အကယ်၍ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုရင် ... (မေးခွန်း)

 6388

(ဂျပန်သတင်းဌာနနှင့် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ အင်တာဗျုး)
NP News - အောက်တိုဘာ ၁၆
ဂျပန်သတင်းမီဒီယာ(မိုင်နိချိ) နှင့် နစကသတင်းမှန်ပြန်ကြားရေး ဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်း တို့ တွေ့ဆုံ မေးမြန်းထားမှု အမေး/ အဖြေများကို ပြန်လည်ရေးသားဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

မေး။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ကနေ ပြောကြားခဲ့တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲရဲ့ မသမာမှုနဲ့ ပတ်သက်ပြီး သေချာအောင် ရှင်းရှင်းလင်းလင်း သိပါရစေ။ ပြီးတော့ အဲဒါနဲ့ပတ်သက်တဲ့သက်သေတွေကို ပြော ပြပေးပါ။ ဂျပန်အပါအဝင် နိုင်ငံတကာလေ့လာသုံးသပ်သူတွေကတော့ ဒီရွေးကောက်ပွဲက မျှတစွာကျင်းပခဲ့ တယ်လို့ ပြောပါတယ်။ အဲဒါကို ဘယ်လိုမျိုးများ ပြန်လည်ငြင်းချက်ထုတ်ချင်ပါသလဲ။
ဖြေ။ ။ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိလား/ မရှိလားဆိုတာကို ရွေးကောက်ပွဲကျင်းပတဲ့ တစ်ရက်တည်းကို ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာကို ဦးစွာအသိပေးလိုပါတယ်။ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးကာလ(၃) ခုလုံးရဲ့အခြေအနေတွေ၊ ဖြစ်ပျက်ခဲ့တာတွေကို သိစေလိုပါတယ်။ ဒါတွေပြောရမှာ ဖြစ်လို့ ရှင်းပြတာ နည်းနည်းတော့ရှည်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီ စနစ်ကိုသွားခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားနိုင်ဖို့ အခြေခံဥပဒေကို တပ်မတော်အစိုးရက ဦးဆောင်ပြီး လူထုလူတန်းစား ကိုယ်စားလှယ်(၇ဝဝ) ကျော်နဲ့ဆွေးနွေးရေးဆွဲခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ USDP က နိုင်တယ်။ USDP အစိုးရ လက်ထက်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဘယ်လောက်အောင်မြင်ခဲ့တယ်ဆိုတာ နိုင်ငံတကာက သိပါ တယ်။ ၂ဝ၁၂ ခုနှစ်မှာတော့ NLD ပါတီက တောင်းဆိုခဲ့တာနဲ့ အခြားနိုင်ငံရေးပါတီတွေ တောင်းဆိုခဲ့တာတွေကို ထည့်စဉ်းစားပြီး NLD ပါတီ ရွေးကောက်ပွဲဝင်နိုင်ရေး ရွေးကောက်ပွဲဥပဒေကို ကျွန်တော်တို့ပြင်ဆင်ပေးခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ အများစုနိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာပါတယ်။ လွှတ်တော်ကော်မတီတစ်ခုမှာ ဥက္ကဋ္ဌအဖြစ် နေရာပေးခဲ့တယ်။ ဒါ သမိုင်းကြောင်းပဲ။ ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်က NLD ပါတီကို နေရာမပေးဘူးဆိုရင် ဒီလိုလုပ်ငန်းတွေ ဘယ်လိုလုပ်မှာလဲ။
၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ လုပ်တယ်။ NLD နိုင်တယ်။ ပြည်တွင်းပြည်ပ နိုင်ငံရေးအဖွဲ့တွေက NLD ပါတီကို အာဏာလွှဲမပေးမှာ စိတ်ပူကြတယ်။ အာဏာလွှဲပြောင်းရေးအစီအစဉ် ဘယ်လောက်အထိ ချောမွေ့ခဲ့ သလဲဆိုတာ မျက်မြင်ပါပဲ။ ၂ဝ၁၅ ခုနှစ်ကနေ ၂ဝ၂ဝ ပြည့်နှစ်အထိ တပ်မတော်အနေနဲ့ NLD အစိုးရရဲ့အုပ်ချုပ် မှုမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ထောက်ပြပြောဆိုမှုအရ ပြုလုပ်ခဲ့တာကလွဲလို့ အစိုးရဲ့လုပ်ဆောင်မှုတွေမှာ ပါဝင်လုပ် ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ပတ်သက်ပြီး NLD ပါတီ အစွန်းရောက်တွေရဲ့ဝေဖန်မှုတွေ၊ နိုင်ငံတော် လုံခြုံရေးအတွက် ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ဖျက်လိုက်တာတွေ၊ လွှတ်တော်မှာ ဘယ်လိုလုပ်ခဲ့သလဲဆိုတဲ့ မှတ်တမ်းတွေ ပြန်ကြည့်ရင်သိနိုင်ပါတယ်။ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်ချက်တွေ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တာမှာ ရွေးကောက်ပွဲမစခင်ကတည်းက လုပ်ခဲ့တာပါ။ ဥပမာ- ရွေး ကောက်ပွဲမဲလက်မှတ်တွေမှာ မဲပေးတဲ့အမှတ်အသားထင်အောင် ဖယောင်းသုတ်ထားတယ်ဆိုတာမျိုးက စလို့ ပေါ့။ ဒါက ဥပမာအနေနဲ့ ပြောပြတာပါ။ ဒါ့ကြောင့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မဲလက်မှတ်တွေ နှိပ်တာကစပြီး UEC က နိုင်ငံရေးပါတီအားလုံးကိုဖိတ်ခေါ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်အားလုံးကို ခေါ်ပြခဲ့တယ်။ အစစ်ခံခဲ့တယ်။ ရွေးကောက်ပွဲကာလ၊ အပြီးကာလတွေမှာလည်း နိုင်ငံရေးပါတီ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေကိုလည်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖြေရှင်းပေးခဲ့ပါတယ်။ မဖြေရှင်းနိုင်တာ ဘာမှမရှိခဲ့ပါ ဘူး။
ခု ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီတွေက မဲလက်မှတ်တွေ ဘယ်မှာရိုက်တယ်၊ ဘယ်လော က်ရိုက်တယ်၊ စစ်ဖို့တောင်းခဲ့တယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကြည့်ဖို့ တောင်းခဲ့တယ်။ ခွင့်မပြုခဲ့ပါဘူး။ ရွေးကော က်ပွဲ မတိုင်မီကတည်းက NLD ပါတီကလွဲလို့ အခြားနိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကို ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်းပြပြီး ကန့်သတ်မှုတွေအမျိုးမျိုးလုပ်ခဲ့ပါတယ်။ NLD ပါတီအနေနဲ့ကတော့ လူစု၊ လူဝေးနဲ့ လှည့်လည်စည်းရုံးခွင့်တွေကို လွတ်လွတ်လပ်လပ်ပြုလုပ်ခဲ့ပါတယ်။ အစိုးရပိုင်း မြန်မာ့အသံနဲ့ရုပ်မြင်သံကြားမှာ အခြားပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကို ဆင်ဆာဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် အချို့နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးစကားတောင်မပြောဘဲ သပိတ်မှောက်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာရှိတဲ့ မြို့ပေါင်း(၉ဝ) မှာ ရွေးကောက်ပွဲအတွက် NLD ပါတီရဲ့လုပ်ရပ်တွေကို ဆန္ဒပြမှုပေါင်း(၂ဝဝ) လောက်ရှိခဲ့ပါတယ်။ မီဒီယာပိုင်းမှာ လည်း တစ်ဖက်သတ်နှိပ်ကွပ်ထားလို့ ဒါတွေကို မီဒီယာတွေနဲ့ နိုင်ငံတကာက မသိခဲ့ပါဘူး။
ရွေးကောက်ပွဲမတိုင်မီကာလမှာ ဖြစ်ပေါ်နေတဲ့ ဥပဒေနဲ့မညီညွတ်မှု၊ တရားမျှတခြင်းကင်းမဲ့မှု၊ ချို့ယွင်းအားနည်း ချက်တွေကို တပ်မတော်အနေနဲ့ ရွေးကောက်ပွဲမတိုင်မီ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ(၂) ရက်မှာ “၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်” ကို တရားဝင် ထုတ်ပြန်သတိပေး၊ အသိပေးခဲ့ပါတယ်။ အဲဒီအထဲမှာ ဥပဒေနဲ့ မညီညွတ်တာတွေအနေနဲ့ လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)၊ ပုဒ်မ ၃၉၉ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်များမှာ “ ရွေးကောက်ပွဲဆိုင်ရာ (သို့မဟုတ်) နိုင်ငံရေးပါတီဆိုင် ရာနည်းဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သော်လည်းကောင်း၊ လုပ်ထုံးလုပ်နည်း များ၊ ညွှန်ကြားချက်များ စသည်များကို သက်ဆိုင်ရာဥပဒေများနှင့်အညီသော်လည်းကောင်း ထုတ်ပြန်ခြင်း” လို့ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အမိန့် ကြေညာစာတွေ၊ အမိန့်နဲ့ညွှန်ကြားချက်တွေ ထုတ်ပြန်ရာမှာ တည်ဆဲဥပဒေများအပေါ်အခြေခံပြီး လုပ်ဆောင်ရ မှာဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲ အကြိုကာလအတွင်းမှာ နိုင်ငံရေးပါတီတွေရဲ့တရားဝင်ထုတ်ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲ၊ မီဒီယာများသို့ပြောကြားချက်၊ သတင်းဖော်ပြချက်တွေမှာ ကြိုတင်ဆန္ဒမဲကောက်ယူ ခြင်းမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်တာတွေ၊ ချိုးဖောက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအတွက် သက်သေအမြောက်အမြားရှိပါတယ်။ NLD ပါတီဝင်တွေ၊ စည်းရုံးရေးမှူးတွေ ကိုယ်တိုင် ကြိုတင်ဆန္ဒမဲကောက်တာတွေ၊ လမ်းလယ်ခေါင်မှာ မဲပေးတာတွေ တစ်ပုံကြီးပါ။ “ နိုင်ငံသားကတ်၊ မှတ်ပုံတင်မရှိဘဲ မဲပေးခွင့်ပြုခဲ့တာ” တစ်ပုံကြီးပါ။ ရွေးကောက်ပွဲအတွက် အထောက်အကူပြုအဖွဲ့ဆိုပြီး သူတို့ဖွဲ့ ခဲ့ပါတယ်။ အဲဒီအဖွဲ့ထဲမှာ NLD ပါတီ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်တွေက ပေးထားတဲ့ NLD ပါတီဝင်တွေကို ထည့်သွင်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုမျိုးလုပ်ခဲ့တဲ့၊ သူတို့တရားဝင်ထုတ်ခဲ့တဲ့ ညွှန်ကြားချက် စာရွက်စာတမ်းတွေကိုလည်း ကျွန်တော်တို့က သံတမန်တွေရဲ့ရှေ့မှာ၊ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တွေရဲ့ရှေ့မှာ ကျွန်တော်တို့အနေနဲ့ မူရင်းအတိုင်းပြသပြီးဖြစ်ပါတယ်။

တရားမျှတမှုကင်းတယ်ဆိုတာကတော့ ကျွန်တော်ခုနက ပြောခဲ့ပြီးပါပြီ။ တန်းတူညီမျှ မဲဆွယ်ခွင့်မရတာပဲဖြစ်ပါ တယ်။ ချို့ယွင်းအားနည်ချက်ဆိုတာကတော့ အထွေထွေပါပဲ။ မဲစာရင်းကို(၃) ကြိမ်ခန့် ထုတ်ပြန်ခဲ့တယ်လို့ သိရ ပါတယ်။ သို့သော် နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းကိုဝင်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တောင် မရခဲ့ပါဘူး။ လက်တွေ့မှာ ရွေးကောက်ပွဲပြင်ဆင်ဖို့အတွက် (၄) နှစ်ကျော်(၅) နှစ်နီးပါး အချိန်ရခဲ့တာ တောင် ကြိုတင်ဆန္ဒမဲလက်မှတ်ထည့်တဲ့ စာအိတ်တွေပေါက်နေတာကအစ ကြုံရပါတယ်။ ခင်ဗျားတို့ ဂျပန်မှာ ကြိုတင်မဲပေးတဲ့ မြန်မာတွေကိုယ်တိုင်ကြုံခဲ့လို့ စာအိတ်ကြီးကို ကိုင်ပြီး LIVE တောင် လွှင့်ပြခဲ့ပါသေးတယ်။

ရွေးကောက်ပွဲပြီးတဲ့အချိန်မှာတော့ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ လွှတ်တော်အမတ်လောင်းတွေက သူတို့ရွေးကောက်ပွဲဝင်ခဲ့တဲ့မြို့တွေရဲ့ မဲမသမာမှုတွေကို စာရင်းဇယား၊ သက်သေအထောက်အထားတွေနဲ့ တပ်မတော်ကို တင်ပြလာပါတယ်။ အဲဒီကတည်းကတိုင် မြို့နယ်တစ်ခုတည်းမှာပဲ မဲစာရင်းထပ်နေတာတွေ၊ နိုင်ငံ သားစိစစ်ရေးကတ်မရှိဘဲ မဲပေးတာတွေ၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းနဲ့(၃) ကြိမ်အထိ မဲစာရင်းထဲပါနေ တာတွေ တွေ့ရပါတယ်။ ဒါ့ကြောင့် နိုင်ဝင်ဘာလ(၃ဝ) ရက်မှာ တပ်မတော်က မဲစာရင်းအမှန်များ ကူးယူခွင့် တောင်းခံခဲ့ပါတယ်။ တပ်မတော်သားတွေလည်း ပြည်သူနဲ့အတူ မဲပေးခဲ့ပါတယ်။ သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေအရ မဲဆန္ဒရှင်များ၊ လွှတ်တော်အမတ်လောင်းများက မဲစာရင်းတောင်းရင် မိတ္တူကူးခ(၂၅) ကျပ်သွင်းပြီး မည်သူမဆို ကူးယူခွင့်ရှိရမှာဖြစ်ပါတယ်။ ဒါကို ဥပဒေနဲ့မညီဘူးဆိုပြီး ဒီဇင်ဘာလ(၇) ရက်မှာ UEC က တုံ့ပြန်ခဲ့ပါ တယ်။ တပ်မတော်အနေနဲ့ ဥပဒေအကြောင်းခြင်းရာအရ ပြည်လည်ဖြေရှင်းမှုကို ဒီဇင်ဘာလ(၁ဝ) ရက်မှာ ပြု လုပ်ခဲ့ပါတယ်။ မသိကျိုးနွံပြုခဲ့ပါတယ်။ သူတို့မှန်ရင် ဒီမဲစာရင်းပေးရမှာပေါ့။ ရိုးရိုးလေးစဉ်းစားကြည့်ရင် တွေ့နိုင် ပါတယ်။ ဒီကြားထဲမှာ တပ်မတော်အနေနဲ့ လွှတ်တော်အမတ်လောင်းအချို့ဆီက နောက်ဆုံးရရှိတဲ့ မဲစာရင်းတွေ နဲ့ တိုက်ဆိုင်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး တွေ့ရှိတဲ့ မဲမသမာမှုတွေကို မြို့နယ်အလိုက် ၂၃၊ ၁၂၊ ၂ဝ၂ဝ ရက် ကတည်းက နေ့စဉ်၊ အပတ်စဉ် ထုတ်ပြန်ခဲ့ပါတယ်။ UEC အနေနဲ့ ထပ်ပြီး မသိကျိုးနွံပြုခဲ့ပါတယ်။ ၁၁၊ ၁၊ ၂ဝ၂ဝ ရက်မှာတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂ဝ၃) ဦးက ဒီမဲစာရင်းတွေရှင်းလင်းဖို့ ပြည်ထောင်စုလွှတ်တော် နယက ကို လွှတ်တော်အရေးပေါ် အစည်းအဝေးခေါ်ယူဖို့ စုစည်းတောင်းဆို တင်ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်(၈၃) နဲ့ (၈၄) အရ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး(၄) ပုံ (၁) ပုံက တောင်းဆိုရင် လွှတ်တော်အရေးပေါ် အစည်းအဝေး ခေါ်ပေးရမှာဖြစ်ပါတယ်။ ဒါကိုလည်း မသိချင်ယောင် ဆက်ဆောင်ခဲ့ပါတယ်။

၂ဝ၊ ၁၊ ၂ဝ၂၁ ရက်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တွေ့ရှိချက်၊ တပ်မတော်ရဲ့သဘောထားကို တရားဝင်ထုတ် ပြန်ခဲ့ပါတယ်။ အဲဒီအချိန်ထိ မြို့နယ်ပေါင်း(၃၁၄) မြို့နယ်ကို စစ်ရာမှာ မြို့နယ်တစ်ခုချင်းအလိုက် မဲမသမာမှု ဖြစ်နိုင်တဲ့၊ ထပ်နေတဲ့ မဲစာရင်း (၂) သန်း (၉) သိန်းကျော်၊ မဲမသမာမှုဖြစ်နိုင်တဲ့ အခြားမဲစာရင်း (၄) သန်း(၆) သိန်း၊ စုစုပေါင်း(၇) သန်း (၆) သိန်းကျော်ရှိကြောင်း၊ နောက်မြို့နယ် တစ်ခုချင်းအလိုက် အပြန်အလှန်(Cross Check) စစ်ရာမှာလည်း မဲမသမာမှုဖြစ်နိုင်တဲ့၊ အပြန်အလှန်ပါနေတဲ့ မဲစာရင်း(၂) သိန်း(၅) သောင်းတွေ့ရ ကြောင်း၊ ဆက်ပြီး စစ်ဆေးနေတယ်လို့ ပြောခဲ့ပါတယ်။ အသက်(၁ဝဝ)နှင့်အထက် မဲစာရင်းမှာ ပါနေသူ (၁) သောင်း (၈) ထောင်၊ အသက်(၁၈) နှစ်မပြည့်ဘဲ ပါနေသူ(၁) သောင်း (၁)ထောင်၊ နိုင်ငံသားစိစစ်ရေးကတ်မရှိတဲ့ မဲစာရင်းပါသူ (၄) သန်း(၆) သိန်း၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်တူနေသူ(၂) သန်း(၉) သိန်း၊ သေဆုံးပြီး သူ(၆၁၃) ဦးပါနေတယ်ဆိုတာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒါတွေကိုဖြေရှင်းပေးဖို့ UEC ကို တောင်းဆိုခဲ့ပါတယ်။ လွှတ်တော်ကိုလည်း တောင်းဆိုခဲ့ပါတယ်။ လစ်လျူရှုခံရတယ်။
အခု “ဒီရွေးကောက်ပွဲဟာ တပ်မတော်အပါအဝင် အခြားသော နိုင်ငံရေးပါတီများအနေနဲ့ လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း ထုတ်ဖော်ပြနိုင်မယ်ဆိုရင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်စေမှာဖြစ်လို့ လက်ခံမယ်လို့ တရားဝင်ပြောခဲ့ပါတယ်။ “ဒါကြောင့် ရွေးကောက်ပွဲဖြစ်ကြောင်း ထုတ်ဖော်ပြနိုင်မယ်ဆိုရင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်စေမှာဖြစ်လို့ လက်ခံမယ်လို့ တရားဝင်ပြောခဲ့ပါတယ်” ဒါ့ကြောင့် ရွေးကောက်ပွဲကော်မရှင်(သို့မဟုတ်) လွှတ်တော်(သို့မဟုတ်) အစိုးရက ဖြေရှင်းပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ ဒါဟာ ခုနိုင်ငံတကာ ကပြောနေတဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းပဲဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်တွေကို ကျွန်တော်တို့တရားဝင်ထုတ်ပြန်ခဲ့တယ်။ ပုန်းလျှိုးကွယ်လျှိုး လုပ်တာမဟုတ်ဘူး။ ဒီလမ်းကြောင်းကို ပစ်ပယ်ခဲ့ တာ NLD အစိုးရပဲဖြစ်ပါတယ်။ ဇန်နဝါရီလ(၂၆) ရက်မှာ နိုင်ငံတကာသတင်းမီဒီယာ ပြည်တွင်း၊ ပြည်ပ အားလုံးကိုဖိတ်ပြီး မဲမသမာမှုတွေ့ရှိချက်တွေကို စာရင်းဇယား၊ စာအုပ်၊ ကွန်ပျူတာ၊ ပရိုဂျက်တာတွေနဲ့ ပြသခဲ့ တယ်။ မဲ မသမာမှုအရေအတွက် (၁ဝ) သန်း (၄) သိန်းရှိခဲ့တယ်။ စိတ်ကြိုက်စစ်ဆေးကြည့်ရှုခွင့်ပြုခဲ့တယ်။ ကမ္ဘာ သိအောင်ထုတ်ပြန်ခဲ့တယ်။ ၃ဝ၊ ၁၊ ၂ဝ၂၁ ရက်မှာ ကျွန်တော်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ သွား တော့မယ်လို့ သတင်းထုတ်ပြန်ခဲ့တယ်။ ဇန်နဝါရီလ(၃ဝ) ရက်မှာ မြန်မာနိုင်ငံထဲက အချို့သံရုံးတွေအနေနဲ့ ဒီ မဲမသမာမှုကို မသိချင်ယောင်ဆောင်နေပြီး ဝေဖန်လာလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်မှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၂) အရေးပေါ်ဆိုင်ရာပြဋ္ဌာန်းချက်အရ၊ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာထိန်းခဲ့ပါတယ်။ အသစ် ပြန်လည်ဖွဲ့စည်းခဲ့တဲ့ UEC နဲ့ မဲစာရင်းတွေကို စစ်ဆေးခဲ့ပါတယ်။ စာရင်းဇယားတင်မဟုတ်ဘဲ မြေပြင်မှာပါ စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ သက်သေအမြောက်အမြားရယူခဲ့ပါတယ်။ မဲမသမာမှု(၁၁) သန်းကျော်ရှိပါတယ်။ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ၂၇၊ ၈၊ ၂ဝ၂၁ ရက်မှာ သက်သေအထောက်အထားအမြောက်အမြားများစွာနဲ့ နိုင်ငံ တကာသံရုံးကိုယ်စားလှယ်တွေ၊ မီဒီယာတွေရှေ့မှာ ပြသခဲ့ပါတယ်။ စိတ်ကြိုက်ကြည့်ရှုခွင့်ပေးခဲ့ပါတယ်။ မဲ မသမာမှုဖြစ်နေတဲ့ မဲလက်မှတ်တွေကိုပါ ထုတ်ဖော်ပြသခဲ့ပါတယ်။ မဲမသမာမှုတွေ၊ မှားယွင်းမှုတွေရှိခဲ့တယ်ဆို တာကို ယခင် UEC အဖွဲ့ဝင်ဟောင်းတွေရဲ့ဝန်ခံချက်တွေကိုလည်း ကျွန်တော်သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း ဝန်ခံခဲ့ပါတယ်။ NLD အစိုးရရဲ့ရွေးကောက်ပွဲအပေါ် ဝင်ရောက်စွက်ဖက်မှု တွေကိုလည်း မူရင်းအတိုင်းခိုင်လုံစွာပြသခဲ့ပါတယ်။ သြဂုတ်လကုန်မှာပဲ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးက ရန်ကုန်မှာ နိုင်ငံတကာသံအမတ်တွေနဲ့တွေ့ပြီး သက်သေအထောက်အထားခိုင်ခိုင်လုံလုံနဲ့ ထပ်ပြီး ရှင်းပြခဲ့ပါတယ်။ ဒီထက်ပိုပြီး ကျွန်တော်တို့က ဘာကိုထပ်ပြီး သက်သေပြရမှာလဲ။ ရွေးကောက်ပွဲမတိုင်မီမှာ အသိပေး၊ သတိပေးခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးကာလမှာ တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ နည်းမျိုးစုံနဲ့ပြောခဲ့တယ်။ တွေ့ရှိချက်တွေကိုလည်း နိုင်ငံတကာကို ပြသခဲ့၊ ပြောခဲ့တယ်။ ခေါင်းဆောင်များအကြား ကိုယ်စားလှယ်များနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီမှာ ကျွန်တော်ပြောလိုတာ (၂) ခုပဲ ရှိတယ်။ နံပါတ်တစ် ကျွန်တော်တို့ပြောနေတာတွေက အရင်ကတည်းက မမှန်ဘူးဆိုရင် ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလကတည်းက ဘာလို့ မသိချင်ယောင်ဆောင် နေတာလဲ။ မဖြေရှင်းတာလဲ။ နံပါတ်နှစ် ဒီလိုသက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ပြနေတာကို ဘာ့ကြောင့် မသိချင်ယောင်ဆောင်တာလဲ။ ထပ်ကြည့်ချင်သေးရင်လာခဲ့ပါ။ လက်ရှိ UEC အနေနဲ့ သက်သေအထောက် အထားခိုင်ခိုင်လုံလုံနဲ့ ပြသဖို့အသင့်ရှိတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ဘာများလုပ်ဆောင်ဖို့ရှိပါသလဲ။ သူလွတ်မြောက်ရေးနဲ့ ပတ်သက်တဲ့အခြေအနေတွေနဲ့ ဖြစ်နိုင်ခြေတွေကကော ဘာတွေပါလဲ။ ဒါ့အပြင် NLD အမှုဆောင်အဖွဲ့ဝင်တွေကိုရော ဘယ်လိုများ ဆက်လက်လုပ်ဆောင်သွားမှာပါလဲ။ အကယ်၍ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုရင် လက်ရှိတာဝန်ရှိသူတွေအနေနဲ့ကလည်း အဲဒီဆုံးဖြတ်ချက်အတိုင်း လက်ခံမှာပါလား။
ဖြေ။ ။ ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်ပါမယ်။ တရားရင်ဆိုင်နေဆဲဖြစ်တဲ့အတွက် တရားရုံးရဲ့အဆုံး အဖြတ်ပါပဲ။ ဥပဒေကိုကျော်လွန်ပြီး လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ကျန်သူများအတွက်လည်း ဒီလိုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားစီရင်ရေးစနစ်ဟာ လွတ်လပ်တဲ့တရားစီရင်ရေးစနစ်ဖြစ်ပါတယ်။ နောက်တစ်ခုက အခု လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တရားသူကြီးချုပ်ဟာလည်း ယခင် NLD လက်ထက်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ တရားသူကြီးချုပ်ဖြစ်ပါတယ်။

မေး။ ။ တပ်မတော်အနေနဲ့ နောက်ထပ်ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် ဘယ်လိုလုပ်ဆောင်သွားမှာပါလဲ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကော ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေနဲ့ ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံမှာပါလား။ အခုပြုလုပ်မယ့် ရွေးကောက်ပွဲမှာ NLD က ထပ်မံအနိုင်ရခဲ့မယ်ဆိုရင် ဒီရွေးကောက်ပွဲ ရလဒ်ကို SAC အနေနဲ့ လက်ခံသွားဖို့ရှိပါသလား။ နောက်ရွေးကောက်ပွဲမှာ အနိုင်ရမယ့်ပါတီကို အာဏာ မလွှဲပြောင်းခင်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ရှင်းပြပေးပါ။
ဖြေ။ ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စီမံဆောင်ရွက်မှာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်မှာဖြစ်ပါတယ်။ အခုအချိန်မှာ နိုင်ငံရေးပါတီများနဲ့တွေ့ဆုံဆွေးနွေးခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များအရ နိုင်ငံရေးပါတီများအား စည်းကမ်းစနစ်တကျရရှိစေရေး၊ လုပ်ငန်းဆောင်တာများ၊ ရန်ပုံငွေများ၊ ပါတီဝင် အရေအတွက် စစ်ဆေးခြင်းတွေကို ဆောင်ရွက်ချက်ရှိပါတယ်။ ဒီနေရာမှာ အလေးအနက်ထားပြောကြားလိုတာက တပ်မတော်ဟာ ပြည်သူ့ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်ကို စတင်လမ်းခင်းပေးခဲ့ပါတယ်။ အခုအချိန်မှာ အခြေခံဥပဒေနဲ့အညီ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ ပါတီစံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့အစိုးရ၊ တပ်မတော်အနေနဲ့ ခိုင်ခိုင်မာမာ အာမခံပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်(၅) ရပ်မှာ နောက်ဆုံးအချက်က “အရေးပေါ်ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်” လို့ ဖော်ပြထားပြီးဖြစ်ပါတယ်။ ဘယ်နိုင်ငံရေးပါတီ အနိုင်ရရ ဒီအတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အာဏာ မလွှဲ ပြောင်းခင် လုပ်ဆောင်မယ့်အဆင့်တွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်း ချက်များ ပုဒ်မ(၄၂၄)၊ (၄၂၅)၊ (၄၂၆)၊ (၄၂၇)၊ (၄၂၈)၊ (၄၂၉)၊ (၄၃ဝ) အတိုင်းဖြစ်ပါတယ်။ အဲဒီအချက်တွေကို အကျဉ်းချုပ်ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာထားသော်လည်း ယာယီသမ္မတအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေရှိပါတယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှိပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရှိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အရေးပေါ်ကာလပြဋ္ဌာန်းချက်အရ တစ်နှစ်အတွင်း သူ့ကိုပေးအပ်ထားတဲ့တာဝန်များ မပြီး ဆုံးသေးရင် အဲဒီကောင်စီကို တင်ပြလာပါက အရေးပေါ်ကာလကို တစ်ကြိမ်လျှင် (၆) လနဲ့ နှစ်ကြိမ်တိုးရမှာ ဖြစ်ပါတယ်။ ပြီးရင် ပုဒ်မ(၄၂၆) အရ အရေးပေါ်ကာလမှာ ဆောင်ရွက်မယ့်လုပ်ငန်းများပြီးစီးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အစီရင်ခံရင် အရေးပေါ်ကာလဖျက်သိမ်းကြောင်း ကြေညာပြီး နောက်(၆) လအတွင်း မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမှာဖြစ်ပါတယ်။

စီးပွားရေးမူဝါဒ
မေး။ ။ SAC အနေနဲ့ အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ဘယ်လိုဖြတ်ကျော်သွားမှာပါလဲ။ ဆေးတွေ ရရှိဖို့နဲ့ ကုသစောင့်ရှောက်မှုစနစ်ကို ထိန်းသိမ်းနိုင်မယ့် အဓိကမူဝါဒတွေရှိရင် သိပါရစေ။
ဖြေ။ ။ ဒီမေးခွန်းကို ဖြေခွင့်ရတာ ဝမ်းသာပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေနဲ့ လက်တွေ့လုပ်ဆောင်နေတာတွေကို နိုင်ငံတကာကလည်း တော်တော်များများ မသိ ကြပါဘူး။ ဝေဖန်လည်း ခံရပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ကျယ်ကျယ်ပြန့်ပြန့်လေး ရှင်းပြခွင့်ပြုပါလို့ ပြောလိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး” ဆိုတဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ရောဂါကူးစက်မှု အကြီးအကျယ်ခံစားခဲ့ရပါတယ်။ တပ်မတော် က နိုင်ငံတော်တာဝန်ယူပြီးနောက်ပိုင်းမှာ လူစုလူဝေးနဲ့ ဆူပူဆန္ဒပြခဲ့တာတွေ၊ ကျန်းမာရေးဝန်ထမ်းအချို့က ကျင့်ဝတ်တွေကို မလိုက်နာဘဲ CDM လှုပ်ရှားမှုနဲ့ လုပ်ငန်းခွင်ပျက်ကွက်ခဲ့တာတွေက ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့အသည်းအသန်ကြိုးပမ်းဆောင်ရွက်ခဲ့ရပါတယ်။ ဇူလိုင်လ(၂၃) ရက်မှာ ကိုဗစ်ရောဂါ ဆေးစစ်ခဲ့သူများအနက်(၄၁) ရာခိုင်နှုန်းအထိ ပိုးတွေ့ရှိခဲ့ပါတယ်။ ဆေးရုံတွေမှာ လူနာရောက်ရှိမှုမြင့်တက်ခဲ့ပါ တယ်။ လူနာတွေအတွက် အောက်စီဂျင်လိုအပ်ချက်မြင့်မားခဲ့ပါတယ်။ ဒါတွေကို နိုင်ငံတော်အစိုးရ၊ လူမှုအဖွဲ့ အစည်းများ၊ တာဝန်သိပြည်သူလူထု၊ တာဝန်သိကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကြိုးစားပမ်းစား ဝိုင်းဝန်းဖြေရှင်းခဲ့ရပါတယ်။ လက်တွေ့အနေနဲ့ အခုအောက်တိုဘာလဆန်းပိုင်းမှာ ရောဂါ ကူးစက်ခံရသူ (၇) ရာခိုင်နှုန်းခန့်သာရှိတော့တာနဲ့ ဆေးရုံတက်ရောက်ရသူများစွာ လျော့နည်းသွားတာ လက်တွေ့ပါပဲ။ ဒါဟာ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဘယ် လောက်ထိ အလေးထားတယ်ဆိုတာ ဖော်ပြချက်ပါပဲ။ ဒီနေရာမှာ ကျွန်တော်တို့ကို ကူညီခဲ့တဲ့နိုင်ငံတွေရှိခဲ့ ပါတယ်။ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ အပါအဝင် ကမ္ဘောဒီးယား၊ အာဆီယံ၊ AHA၊ ဂျပန် နိုင်ငံတို့က လည်း ကူညီခဲ့ပါတယ်။ အချို့လည်း မကူညီတဲ့အပြင် ဖြစ်စဉ်တွေကို မသုံးသပ်ဘဲ ဆန့်ကျင်ဘက်တွေပြောနေတဲ့ နိုင်ငံများ၊ အဖွဲ့အစည်းများလည်း ရှိနေပါတယ်။ ဥပမာအားဖြင့် GAVI COVAX Facility အဖွဲ့က မကြာသေးခင်(၃ဝ၊ ၈၊ ၂ဝ၂၁) ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်မှာ သူတို့က မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ပေးခဲ့သယောင်ပြောထားတာလည်း ရှိပါတယ်။ သူတို့အနေနဲ့ အခုချိန်ထိ ကိုဗစ်ကာကွယ်ဆေးအစီအစဉ်အနေနဲ့ မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေးတစ်လုံးမှ မပေးသေးပါဘူး။ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား/ သေဆုံးမှုကို လျော့ချရန်၊ ကူးစက် ပြန့်ပွားမှုကိုတားဆီးရန်နဲ့ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံစီးပွားရေး ထိခိုက်မှုကို လျော့ချနိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ်ရောဂါကာကွယ်ဆေးထိုး စုရပ်များအပါအဝင် ရောဂါကာကွယ် ထိန်း ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့နေရာတွေကို မြန်မာနိုင်ငံမှာ တရားမဝင်အဖွဲ့အစည်းဖြစ်တဲ့ NUG နဲ့ PDF အကြမ်းဖက်အဖွဲ့တွေက (၃ဝ၊ ၉၊ ၂ဝ၂၁) ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှု စုစုပေါင်း(၁၆) ကြိမ်ကြုံတွေ့ခဲ့ရပါတယ်။ လုပ်ငန်းဆောင်ရွက်နေသူတွေနဲ့ ကာကွယ်ဆေး လာရောက်ထိုးနှံသူတွေ အသက်သေဆုံးတဲ့အထိ ဖြစ်ခဲ့ရသလို အချို့ဆိုရင် ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ တတိယလှိုင်းမှာ အခြားကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံမှာလည်း အယ်လ်တာမျိုးဗီဇပြောင်း ရောဂါပိုးကြောင့် ရောဂါဖြစ်ပွားမှုနဲ့ ပိုးတွေ့ရှိမှုနှုန်း မြင့်မားခဲ့ပေမယ့် မိဘပြည်သူများရဲ့ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာတာနဲ့အတူ ရောဂါဖြစ်ပွားမှုနဲ့ ပိုးတွေ့ ရှိမှုနှုန်းများ သိသာစွာကျဆင်းလျက်ရှိတဲ့အတွက် အာဆီယံနိုင်ငံများနဲ့နှိုင်းယှဉ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေနဲ့ အမှတ်စဉ်(၆)၊ သေဆုံးမှုအနေနဲ့ အမှတ်စဉ်(၅) နေရာမှာ ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေရရှိဖို့အတွက် ၂ဝ၂ဝ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းမှစတင်ပြီး GAVI COVAX Facility နဲ့ ညှိနှိုင်းခြင်း၊ ကာကွယ်ဆေးထုတ်လုပ်တဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ နိုင်ငံအချင်းချင်း(Bilateral) ညှိနှိုင်းခြင်း တွေ ဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံက ကာကွယ်ဆေးသန်း(၃ဝ) doses ကို စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် COVAX Facility က ၎င်းရဲ့အခြားအဖွဲ့ဝင်နိုင်ငံများကို Roung-4 အထိ ကာကွယ်ဆေးပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ပေမယ့် မြန်မာနိုင်ငံကို ဒီနေ့ဒီအချိန်အထိ ကာကွယ်ဆေးပို့ဆောင်မှု မရှိသေးသလို ပို့ဆောင်မယ့် ကာလနဲ့ပတ်သက်လို့လည်း အကြိမ်ကြိမ်ရွေ့ဆိုင်းခဲ့တာတွေရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ သူတို့နိုင်ငံရဲ့ ရောဂါဖြစ်ပွားမှုအခြေအနေအရ ကာကွယ်ဆေးတင်ပို့ခြင်းကို ခေတ္တရပ်ဆိုင်းထားခဲ့ပြီး မြန်မာနိုင်ငံကို ကာကွယ် ဆေးလှူဒါန်းမှု(၁.၅) သန်း doses နဲ့ ဝယ်ယူမှု (၂) သန်း doses ၊ စုစုပေါင်း(၃.၅) သန်း doses သာ ပို့ဆောင်နိုင်ခဲ့ ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ နိုင်ငံတော်အစိုးရအဖွဲ့အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံရရှိရေးနဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုတ်မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို အထူးဦးစားပေး လုပ်ငန်းများအဖြစ် လမ်းညွှန်မှု၊ ပံ့ပိုးမှုများပေးအပ်ခဲ့ရာ (၂၊ ၁ဝ၊ ၂ဝ၂၁) ရက်အထိ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ ဝယ်ယူထားတဲ့ ကာကွယ်ဆေးနဲ့ မိတ်ဆွေနိုင်ငံတွေက လှူဒါန်းတဲ့ ကာကွယ်ဆေး(၂၃) သန်းကျော် doses အား လက်ခံရရှိပြီးဖြစ်ပါတယ်။ နောက်ထပ် ၂ဝ၂၁ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဝယ်ယူထားမှုနဲ့ လှူ ဒါန်းမှုကနေပြီး ကာကွယ်ဆေး(၁၄) သန်း doses ထပ်မံရရှိမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ကိုလည်း မိတ်ဆွေနိုင်ငံများနဲ့ ညှိနှိုင်းဆောင်ရွက်ချက်ရှိပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တင်သွင်းထိုးနှံရာမှာ ပုဂ္ဂလိကကဏ္ဍမှလည်း ကျယ်ပြန့်စွာပါဝင် ဆောင်ရွက်ဖို့အတွက် စနစ်တကျတင်သွင်းခွင့်ပြုတာတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ဝယ်ယူထားတဲ့ကာကွယ်ဆွေးတွေ၊ လှူဒါန်းမှုတွေက ရရှိတဲ့ကာကွယ်ဆေးများနဲ့ ပုဂ္ဂလိက ကဏ္ဍမှ တင်သွင်းတဲ့ကာကွယ်ဆေးတွေကိုအသုံးပြုပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း လမ်းညွှန်ချက်နဲ့အညီ ရေးဆွဲထားတဲ့ Myanmar National Covid-19 Vaccine Deployment Plan အရ အသက်အုပ်စုအလိုက် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်းသားများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်များ၊ ရွေ့ပြောင်းအုပ်စုများနဲ့ ယာယီစခန်းများမှာ ရောက်ရှိနေသူများ၊ အသက်(၁၂) နှစ်နဲ့အထက် ကျောင်းသားလူငယ်များ စသဖြင့် ဦးတည်အုပ်စု(၂၄) ခု သတ်မှတ်ပြီး ဦးစားပေးအစီအစဉ်များအလိုက် ကာကွယ်ဆေးထိုးနှံခြင်းစီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ်(Vaccine Management Information System) မှာ စနစ်တကျထည့်သွင်းပြီး ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါတယ်။ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးနဲ့ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျား/ မ၊ လူမှုစီးပွားရေးအဆင့်အတန်း၊ နိုင်ငံရေးနှီးနွယ်မှုအရ ခွဲခြားခြင်းမပြုဘဲ ထိုးနှံပေးလျက်ရှိပါတယ်။ ကာကွယ် ဆေး ထိုးနှံပြီးပါကလည်း ထိုးနှံပြီးကြောင်း QR Code ပါရှိတဲ့ လက်မှတ်များ ထုတ်ပေးခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ (၁၇၊ ၉၊ ၂ဝ၂၁) ရက်မှ (၂၊ ၁ဝ၊ ၂ဝ၂၁) ရက်အထိ လူဦးရေစုစုပေါင်း (၈.၃၉) သန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၃.၈၇) သန်းရှိပြီး အသက်(၁၈) နှစ်နှင့်အထက် လူဦးရေရဲ့ (၁ဝ.၄၉) ရာခိုင်နှုန်းခန့်ကို အကြိမ်ပြည့်ထိုးနှံပေးပြီး ဖြစ်ပါတယ်။ ပထမအကြိမ် ထိုးနှံပြီးစီးသူ(၄.၅၁) သန်းရှိပြီဖြစ်တဲ့အတွက် စုစုပေါင်းအကြိမ်ရေ (၁၂.၆) သန်း ထိုးနှံပြီးဖြစ်ပါတယ်။ ရည်မှန်းကာကွယ်ဆေးအကြိမ်ရေရဲ့ (၁၆.၆၁) ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ပါတယ်။ ကျွန်တော် တို့အနေနဲ့ ဒီနှစ်ကုန်ပိုင်းမှာ ကိုဗစ်-၁၉ ထိုးနှံဖို့ အကျူံးဝင်တဲ့ လူဦးရေရဲ့(၅ဝ) ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးဖို့ ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါတယ်။ ဘယ်သူတွေ၊ ဘယ်နိုင်ငံတွေက ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ ကာကွယ်ဆေးထိုးနှံပေးဖို့ဆေးများကို မိတ်ဆွေနိုင်ငံများမှ ပံ့ပိုးပေးဖို့ကို သဘောတူညီချက်ရ ရှိပြီးဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေကို SAC အနေနဲ့ ဘယ်လိုများ ပြန်လည်တည်ဆောက်သွားဖို့ ရှိပါသလဲ။ NLD အစိုးရရဲ့ ထိပ်ပိုင်းအဆင့်ဆင့်လုပ်ဆောင်ခဲ့တာတွေမှာက မရှင်းလင်းတာတွေရှိ ခဲ့တော့ အာဏာထိန်းသိမ်းမှုအပြီးမှာ SAC ရဲ့ စီးပွားရေးမူဝါဒတွေကနေ ထိန်းညှိနိုင်ဖို့ အချို့သော ဂျပန်စီးပွား ရေးလုပ်ငန်းတွေက မျှော်လင့်နေကြတယ်လို့ သိထားရပါတယ်။ SAC ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒ အဓိကအချက် အလက်တွေကို NLD အစိုးရလက်ထက် နှိုင်းယှဉ်ပြီးတော့ ပြောပြပေးစေချင်ပါတယ်။
ဖြေ။ ။ နိုင်ငံတော်အစိုးရအနေနဲ့ စီးပွားရေးမူဝါဒနဲ့ပတ်သက်ပြီး အချက်(၃) ချက် ဆောင်ရွက်သွားပါမယ်။ နံပတ်(၁) စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ရေး၊ နံပါတ်(၂) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ နံပါတ်(၃) ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ် အကိုင်အခွင့်အလမ်းများဆောင်ရွက်ဖော်ဆောင်ရေး၊ လတ်တလောအနေနဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးများကို အခြေခံ တဲ့နိုင်ငံဖြစ်လို့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဖွဲ့စည်းပြီး ကျေးလက်ဒေသတွေအထိ စိုက်ပျိုး မွေးမြူရေးကို ခေတ်မီနည်းစနစ်များနဲ့ ထိထိရောက်ရောက် အစုအဖွဲ့အလိုက် စုပေါင်းဆောင်ရွက်နိုင်ရေး၊ အကူ အညီအထောက်အပံ့များပေးရေး၊ ဆောင်ရွက်လျက်ရှိပါတယ်။ ရေရှည်အနေနဲ့ ခေတ်မီ စိုက်ပျိုးမွေးမြူရေး အတွက် လူ့စွမ်းအား အရင်းအမြစ်များရရှိရေး စိုက်ပျိုးမွေးမြူရေးကျောင်း၊ သိပ္ပံ၊ ကောလိပ်များာ ဒေသအလိုက် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့အခြေခံစားရေ ရိက္ခာဖြည့်တင်းပေးနိုင်သောနိုင်ငံအဖြစ် ရေရှည်စီမံချက်ထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ ယခင်အစိုးရ အဆက်ဆက်ချုပ်ဆိုခဲ့တဲ့ စီးပွားရေးသဘောတူညီချက်စာချုပ်တွေကို ပယ်ဖျက်ခြင်းမပြုဘဲ ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့လက်တွဲဆောင်ရွက်မယ့် နိုင်ငံတကာရင်းနှီးမြှုပ် နှံမှု စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ထားပါတယ်။ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ခေါင်းဆောင်၊ ကိုယ်စားလှယ်အချို့လည်း လာရောက်ဆွေးနွေးလျက်ရှိပါတယ်။ NLD အစိုးရလက်ထက်နဲ့ ကွာခြားချက်ကတော့ မြန်ဆန်မှုလို့ပဲ ပြောရမှာဖြစ်ပါတယ်။ အဖြစ်နိုင်ဆုံးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းကို အလေးထားထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လာရင် ဥပဒေလုပ်ထုံး လုပ်နည်းများနဲ့ကိုက်ညီရင် အမြန်ဆုံးအလုပ်ဖြစ်စေမှာ ဖြစ်ပါတယ်။
နိုင်ငံတကာဆက်ဆံရေး

မေး။ ။ တရုတ်ကို နိုင်ငံတကာမိတ်ဖက်အဖြစ်နဲ့ ဘယ်လိုမြင်ပါသလဲ။ SAC အနေနဲ့ အာဆီယံ၊ ရုရှား၊ ဥရောပ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့နဲ့ရော ဘယ်လိုမျိုး ဆက်ဆံရေးတည်ဆောက်သွားမှာပါလဲ။
ဖြေ။ ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက်တော့ အိမ်နီးချင်ေးကာင်း နိုင်ငံတစ်နိုင်ငံ၊ မဟာဗျူဟာ မိတ်ဖက်နို င်ငံတစ်နိုင်ငံ၊ သမိုင်းကြောင်းရှည်ကြာစွာငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ ဆွေမျိုးပေါက်ဖော်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာ့အရေးမှာ အမြဲကူညီဖြေရှင်းပေးနေဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာလည်း အလားတူပါပဲ။ အခုနောက်ပိုင်းမှာ ရုရှားနိုင်ငံနဲ့ ပိုမိုပြီး မဟာဗျူဟာမြောက် ဘက်စုံဆက်ဆံရေးအစီအစဉ်များပိုမို တိုးတက်လျက်ရှိပါတယ်။ အာဆီယံနိုင်ငံများအနေနဲ့ အာဆီယံပဋိဉာဉ်၊ အာဆီယံသဘောတူညီချက်တွေအတိုင်း နီးကပ်ရင်းနှီၤးစွာ ဆက်ဆံလျက်ရှိပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးကို အထူး အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံများအားလုံးနဲ့ မိတ်ဝတ်မပျက်ရင်းနှီးစွာ ဆက်ဆံနိုင်ဖို့ကြိုးပမ်းလျက်ရှိပေမယ့် အချို့ဥရောပနိုင်ငံများ၊ အမေရိကန်တို့နဲ့ဆက်ဆံရေးကတော့ အမျိုးမျိုးသော ပိတ်ဆို့မှု၊ ဝေဖန်မှုတွေကြောင့် အခက်အခဲအချို့ရှိပါတယ်။ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးကတော့ မြန်မာနိုင်ငံအနေနဲ့ အလေးထားပါတယ်။ ယခုထိလည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနဲ့ ဂျပန်ဟာ သမိုင်းကြောင်းအရ ရှည်လျားတဲ့ ဆက်ဆံမှုရှိခဲ့လို့ ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားလိုတဲ့ ဆန္ဒပဲရှိပါတယ်။

မေး။ ။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအတွင်းမှာ ဂျပန်နိုင်ငံက ODA နဲ့လုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ခက်ဆဲနေတဲ့အပေါ် ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။ ဂျပန်နိုင်ငံ ODA နဲ့ လုပ်ဆောင်နေတဲ့စီးပွားရေးလုပ်ငန်းအချို့ကို ဂျပန်ရဲ့အဖွဲ့အစည်းအချို့ ကန့် ကွက်မှုကြောင့် ရပ်တန့်နေတာ၊ အခက်အခဲဖြစ်ပေါ်နေတာတွေကို စိတ်မကောင်းစွာ တွေ့ရှိရပါတယ်။ ဒီကိစ္စတွေ ဟာ မြန်မာပြည်သူလူထုကိုတိုက်ရိုက်အကျိုးပြုတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တွေကို အစွဲကင်းကးင်းနဲ့ မြင်အောင်ကြည့်ပေးပါ။ သုံးသပ်ပေးပါလို့ပဲ ပြော ချင်ပါတယ်။

မေး။ ။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ မရှိမဖြစ်လိုအပ်တာက ဘာလို့ထင်ပါသလဲ။
ဖြေ။ ။ ဂျပန်နဲ့ မြန်မာနိုင်ငံကြား ကောင်းမွန်တဲ့ဆက်ဆံရေးထိန်းသိမ်းဖို့ မရှိမဖြစ်လိုအပ်တာက ကျွန်တော် ခုနကပြောတဲ့အတိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တွေကို အစွဲကင်းကင်းနဲ့မြင် အောင်ကြည့်ပေးပါ။ သုံးသပ်ပေးပါလို့ပဲ ပြောချင်ပါတယ်။

မေး။ ။ နောင်လာမယ့်(၅) နှစ်မှာ မြန်မာနိုင်ငံကို ဘယ်လိုနိုင်ငံမျိုးဖြစ်စေချင်ပါသလဲ။
ဖြေ။ ။ နောင်လာမယ့်(၅) နှစ်အတွင်းမှာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးနေတဲ့နိုင်ငံ၊ စီးပွားရေးအရ ကမ္ဘာ့နိုင်ငံများရဲ့အခြေခံစားရေး ရိက္ခာကို ခေတ်မီစိုက်ပျိုးမွေးမြူရေးစနစ်၊ ဝန်ဆောင်မှုစနစ်တွေနဲ့ ဖြည်ဆည်းပေးနေတဲ့နိုင်ငံ၊ လူမှုရေးအရ တိုင်းရင်းသား အားလုံး၊ အဖွဲ့အစည်းအားလုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို တည်ဆောင်နိုင်တဲ့ နိုင်ငံဖြစ်စေလိုပါတယ်။

မေး။ ။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ် လာရောက်လည်ပတ်မှုကို ဘယ်တော့ လက်ခံသွား ဖို့ရှိပါသလဲ။
ဖြေ။ ။ အာဆီယံအထူးကိုယ်စားလှယ်ကို ကျွန်တော်တို့ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လက်မခံတာ မဟုတ်ပါဘူး။ အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ အချို့အာဆီယံပြင်ပနိုင်ငံများက ကန့်သတ်ချက်သဘောပါတဲ့ဆောင်ရွက်မှုတွေ ဆောင်ရွက်ခြင်း၊ ဖိအားပေးနေခြင်းသာ ဖြစ်ပါတယ်။

မေး။ ။ SAC က ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးကိစ္စနဲ့ပတ်သက်လို့ UN ရဲ့တုံ့ပြန်မှုကြာ မြင့်နေတဲ့အပေါ် ဘယ်လိုယူဆထားပါသလဲ။
ဖြေ။ ။ ကုလသမဂ္ဂအနေနဲ့ SAC က ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီးကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်မှုကြာမြင့်နေတာဟာ သူတို့ရဲ့သဘောထားအတိုင်းပဲဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ UN(United Nation) ဆိုတာ နိုင်ငံတွေပေါင်းစုထားတဲ့ နိုင်ငံများအစုအဖွဲ့ဖြစ်ပါတယ်။ အစိုးရများ(Government) အစုအဖွဲ့ မဟုတ်ပါ ဘူး။ မြန်မာနိုင်ငံတည်ရှိနေသရွေ့ မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်နေဦးမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းအချို့၊ နိုင်ငံအချို့အနေနဲ့ နိုင်ငံတကာရေးရာတွေကို ဆောင်ရွက်ရာမှာ သတ်မှတ် ပဋိဉာဉ်၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အသိအမှတ်ပြုပြီး စီရင်ဆုံးဖြတ်ချက်များ အတိုင်းသာ ဆောင်ရွက်ကြဖို့နဲ့ စံနှုန်းနှစ်မျိုးထား(Double Standard) ဆောင်ရွက်ခြင်းမှ ရှောင်ရှားဖို့ လိုအပ်ပါတယ်။

မေး။ ။ ခုပြောသွားတဲ့ Double Standard ဆိုတာ ဘာလဲ။ မြန်မာနိုင်ငံကို တစ်မျိုး၊ အခြားနိုင်ငံတွေကို တစ်မျိုး လုပ်နေတယ်လို့ ဆိုလိုတာလား။
ဖြေ။ ။ ဟုတ်ပါတယ်။ ဒီလိုစင်ပြိုင်အစိုးရတွေ၊ စစ်ဘက်က နိုင်ငံတော်တာဝန်ယူလို့ ပေါ်ပေါက်လာတဲ့ ပုန်ကန်သူအစိုးရတွေ ကမ္ဘာ့သမိုင်းမှာ အများကြီးပါဗျာ။ ယခင်က အများအားဖြင့် ဘယ်လိုဆုံးဖြတ်ခဲ့ကြသလဲ။ ဒါစီရင်ထုံးပဲ။ ဥပမာပဲ။ ခုမှ မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်နေတာလို့ ကျွန်တော်မြင်တယ်။

မေး။ ။ ASEAN Eavey နဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့်တွေ့ခွင့်မပေးနိုင်တာလဲ။
ဖြေ။ ။ အမေးနဲ့ပဲ ပြောလိုပါတယ်။ ဂျပန်မှာ ဝန်ကြီးချုပ်တစ်ယောက်(ဝန်ကြီးတစ်ယောက်၊ လွှတ်တော် အမတ်တစ်ယောက်) လာဘ်စားမှု (ဒါမှမဟုတ်) အမှုတစ်ခုခုနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာ အခြားနိုင်ငံတစ်ခုက တွေ့ခွင့်တောင်းရင် ခင်ဗျားတို့အစိုးရက တွေ့ခွင့်ပေးပါသလား…? လို့ပဲ ပြောလိုပါတယ်။

Related news

© 2021. All rights reserved.