နာမည်ကျော်ကိုရီးယားမင်းသားချောကို အရယူနိုင်ခဲ့တဲ့ ပရိသတ်မိန်းကလေး

1118

ဝတီ (NP News) - အောက်တိုဘာ ၅
ဒီတစ်ခေါက်မှာတော့ ကိုယ်သိပ်ကြိုက်တဲ့ နာမည်ကျော်ကိုရီးယားမင်းသားချောကို အရယူနိုင်ခဲ့တဲ့ ပရိသတ်မိန်းကလေးတစ်ယောက်အကြောင်းတင်ဆက်သွားပါမယ်။ ဒီမိန်းကလေးက ဘယ်သူလဲ၊ ဘယ်ကလဲ၊ နာမည်ကျော်ကိုရီးယားမင်းသားချော လီဂျီဟွန်း (Lee Ji Hoon )ကို ရအောင်သူ ဘယ် လိုတွေလုပ်ခဲ့သလဲဆိုတာကြည့်လိုက်ကြရအောင်ပါ။
တောင်ကိုရီးယား ရုပ်ရှင်မင်းသားလည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ လီဂျီဟွန်းဟာ ၂ဝဝ၈ ခုနှစ်မှာထွက်တဲ့ You Are My Destiny ဆိုတဲ့ဇာတ်ကားနဲ့ အထူးထင်ရှားပါတယ်။ အဲဒီဇာတ်ကားမှာ သူက ကမ္ဘာကျော် Girls’ Generation အဖွဲ့ဝင်ဖြစ်တဲ့ YoonA (ယွန်းအာ) နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် လီဂျီဟွန်းဟာ ဂီတနောက်ခံဇာတ်ကားတွေဖြစ်တဲ့ Excalibur နဲ့ Kinky Boots ဆိုတဲ့ဇာတ်ကားတွေကြောင့်လည်း လူသိများထင်ရှားပါသေးတယ်။ ဒီအဆိုတော်မင်းသားကို ၂ဝ၂၁ ခုနှစ်မှာ အာရှတလွှားကပရိသတ်တွေ အရမ်းစိတ်ဝင်စားနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက သူ့ပရိသတ်ကောင်မလေးတစ်ယောက်နဲ့ဒီနှစ်ထဲမှာလက်ထပ်လိုက်လို့ပါပဲ။ သူဟာ သူ့ချစ်သူမိန်းကလေးဖြစ်လာတဲ့ပရိသတ်ကောင်မလေး မူရာအေယန်း (Miura Ayane) နဲ့ လက်ထပ်စာချုပ်မှာ ဒီနှစ်ထဲလက်မှတ်ထိုးလိုက်ပြီးအတူလည်း နေနေကြပါပြီ။ သူတို့ဟာမင်္ဂလာပွဲကို ကိုဗစ်-19 ကြောင့် နောက်ဆုတ်လိုက်ရပါတယ်။ မင်္ဂလာပွဲကို ၂ဝ၂၁ ခုနှစ် အောက်တိုဘာလကျမှ ကျင်းပဖို့ စီစဉ်ထားကြပါတယ်။

နာမည်ကျော် ရုပ်ရှင်မင်းသားက သူ့ပရိသတ်ကောင်မလေးနဲ့ ယူမယ်ဆိုတဲ့အချက်သာမက၊ ကောင် မလေးက သူ့ထက်အသက်(၁၄)နှစ်တောင်ငယ်နေတယ်ဆိုတဲ့အချက်ကြောင့်ပါ သူတို့အချစ်ဇာတ် လမ်းဟာ အရမ်းလူစိတ်ဝင်စားခံနေရပါတယ်။ သူတို့ ဘယ်လိုချစ်သွားကြတာလဲ၊ ဘယ်လိုဖူးစာပါသွားကြတာလဲဆိုတာကိုလူတွေက အရမ်းသိချင်လာကြတာပေါ့။ ဇာတ်လမ်းက ဒီလိုပါ။ တိုကျိုမြို့မှာနေတဲ့ဂျပန်နိုင်ငံသူအေယန်းဟာ သူ့အမေကြောင့် ကိုရီးယားဇာတ်ကားတွေ ကြိုက်လာပါတယ်။ သူ့အမေကကိုရီးယားမင်းသားတွေထဲမှာ လီဂျီဟွန်းကို အသည်းစွဲပါပဲ။ အမေကြည့်သမျှ
ကိုရီးယားကားတွေ လိုက်ကြည့်ရင်း အေယန်းလည်း လီဂျီဟွန်းကို ကြိုက်လာပါတော့တယ်။ ဒါနဲ့ သူလည်း ကိုရီးယားဘာသာစကားကို စပြီးလေ့လာပါတော့တယ်။ နောက်ဆုံးမှာတော့ သူက တောင်ကိုရီးယားမှာ ဘာသာပြန်အလုပ်လုပ်ရင်းကောလိပ်သွားတက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တောင်ကိုရီးယားမှာ ကောလိပ်တက်တုန်းကဆို သူကဂီတပွဲတွေသွားကြည့်ပါတယ်။ သူသိပ်ကြိုက်တဲ့လီဂျီဟွန်းက အဆိုတော်လည်းဖြစ်တယ်ဆိုတော့ လီဂျီဟွန်းပါတဲ့ ပွဲတွေဆိုသူက မလွတ်တမ်း သွားကြည့်တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့အသိတစ်ယောက်ကလီဂျီဟွန်းနဲ့ သိပါသတဲ့။ ဒါနဲ့ ပွဲတစ်ပွဲအပြီးမှာတော့ အဲဒီအသိကသူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ပွဲပြီးလို့ အားလုံးအတူသွားပြီး စားကြသောက်ကြတော့ အဲဒီကျမှ အေယန်းဟာ သူသိပ်ကြိုက်တဲ့မင်းသား
လီဂျီဟွန်းနဲ့ ကောင်းကောင်းစကားပြောခွင့်ရသွားပါတော့တယ်။ သူတို့နှစ်ယောက်ဟာဖုန်းနံပါတ်တွေ အပြန်အလှန်ပေးကြပါတယ်။ စားပြီးသောက်ပြီးလို့ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ခွဲခွာလိုက်ရင် အဲဒါတွေပြီးသွားရမှာဆိုပေမယ့် အေယန်းက လီဂျီဟွန်းကို ကျေးဇူးတင်စကား ကောင်းကောင်းပြောချင်ပါသေးတယ်။
လီဂျီဟွန်းကြောင့် သူကိုရီးယားဘာသာစကားလေ့လာဖြစ်၊တောင်ကိုရီးယားကို အရောက်လာဖို့ ကြိုးစားဖြစ်သွားပြီး သူ့ဘဝ တစ်ဆစ်ချိုးပြောင်းလဲသွားရတဲ့အတွက် သူကလီဂျီဟွန်းကို နောက်တစ်ခါ ထပ်တွေ့ပြီးကျေးဇူးတင်ချင်တာပါ။ သူသာ လီဂျီဟွန်းကို စွဲစွဲလမ်းလမ်း မကြိုက်ဘူးဆိုရင်
ကိုရီးယားဘာသာစကားအတွက် အဲဒီလို ကြိုးစားအားထုတ်ဖြစ်မှာမဟုတ်ဘူးလေ။ အဲဒါနဲ့ သူက ထမင်းအတူတူထွက်စားဖို့ လီဂျီဟွန်းကို ဖုန်းလှမ်းဆက်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ မင်းသား လီဂျီဟွန်းက ဖုန်းပျောက်သွားတဲ့အတွက် ဖုန်းဆက်လို့မရခဲ့ပါဘူး။ ဒါပေမဲ့ သူကလက်မလျှော့ဘဲ ဒုတိယအကြိမ် ဖုန်းထပ်ဆက်ပါတယ်။ ဒါပေမဲ့လည်း အဲဒီအချိန်တုန်းက လီဂျီဟွန်းက နေမကောင်းဖြစ်နေပါတယ်။ တတိယအကြိမ် သူထပ်ကြိုးစားကြည့်တော့ လီဂျီဟွန်းကတွေ့ဖို့ လက်ခံလိုက်ပါတယ်။ဒါပေမဲ့ သူတို့ တွေ့ဖို့ချိန်းထားတဲ့နေရာ အနီးတဝိုက်မှာ ကိုဗစ်-19 အတည်ပြုလူနာ တွေ့တဲ့အတွက် သူတို့လည်းချိန်းထားတဲ့ကိစ္စကို ဖျက်လိုက်ပါတော့တယ်။ နောက်ဆုံးအကြိမ် ထပ်ကြိုးစားကြည့်ဦးမယ်လို့ စိတ်ပိုင်းဖြတ်ပြီး အေယန်းကလီဂျီဟွန်းနဲ့ တွေ့ခွင့်ရဖို့ စတုတ္ထအကြိမ်မြောက် ဖုန်းထပ်ဆက်ပြန်ပါတယ်။ အဲဒီအခါကျမှ သူတို့နှစ်ယောက် တွေ့ဖြစ်သွားကြတာပါ။

ဒီကောင်မလေး ဘာကြောင့် သူနဲ့ဒီလောက်တောင် အသည်းအသန်တွေ့ချင်နေတာလဲဆိုတာ မသိလို့ အေယန်းနဲ့တွေ့ဖို့ တွန့်ဆုတ်နေခဲ့တာလို့ လီဂျီဟွန်းက နောက်ပိုင်းမှာ ပြောပြပါတယ်။ ဒါပေမဲ့
သူ့ကို ကျေးဇူးတင်ချင်လို့ တွေ့ချင်တာပါလို့သာ အေယန်းက အစောကြီးကတည်းကပွင့်ပွင့်လင်းလင်း ပြောပြခဲ့မယ်ဆိုရင် သူချက်ချင်းလက်ခံတွေ့ဆုံခဲ့မှာပါလို့ လီဂျီဟွန်းကဆက်ပြောပြပါတယ်။ သူက နာမည်ကြီး အဆိုတော်မင်းသားဖြစ်နေတော့ ဒီလိုပဲအဖက်ဖက်က တွေးရမှာပေါ့လေ။ လွယ်လွယ်နဲ့ လက်မလျှော့တတ်တဲ့ညာဉ်ကို သဘောကျတဲ့အတွက် နောက်ဆုံးမှာတော့ သူကအေယန်းနဲ့ တွေ့ဖို့ သဘောတူလိုက်တာပါ။ အဲဒီနေ့အေယန်းတဲ့တွေ့တဲ့အချိန်မှာပဲ အေယန်းရဲ့အလှမှာသူ နစ်မျောသွားပါတော့တယ်။ ` အေယန်းက ချောတဲ့၊ လှတဲ့အပြင် ထက်မြက်တယ်၊ ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲသူများအတွက်ကြည့်ပေးတတ်တယ်။ ကျွန်တော်လုပ်တာ ဘာမှားနေလဲဆိုတာ မြင်တတ်ပြီး အဲဒီအမှားတွေကို ဘယ်လိုပြင်ရမယ်ဆိုတာလည်း အကြံကောင်း၊ ညာဏ်ကောင်းတွေ ပေးတတ်တယ်` လို့ အေယန်းနဲ့ပတ်သက်ပြီးလီဂျီဟွန်းက မီဒီယာတွေကို ပြောပြပါတယ်။
ရည်းစားသက်တမ်း တစ်နှစ်အကြာမှာတော့ သူတို့က လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အေယန်းကို အပျော်တွဲတာ မဟုတ်ဘဲ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာလို့ လီဂျီဟွန်းက သူငယ် ချင်းတွေကို ပြောဖူးပါတယ်။ လီဂျီဟွန်းက အသက် (၄၂) နှစ်ရှိပြီဖြစ်ပါတယ်။ အေယန်းက အသက် (၃ဝ) မပြည့်ခင် လက်ထပ်ချင်တယ်လို့ ပြောတဲ့အတွက် အေယန်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ ဒီနှစ်ထဲ လက်ထပ်ဖို့ဆုံးဖြတ်လိုက်တာလို့ မင်းသားကဆိုပါတယ်။ အေယန်းဟာ ၁၉၉၃ ခုနှစ်မှာ မွေးတာပါ။ နိုင်ငံရပ်ခြားက သာမန်ပရိသတ်မိန်းကလေးဖြစ်တဲ့ အေယန်းဟာ အခုတော့ သူ သိပ်ကြိုက်တဲ့ ကိုရီးယားမင်းသားချောနဲ့ ရွှေလက်တွဲခွင့် ရသွားပါပြီ။
#NPNews