဆုံခဲ့ဖူးတယ်။ တစ်ကြိမ်ထက် တစ်ကြိမ်ပိုပြီး ခက်ခဲတဲ့ ပြိုင်ဘက်အဖြစ်တွေ့ခဲ့ရတာပါ။ ပြည်ပထွက် ကစားခွင့်ရတဲ့ ပထမဆုံး အမျိုးသမီး ဘောလုံးသမားဖြစ်လို့ ဝမ်းသာတယ်။ ဂုဏ်လည်းယူပါတယ်။ မြန်မာအမျိုးသမီး ဘောလုံးသမားတွေမှာ ပြည်ပထွက် ကစားနိုင်တဲ့ ခြေစွမ်းတွေ အရည်အချင်းတွေ ရှိတယ်။ ပထမဆုံး ထွက်ကစားရတာဖြစ်လို့ နောက်ကလိုက်လာမယ့်လူတွေအတွက်ပါ အစွမ်းကုန်ကြိုးစား ကစားသွားမှာပါ ” လို့ ဝမ်းသာ ဂုဏ်ယူမိကြောင်း ပြောပါတယ်။
Gokulam Kerala FC အသင်းဟာ၂၀၁၉-၂၀၂ဝ အိန္ဒိယအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပြီး ၂၀၂၀-၂ဝ၂၁ ခုနှစ် ပြိုင်ပွဲကို ကိုဗစ်ကြောင့် မကျင်းပနိုင်ခဲ့တာဖြစ်တဲ့အတွက် 2021 AFC Women’s Club Championship အတွက် အိန္ဒိယနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒ့ါကြောင့် Gokulam Kerala FC အသင်းအနေနဲ့ အဆိုပါပြိုင်ပွဲအတွက် ရည်ရွယ်ပြီး မြန်မာတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ခေါ်ယူတာဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယအမျိုးသမီး ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲတွေကိုတော့ ၂၀၁၆-၂ဝ၁၇ ခုနှစ် ဘောလုံးရာသီမှာ အသင်း (၆) သင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၈-၂ဝ၁၉ ရာသီမှာတော့ အသင်းပေါင်း (၁၂) သင်းနဲ့ ပြောင်းလဲကျင်းပနိုင်ခဲ့ပါတယ်။ ၂၀၁၉-၂ဝ၂၀ ရာသီမှာတော့ နိုင်ငံခြားသားကစားသမား (၄) ဦးခေါ်ယူခဲ့ပြီး Gokulam Kerala FC အသင်းက နီပေါနဲ့ အိုင်ဗရီကို့စ် ကစားသမားတစ်ဦးစီ ခေါ်ယူစာချုပ်ခဲ့ပါတယ်။ Gokulam Kerala FC အသင်းကိုတော့ ၂၀၁၈ ဇန်နဝါရီမှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ အိန္ဒိယအမျိုးသမီးလက်ရွေးစင် ကစားသမား (၉) ဦးအထိ ပါဝင်ကစားနေတာပဲဖြစ်ပါတယ်။
#NPNews