အိန္ဒိယနိုင်ငံသားတို့၏ ဆန်းဆန်းပြားပြားကမ္ဘာ့စံချိန်များ

917
ဝတီ (NP News) - အောက်တိုဘာ ၂ဝ
အိန္ဒိယနိုင်ငံကြီးဟာ သိပ်ကိုတမူထူးတဲ့နိုင်ငံကြီးပါ။ အဲဒီမှာအဆင်းတကာ့အဆင်းရဲဆုံးလူတန်းစားရှိသလို အချမ်းတကာ့အချမ်းသာဆုံး လူ တန်းစားလည်းရှိနေတယ်လေ။ အိန္ဒိယနိုင်ငံဟာ ခြေတစ်လှမ်းကခေတ် ရှေ့ပြေးနေပေမယ့် နောက်ထပ်ခြေတစ်လှမ်းကတော့ ခေတ်နောက်ဆွဲနေပြန်ပါတယ်။ ဒါကြောင့် သိပ်အံ့သြစရာကောင်းနေပါတော့တယ်။ အိန္ဒိယမှာ လူဦးရေ (၁ ဒသမ ၂)ဘီလျံကျော်ရှိတာကြောင့်မို့ အဲဒီမှာရူးမှ ထူးတယ်ဆိုတဲ့ လူတွေကလည်းမနည်းဘူးပေါ့။ ဒါကြောင့် အိန္ဒိယနိုင်ငံ သားတွေ တင်ထားတဲ့ဆန်းဆန်းပြားပြား ကမ္ဘာ့စံချိန်တွေအကြောင်း စုစည်းတင်ဆက်လိုက်ပါတယ်။
ကွန်ဒုံးဖြင့်ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံးပန်းချီကား
အိန္ဒိယနိုင်ငံမှာ လူဦးရေမတန်တဆများပြားပြွတ်သိပ်နေပါတယ်။ ဒါကြောင့်ကွန်ဒုံးသုံးပြီး လူဦးရေထိန်းချုပ်ဖို့ အသိပေးနှိုးဆော်တဲ့အနေနဲ့
ပန်းချီကားကြီးတစ်ကားကို ကွန်ဒုံးနဲ့ချည်းပဲပုံဖော်လိုက်ကြပါတယ်။ ကွန်ဒုံးကိုဈေးပေါပေါနဲ့ အလွယ်တကူဝယ်ယူလို့ရပါတယ်။ ကွန်ဒုံးဟာ မလို ချင်တဲ့ ကိုယ်ဝန်ရမလာအောင်တားတဲ့နေရာမှာ အသုံးဝင်သလိုလိင်တစ် ဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်မခံရအောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
ကမ္ဘာ့အကြီးဆုံး ခေါင်းပေါင်း
အက်ဗ်တာဆင်းမူနီဆိုတဲ့ အဘိုးအိုဟာ သာမန်အိန္ဒိယနိုင်ငံသားတစ်ယောက်ပါပဲ။ ဒါပေမဲ့ သူ့မှာထူးခြားတဲ့ ဝိသေသတစ်ခုရှိပါတယ်။ အဲဒါကတော့ သူ့ခေါင်းပေါင်းကကမ္ဘာ့အကြီးဆုံးခေါင်းပေါင်းအဖြစ် စံချိန်တင်ထားတယ်ဆိုတဲ့ အချက်ပါပဲ။ ဆစ်ခ်လူမျိုးတွေအတွက် ခေါင်းပေါင်းက အင်မတန် အရေးကြီးလှပါတယ်။ ဒါပေမဲ့ဒီအဘိုးကတော့ သူများတွေလို သာမန်ခေါင်းပေါင်းမျိုးမပေါင်းဘဲ အလေးချိန်ပေါင် (၁ဝဝ)ရှိတဲ့ ခေါင်း ပေါင်းကြီးကိုမှပေါင်းတာပါ။ အဲဒီခေါင်းပေါင်းတစ်ခါပေါင်းဖို့ဆို အချိန် ခြောက်နာရီလောက်ယူရပါသတဲ့။ သူအဲဒီခေါင်းပေါင်းကြီးပေါင်းပြီး သွား လာနေတာ (၁၆)နှစ်တောင်ရှိသွားပါပြီ။ ခေါင်းပေါင်းက ကြီးလွန်းလို့တ ခြားလူတွေမျက်စိထဲဘယ်လိုပဲ ထူးဆန်းနေနေသူ့အတွက်ကတော့ အေး အေးဆေးဆေးပါပဲ။
ကမ္ဘာ့အရှည်ဆုံး နှုတ်ခမ်းမွေး
ရမ်ဆင်းချူဟန်ဆိုတဲ့ အိန္ဒိယအမျိုးသားကြီးရဲ့ နှုတ်ခမ်းမွေးဟာအင်မတန် ရှည်လျားပြီး အရှည် (၁၄)ပေ ရှိပါသတဲ့။ အီတလီရုပ်သံအစီအစဉ်တစ်ခုမှာ သူ့နှုတ်ခမ်းမွေးကို တိုင်းကြည့်လိုက်တော့ အဲဒီလောက်တောင်ရှည်နေတာပါ။ ဒါကြောင့် ကမ္ဘာ့အရှည်ဆုံးနှုတ်ခမ်းမွေးဖြစ်သွားပါတော့တယ်။
နှာခေါင်းဖြင့် စာအမြန်ဆုံးရိုက်နိုင်သည့် ကမ္ဘာ့စံချိန်ရှင်
မိုဟာမက်ကူရှစ်ဆိုတဲ့ အမျိုးသားဟာ စာအမြန်ဆုံးရိုက်နိုင်တဲ့ ကမ္ဘာ့စံချိန်ရှင်ဖြစ်တဲ့အပြင် နှာခေါင်းနဲ့လည်း စာအမြန်ဆုံးရိုက်နိုင်ပါသေးသတဲ့။ ကမ္ဘာ့စံချိန်ပြုစုရေးအဖွဲ့ကချပေးတဲ့ စာကြောင်းကို သူကနှာခေါင်းနဲ့ (၄၇ ဒသမ ၄၄) စက္ကန့်အတွင်း အပြီးရိုက်နိုင်ခဲ့ပြီး နှစ်ထပ်ကွမ်းစံချိန်ရှင်ဖြစ်သွားတော့တာပေါ့။ နှာခေါင်းနဲ့ စာအမြန်ဆုံးရိုက်နိုင်တဲ့စံချိန်ကို သူ့မတိုင်ခင်တင်ထားတဲ့ မိန်းကလေးက အဲဒီစာကြောင်းကို (၁ မိနစ် ၃၃) စက္ကန့်နဲ့ ရိုက်ပြနိုင်ခဲ့တာပါ။
လူတစ်ဦးကတစ်နာရီအတွင်း အကြိမ်ရေအများဆုံးဖက်ပြခြင်း။
ဒီစံချိန်ကတော့ တော်တော်ကို ထူးဆန်းတဲ့စံချိန်ပါပဲ။ အဲဒီလူကလမ်းပေါ်မှာတွေ့သမျှလူစိမ်းတွေကို ဖက်တာလေ။ ဂျာယာဆင်ဟာ ရဗီရာလာဆိုသူက တစ်နာရီအတွင်းအကြိမ်ပေါင်း (၂၄၃၆)ကြိမ်ဖက်ပြီး ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ(၂၉)ရက်မှာ စံချိန်တင်ခဲ့တာပါ။ သူဟာ ဒီစံချိန်သာမက တခြားကမ္ဘာ့စံချိန်တွေလည်း အများကြီးတင်ထားပါသေးတယ်။
တစ်နေရာတည်းတွင် ဂန္ဒီအများဆုံးစုစည်းနေသည့် စံချိန်
ဟုတ်ပါတယ်။ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာ အဲဒီစံချိန် ပါပါသတဲ့။ ဂန္ဒီပုံစံ ဝတ်ထားတဲ့လူတွေတစ်နေရာတည်းမှာ အများဆုံး စုစည်းခဲ့ကြပါတယ်။ လူပေါင်း (၄၆ဝ၄) ယောက်က ၂ဝ၁၅ ခုနှစ်အောက်တိုဘာလ ၂ ရက်၊ ဂန္ဒီရဲ့ (၁၄၆)နှစ်မြောက် မွေးနေ့ပွဲမှာ ကွယ်လွန်သူ ဂန္ဒီကို အဲဒီလိုဂုဏ်ပြုခဲ့ကြတာပါ။
အရှည်ဆုံး နားရွက်မွှေး
ထူးဆန်းလှတဲ့ဒီစံချိန်ကိုလည်း အိန္ဒိယနိုင်ငံသားကပဲတင်ခဲ့တာပါ။ သူ့နာ မည်ကတော့ အန်သိုနီဗစ်ခ်တာ ဖြစ်ပါတယ်။ သူ့နားရွက်ထဲကနေ အမွှေးအမျှင်တွေ ထွက်နေလိုက်တာအရှည် (၇ ဒသမ ၁၂)လက်မ ရှိပါသတဲ့လေ။ သူဟာ အငြိမ်းစားကျောင်းအုပ်ကြီးဖြစ်ပြီး သူ့တပည့်တွေကသူ့ကို နားရွက်မှာအမွှေးတွေနဲ့ ဆရာကြီးလို့ခေါ်ကြပါသတဲ့။
ကမ္ဘာ့အရှည်ဆုံး လက်သည်း
ရှရစ်ဒါချီလာဆိုတဲ့ အဘိုးအိုကတော့ ကမ္ဘာ့အရှည်ဆုံးလက်သည်းပိုင်ရှင်ပါ။ သူက လက်တစ်ဖက်မှာ အဲဒီလိုလက်သည်းအရှည်ထားတာဖြစ်ပါတယ်။ အဲဒီလက်တစ်ဖက်က လက်သည်းတွေရဲ့ စုစုပေါင်းအရှည်က (၃၅၈ ဒသမ ၁) လက်မဖြစ်ပါတယ်။ လက်ချောင်းတွေထဲမှာ အရှည်ဆုံး
လက်သည်းကတော့ လက်မကလက်သည်းဖြစ်ပြီး အဲဒီတစ်ချောင်းတည်းက အရှည် (၇၇ ဒသမ ၈၇)လက်မ ရှိပါသတဲ့။ သူက (၁၄)နှစ်သား အရွယ်ကတည်းကစပြီးအဲဒီလက်က လက်သည်းတွေကို မညှပ်တော့တာပါ။ လက်သည်းက မတန်တဆရှည်နေတော့သူ့မှာ အခက်အခဲတွေအများကြီး ရှိတောပေါ့။ ဒါပေမဲ့ ဒါကလည်း သူ့ရွေးချယ်မှုပဲလေ။ သူကွယ်လွန်ပြီးတဲ့အခါကျရင် သူ့လက်သည်းတွေကို ပြတိုက်မှာ ပြထားစေချင်တယ်လို့ သူ ကပြောပါတယ်။
အထူးတကာ့ အထူးဆန်းဆုံး ကမ္ဘာ့စံချိန်။
ကဲ.. နောက်ဆုံးပိတ် အိတ်နဲ့လွယ် နံပါတ် (၁)စံချိန်က ဘာများပါလိမ့်နော်။ ဒီစံချိန်ကို ကြားလိုက်ရရင်ကြားရသူအပေါင်း အော့ချင်၊ အန်ချင်စိတ်ပေါ်သွားပါလိမ့်မယ်။ အဲဒါကတော့တစ်မိနစ်အတွင်း တီကောင်အ များဆုံး စားပြနိုင်တဲ့စံချိန်ပါပဲ။ ဟုတ်ပါတယ်။ အသက် (၂၃)နှစ်အရွယ် အိန္ဒိယနိုင်ငံသား ဂျွန်ပီတာကို ကြည့်လိုက်ရင် သာမန်လူလိုပါပဲ။ ဒါပေမဲ့ သူ့မှာသိပ်ဆန်းပြားတဲ့ အကျင့်ရှိပါတယ်။ အဲဒါကတော့ ပိုးကောင်တွေကိုစားတဲ့အကျင့်ပါပဲ။ သူက တီကောင်လည်း စားသလို ပုစဉ်းတွေ၊ ဖွတ်ပုတက်တွေလည်း စားပါတယ်။ ဒါကြောင့်တစ်မိနစ်အတွင်း တီကောင် အများဆုံးစားပြနိုင်တဲ့ ကမ္ဘာ့စံချိန် တင်သွားတာပေါ့။
#NPNews