Air KBZ ကိစ္စမှ ကိုမင်းမင်းစိုး စစ်ကျောရေးတွင်သေဆုံးသည်ဆိုသောကိစ္စ မဟုတ်မှန်ကြောင်းနှင့် ဒဏ်ရာဒဏ်ချက်ပင်မရှိဘဲ ရောဂါအခံကြောင့်သာ သေဆုံးခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ပြန်ရှင်း

 1893

Iris (NP News) - အောက်တိုဘာ ၂၀
Air KBZ လေကြောင်းလိုင်းဖြစ်စဉ်ကိစ္စတွင် စစ်ဆေးခံနေရသည့် ကိုမင်းမင်းစိုးမှာ စစ်ကျောရေးဘက်ကကြမ်းတမ်းသောလုပ်ရပ်ကြောင့် အတွင်းဒဏ်ရာများရပြီး သေဆုံးသွားသည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း ဇနီးဖြစ်သူက ပြန်လည်ရှင်းလင်းပြောကြားလိုက်သည်။

လေယာဉ်ပျက်ကျစေရေးအတွက် Pilot Tube အတွင်းသို့ သစ်ရွက်များထည့်ခဲ့သည့်ပုဂ္ဂိုလ်များနှင့်ဆက်စပ်၍ ကိုမင်းမင်းစိုးကိုလည်း သံသယတရားခံအဖြစ် ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်မှာ မှန်ကန်သော်လည်း စစ်ကျောရေးတွင် ရရှိသည့်ဒဏ်ရာများဖြင့်သေဆုံးရသည်ဟု ထင်ယောင်ထင်မှားရေးသားမှုများမှာ လိုရာဆွဲရေးနေကြခြင်းများသာ ဖြစ်ကြောင်း ဇနီးဖြစ်သူက ဆိုသည်။ “ကိုယ့်အပူသောကနဲ့ကိုယ်မို့ ဘာအကြောင်းအရာမှမတင်ပဲနေနေတာ။ မီဒီယာတွေရေးနေသလို Air KBZ လေယာဉ်ကိစ္စကြောင့် ကိုမင်းမင်းစိုးက စစ်ကြောရေးမှာရိုက်နှက်ခံရပီးသေဆုံးတာလုံးဝမဟုတ်ဘူး။ သူ့ရဲ့အလောင်းကို ကျွန်မ ကိုယ်တိုင်ထုတ်လာတာပါ။ ဘာ ဒဏ်ရာဒဏ်ချက်မှလည်းမရှိပါဘူး။ အင်းစိန်ထောင်ဘက်ကို ရမန်ရက် ပြည့်အောင် ပြောင်းပီးထားတဲ့အချိန်မှာ ကိုမင်းမင်းစိုးက ကိုဗစ်ဖြစ်ပြီးကာစ‌လည်းဖြစ်တော့ ကိုယ်ခံအားလည်း နည်း‌နေတဲ့အချိန်မို့လို့ နေမကောင်းဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ ဆေးရုံတင်ထားရင်းနဲ့မှ ဆုံးသွားတာပါ။
လိုင်းပေါ်မှာသတင်းဖြစ်ပြီးရောဆိုပြီး အကြောင်းအရာတွေကိုအတိအကျမသိဘဲ လိုရာဆွဲရေးနေတာတွေ ကာယကံရှင်မိသားစုရဲ့ခွင့်ပြုချက်မယူဘဲ သေဆုံးသူရဲ့ဓာတ်ပုံတွေကို တင်ချင်သလိုတင်နေတာတွေ ထပ်မလုပ်ကြပါနဲ့တော့ ” ဟု ဇနီးဖြစ်သူ မအိဇာခြည်ဝင်းက အောက်တိုဘာ(၂၀)ရက်၌ ၎င်း၏လူမှုကွန်ရက်တွင်ရေးသားထားသည်။ မီဒီယာအချို့ကမူ စစ်ကျောရေးတွင် သေဆုံးသည်ဆိုသည့်ခေါင်းစဉ်ဖြင့် လူထုကြား၌ အမုန်းတရားများ ပိုမိုကြီးထွားလာစေရေးကိုသာ ဦးတည်ရေးသားနေကြသည်ကို တွေ့ရပြီး ယင်းမှာ လူအဖွဲ့အစည်းအတွက် ကောင်းကျိုးရည်ရွယ်ချက် ဟုတ်ပုံမရကြောင်းလည်း မှတ်ချက်ပြုသူအချို့က ဆိုသည်။

ကာယကံရှင်၏ဇနီးသည်ဖြစ်သူကလည်း အဖြစ်မှန်ကို ၎င်းထက်ပို၍သိသူရှိမည်မဟုတ်ဘဲ ကိုယ်ချင်းစာတရားမရှိစွာဖြင့် ထင်ရာရေးနေခြင်းများကို ရပ်တန့်စေလိုကြောင်းနှင့် သေဆုံးသူ၏ဂုဏ်သိက္ခာကို ငဲ့ကွက်တတ်သော လူသားချင်းစာနာစိတ်ထားရှိပေးရန် လိုအပ်ကြောင်း ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။

Related news

© 2021. All rights reserved.