မြန်မာကမ်းခြေစောင့်တပ်ဖွ့ဲကို ရေတပ်ဗိုလ်မှူးချုပ်တစ်ဦးက ညွှန်ချုပ်တာဝန်ယူပေးခြင်းဖြင့် စတင်ဖွဲ့စည်း

2013

Iris (NP News) - အောက်တိုဘာ ၇
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို တပ်မတော်ရေမှ ဗိုလ်မှူးချုပ်တစ်ဦးအား ညွှန်ချုပ်တာဝန်ဖြင့် ဦးဆောင်စေကာ အောက်တိုဘာ(၆)ရက်မှစ၍ စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကမ်းခြေစောင့်တပ်ဖွဲ့ စတင်ဖွဲ့စည်းခြင်းနှင့် တပ်တော်ဝင်အခမ်းအနားကို သီလဝါဆိပ်ကမ်း၌ အောက်တိုဘာ(၆)ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်အသိအမှတ်ပြုပေးခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရသည်။ အဆိုပါ ကမ်းခြေစောင့်တပ်ဖွဲ့သည် တပ်မတော်ရေမှပြုစုပျိုးထောင်ပေးလိုက်ခြင်းဖြစ်သော်လည်း တပ်မတော်ရေ၏အုပ်ချုပ်မှုအောက်တွင်မဟုတ်ဘဲ ကာကွယ်ရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်မှနေ၍ ဦးစီးဌာနဆန်ဆန် ရုံးလုပ်ငန်းများကိုပါဆက်စပ်ပေါင်းစပ်လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။ “ ညွှန်ချုပ်အဖြစ်ကတော့ ဗိုလ်ချုပ်(ဗိုလ်မှူးချုပ်) ကိုကိုကျော်က တာဝန်ယူသွားရလိမ့်မယ်လို့ ကျွန်တော်တို့ အကြမ်းဖျင်းသိထားပါတယ် ” ဟု တပ်မတော်ရေမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ ညွှန်ချုပ်နှင့်အတူ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်အင်အားက ရာဂဏန်းရှိမည်ဖြစ်ပြီးနောက်ပိုင်းတွင် ကိုယ်ပိုင်ဌာနကိုအဆင့်မြှင့်တင်ပျိုးထောင်မှုများ ဆက်လက်လုပ်ဆောင်သွားရလိမ့်မည်ဖြစ်ကြောင်းလည်း သိရသည်။ နိုင်ငံတကာမှ ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် လုပ်ငန်းပိုင်ဆိုင်ရာချိတ်ဆက်လုပ်ဆောင်မှုများ ရှိလာမည်ဖြစ်ပြီး မြန်မာ့ကမ်းလွန်ပင်လယ်အထိ အမှုအခင်းပြသနာများကို ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဖြစ်ကြောင်းလည်း သိရသည်။ “ တပ်တော်ဝင်လွှဲပြောင်းပေးလိုက်တဲ့ စစ်သင်္ဘောလေးစင်းက နှစ်(၂၀)ကနေ (၃၀)ကြား အတွေ့အကြုံရှိတဲ့ သင်္ဘောတွေပါ။ နောက်ပိုင်းမှာတော့ တပ်မတော်ရေနဲ့ပေါင်းစပ်ပြီး စစ်သင်္ဘောတွေထပ်မံဖြည့်တင်းတာမျိုးဖြစ်လာနိုင်ပါတယ် ” ဟု အဆိုပါအရာရှိက ပြောသည်။ ကမ်းခြေစောင့်တပ်ဖွဲ့တွင် စစ်သင်္ဘောလေးစင်းရှိထားပြီး အဆိုပါစစ်သင်္ဘောများဖြင့် မြန်မာ့ကမ်းရိုးတန်းပိုင်နက်ရေပြင်များကို ကာကွယ်စောင့်ရှောက်မှုများ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် အမှုအခင်းရေးရာများကို အဓိကကိုင်တွယ်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏မိန့်ခွန်းတွင်မူ စစ်မက်ရေးရာများဖြစ်လာချိန်တွင် အထောက်အကူပြုနိုင်စေရန်လည်း ရည်ရွယ်သည်ဟု ဖော်ပြထားသည်။
ကမ်းခြေစောင့်တပ်ဖွဲ့၏ ရုံးစိုက်ရာဌာနကိုလည်း တပ်မတော်ရေပိုင်ဆိုင်ခဲ့သော ရေတပ်ဌာနချုပ်တစ်ခုခုကိုလွှဲပြောင်းပေးသွားနိုင်ခြေရှိနေပြီး စီမံခန့်ခွဲမှုအပိုင်းကိုမူ တပ်မတော်ရေအောက်မှ ဖြည်းဖြည်းချင်းအသွင်ပြောင်းလဲသွားလိမ့်မည်ဖြစ်ကြောင်းလည်း သိရသည်။