ဒလန်ခေါင်းစဉ်ဖြင့် အပြစ်မဲ့ပြည်သူတစ်ရက်ပျမ်းမျှ(၃)ဦးခန့် အသတ်ခံနေရပြီး တစ်နှစ်ကြာလျှင် ထောင်ဂဏန်းအထိ အသတ်ခံရမှုဖြစ်သွားနိုင်

2064

Iris (NP News)- အောက်တိုဘာ ၃
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ တိကျသောအထောက်အထားမရှိဘဲ ဒလန်ဟုအမည်တပ်ကာ အကြမ်းဖက်သူများက အကြောင်းပြချက်မဲ့သတ်ဖြတ်ခဲ့သည့်ပြည်သူပေါင်း(၄၀၀)ကျော်ရှိလာခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီအာဏာသိမ်းမှုဖြစ်စဉ်အပြီး နိုင်ငံရးလှုပ်ရှားမှုများအပြင် လက်နက်ကိုင်တိုက်ခိုက်သည့် လုပ်ငန်းစဉ်များပါ ရှိလာခဲ့ချိန်တွင် သာမန်ပြည်သူများမှာ ဒလန်ဟူ၍သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ကြောင်းလည်း နေ့စဉ်နီးပါးတွေ့နေရသည်။ ဖေဖော်ဝါရီ(၁)ရက်မှ စက်တင်ဘာ(၂၇)ရက်အထိ ပြုစုထားသောစာရင်းဇယားတစ်ခုအရ အကြမ်းဖက်သမားများက အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ် ဗုံးခွဲ၊ မီးရှို့ဖျက်ဆီးခြင်း အစရှိသည့်လုပ်ရပ်ပေါင်းမှာ ထောင်ဂဏန်းမက ရှိနေပြီး ဒလန်ဟုခေါင်းစဉ်ဖြင့်လူသေဆုံးမှုမှာ (၄၀၆)ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ စာရင်းအရ လက်နက်ကိုင်အကြမ်းဖက်ကြသူများ၏ လက်ချက်ကြောင့် မြို့နယ်ပေါင်း(၁၀၅)မြို့နယ်တွင် ရဲစခန်း(၁၁၆)ခု၊ ရဲကင်း(၄၆)ခု၊ ရုံး(၂၈)ရုံး အဆောက်အဦး(၅၈)လုံးပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းအပြင် မီးရှို့ဖျက်ဆီးမှုများကြောင့် မြို့နယ်ပေါင်း(၁၈၃)မြို့နယ်တွင် ဌာနဆိုင်ရာရုံးအဆောက်အအုံပေါင်း(၃၇၅)လုံးပျက်စီးခဲ့ကြောင်းလည်း ဖော်ပြထားသည်။ ခိုင်မာသောအထောက်အထားမရှိဘဲ ဒလန်ဟူ၍ ခေါင်းစဉ်တပ်ကာ ဥပဒေမဲ့၊ စာနာစိတ်မဲ့စွာသတ်ဖြတ်ပစ်ခဲ့သည့် လူဦးရေ(၄၀၆)ဦးအထိ ရှိခဲ့ပြီး ဒဏ်ရာရသူမှာ(၂၈၅)ဦး ရှိခဲ့သည်။ ယင်းစာအရင်းအရ ဒလန်များကိုသတ်ပစ်ရမည်၊ မျိုးဆက်ပါမချန်၊ ကလေးငယ်ပါမချန်ဘဲ သတ်ပစ်ရမည်ဟု အကြမ်းဖက်များက ကြွေးကြော်ခဲ့သော မေလခန့်မှစ၍ ရက်ပေါင်း(၁၅၀)ကျော်အတွင်း တစ်ရက်လျှင် သုံးဦးခန့်အသတ်ခံနေရသည့်သဘောမျိုးဖြစ်နေသည်ကို တွေ့ရသည်။ ယင်းနှုန်းအတိုင်းသာ ရှေ့ဆက်နေပါက တစ်နှစ်အတွင်း လူဦးရေထောင်ချီအသတ်ခံရဦးမည့်သဘောမျိုးဖြစ်နေပြီး အဆိုပါပြည်သူများမှာလည်း ဒလန်ဟူ၍ အတင်းအကြပ်စွပ်စွဲခံနေရဦးမည့်သဘောမျိုးလည်း ဖြစ်နေသည်။ အကြမ်းဖက်ကြသူများ၏ လက်လုပ်ဗုံး/လက်ပစ်ဗုံးဖြင့်ပစ်ခတ်ဖောက်ခွဲမှုစာရင်းအရ မြို့ပေါင်း(၃၇၂)ခုတွင် အကြိမ်ရေ(၂၄၆၀)အထိ ရှိခဲ့ပြီး တူမီးသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်ပေါင်း(၃၄၀)ကြိမ်အထိ မြို့နယ်ပေါင်း(၁၃၄)မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ ယင်းအပြင် မြို့နယ်(၂၆)မြို့နယ်၌ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှု(၃၄)ကြိမ်၊ မြို့နယ်(၄၂)ခုတွင် လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးခဲ့မှု(၅၆)ကြိမ် ရှိခဲ့ကြောင်းလည်း သိရသည်။
စက်ရုံ၊ အလုပ်ရုံနှင့် စူပါမားကက်များကို မီးရှို့ဖျက်ဆီးမှုအဖြစ်လည်း မြို့နယ်(၁၄)ခုတွင် (၃၁)ကြိမ်ထက်မနည်း ရှိခဲ့ပြီး လူနေအိမ်နှင့် အခြားပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့မှုအကြိမ်ရေ(၃၄၉)ကြိမ်ကို မြို့နယ်ပေါင်း(၁၂၆)မြို့နယ်၌ ကျုးလွန်ခဲ့ကြသည်ဟု သိရသည်။ အဆိုပါစာရင်းအရ လက်ရှိအုပ်ချုပ်နေသော နစက လုံခြုံရေးတပ်သားများနှင့် တာဝန်ရှိခေါင်းဆောင်များထက် အကြမ်းဖက်သမားများက လက်ဦးမှုရယူနေသည့်သဘောမျိုးဖြစ်နေပြီး နိုင်နင်းပြတ်သားစွာကိုင်တွယ်မှုနှင့် ညှာတာမှုမထားရမည့်အပိုင်းတို့ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။