“၂ဝ၂၂ အတွင်းမှာမှ လက်ရှိပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် ၂ဝ၂၃ ရွေးကောက်ပွဲက ဖြစ်ဖို့တောင် မလွယ်ဘူး”

 2018

တွေဆုံမေးမြန်း - ကျော်မျိုးမင်း၊ ရေးသား - စည်သူဟိန်း
NP News - ဒီဇင်ဘာ ၄

၂ဝ၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်အပြီးမှာ ပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲအသစ်ဟာ PR စနစ်ကို အခြေခံ မယ်လို့ အတည်ပြုထားပြီဖြစ်ပါတယ်။ စစ်တပ်က ဦးဆောင်ကျင်းပပေးမယ့် PR စနစ် အခြေပြုရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး ပါတီတွေရဲ့အမြင်သဘောထားကို မေးမြန်းဆွေးနွေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြည်သူ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ မေးမြန်းဆွေးနွေးထားတာကို ဖော်ပြပေးလိုက်ပါတယ်။

ဦးကိုကိုကြီး မင်္ဂလာပါခင်ဗျာ။ ပထမဆုံးအနေနဲ့ NP News ကို အင်တာဗျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေး။ ။ ပထမဆုံးသိချင်တာက မကြာခင်မှာ UEC က ကျင်းပဖို့ရှိနေတဲ့ PR စနစ်နဲ့ရွေးကောက်ပွဲအကြောင်း ဖြစ်ပါတယ်။ PR စနစ်အကြောင်းကို လူထုကို ရှင်းပြဖို့လိုနေတယ်။ အစ်ကိုရော PR စနစ်ကို ဘယ်လို နားလည် ထားလဲ။ ပြီးတော့ UEC က သွားချင်တဲ့ PR စနစ်နဲ့ အစ်ကိုတို့နဲ့ရော ကိုက်ညီမှုရှိလား။ ဘယ်လို သဘောထား ရှိလဲခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့က ရွေးကောက်ပွဲစနစ်အကြောင်းကိုပြောမယ်ဆိုရင် အရင်ဆုံးပြောချင်တာက လက်ရှိ ဖြစ်နေတဲ့နိုင်ငံရေးပြဿနာဟာ နည်းပညာပြဿနာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာဖြစ်တယ်။ အဲဒီတော့ PR စနစ် မှာလည်း မူကွဲတွေအများကြီးရှိတယ်။ Close Type ၊ Open Type တို့ Party List လုပ်တာတို့ အစရှိသဖြင့် နောက်တစ်ခုကလည်း PR သက်သက်မဟုတ်ဘဲနဲ့ Mix လုပ်ထားတဲ့စနစ်၊ လက်ရှိ ရှိနေတဲ့ နိုင်သူအကုန်ယူစနစ်နဲ့ PR ကိုရောပြီး လုပ်တာတွေရှိတယ်။ ဆိုတော့ ဒီဟာတွေက နည်းပညာအရ ကျွန်တော်တို့ကျယ်ကျယ်ပြန့်ပြန့်‌ ပြောရမယ့်ကိစ္စတွေဖြစ်တယ်။ နိုင်ငံရေးအရပြောရရင်တော့ အခုဖေဖော်ဝါရီ (၁) ရက်နောက်ပိုင်း စစ်တပ်က အာဏာရယူပြီးနောက်ပိုင်းမှာ လူထုရဲ့စိတ်ခံစားမှု အဲဒါကို ကျွန်တော်တို့နားလည်ဖို့လိုတယ်။ ဆိုတော့ ရွေးကော က်ပွဲနဲ့ပတ်သက်ရင် လူတွေကဘယ်လိုမြင်သွားလဲဆိုတော့ ကျွန်တော်ပြောတာ NLD မှ မဟုတ်ဘူးနော်။ သာမာန်ပြည်သူကိုယ်၌က စစ်တပ်ကရွေးကောက်ပွဲတွေလုပ်ပေးမယ်လို့ ကတိပေးတာပဲ။ ပေးပြီးတော့ ရွေးကောက်ပွဲရလဒ်ကို မကြိုက်ရင် ဖျက်ပစ်တယ်။ ထင်ရှားတာက ၁၉၉ဝ ရွေးကောက်ပွဲရလဒ် အကောင် အထည်မပေါ်ဘူး။ ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ် အာဏာသိမ်းခံရတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ လာပြန်ပြီ နောက်ထပ်ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ ကတိပေါ့။ ဆိုတော့ မယုံဘူးပေါ့ဗျာ။ ဒီအတိုင်းလုပ်ပေးရင်တောင်မှ လာမယ့်ရွေးကောက်ပွဲအပေါ်မှာ လူထုရဲ့ယုံကြည်မှု ဒီလောက်ကျဆင်းနေတဲ့အချိန်မှာ အကျယ်တဝင့် ဆွေးနွေး ရမယ့်ကိစ္စမျိုး၊ နောက်တစ်ခုက လွှတ်တော်လည်း မရှိတဲ့ကာလ၊ နောက်တစ်ခုက ယာယီထိန်းသိမ်းပါတယ် ဆိုတဲ့ အိမ်စောင့်အစိုရကာလမျိုးမှာ အကျယ်တဝင့်ဆွေးနွေးရမယ့်ကိစ္စမျိုးကို ပြောရရင်တော့ အကဲစပ်တဲ့ကိစ္စ မျိုးကို မလုပ်သင့်ဘူးလို့ ကျွန်တော်တို့ကတော့ မြင်တယ်။ PR စနစ်ကို ကန့်ကွက်နေတာ မဟုတ်ဘူး။ တကယ့် တကယ်ဆိုရင် PR စနစ်က လက်ရှိရွေးကောက်ပွဲစနစ်ထက် ပါတီငယ်တွေ၊ တိုင်းရင်းသားပါတီတွေ အစရှိသဖြင့် ပါတီသစ်တွေအတွက် ရပေါက်ရလမ်း၊ အခွင့်အလမ်းပိုတောင်များသေးတယ်။ အဲဒီတော့ ကိုယ့်ပါတီ အကျိုး စီးပွားနဲ့ကြည့်မယ်ဆိုရင် PR ကို ဘာမှ အထွန့်တက်နေစရာမရှိဘူး။ သို့သော် နိုင်ငံရဲ့ပြဿနာအဝဝက PR ဆို တာ ရွေးကောက်ပွဲရလဒ် ပြောင်းသွားမယ်။ အဲဒီရွေးကောက်ပွဲရလဒ်ဟာ ကိုယ်စားပြုမှုနဲ့ဆိုင်တယ်။ သူက တဆက်တည်းမှာ တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖက်ဒရယ်ရေး၊ နောက်တစ်ခါ စစ်တပ် (၂၅) ရာခိုင်နှုန်း ပါနေ တဲ့ လွှတ်တော်မှာ ဒီမိုကရေစီရေးတွေနဲ့ အကျယ်တဝင့်ဆွေးနွေးရမယ့်ကိစ္စမျိုးဖြစ်တယ်။ အခုလို အင်မတန်ရှုပ် ထွေးတဲ့အခြေအနေမျိုးမှာ လက်ရှိပြဿနာတွေကို မဖြေရှင်းနိုင်သေးဘဲနဲ့ ဒီလိုအကဲစပ်တဲ့ ရွေးကောက်ပွဲစနစ် မျိုးကို မဆုံးဖြတ်သင့်သေးဘူးလို့ ကျွန်တော်တော့ မြင်ပါတယ်။

မေး။ ။ ဆိုလိုတာက PR စနစ်ကို အလောတကြီး သွတ်သွင်းဖို့ မလုပ်သင့်သေးဘူးလို့ ဆိုလိုချင်တာမျိုးလား။
ဖြေ။ ။ ဟုတ်တယ်။ နောက်ပြီးတော့ ဥပဒေဆိုတာလည်း လူလုပ်တဲ့ဥပဒေပေါ့။ ဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကိုကလည်း အကန့်အသတ်တွေအများကြီးရှိတယ်။ ဥပမာအားဖြင့် ပြည်သူ့လွတ်တော်ဆိုရင် မဲဆန္ဒနယ် မြေကို (၃၃ဝ) ကို အခိုင်အမာလုပ်ထားတာပေါ့။ သူ့ကို တိုးလျော့လို့မရဘူး။ သူ့ကိုပြုပြင်ပြောင်းလဲချင်ရင် လွှတ် တော်ရှိမှ လွှတ်တော်မှာဖွဲ့စည်းပုံပြုပြင်ရေးလုပ်ပြီးမှ ပြောင်းလို့ရမယ်။ အဲဒီတော့ တချို့ကပြောတယ်။ မပြောင်း ဘဲနဲ့ လုပ်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြို့နယ်ကိုဖြစ်စေ၊ လူဦးရေကိုအခြေခံ၍ ဖြစ်စေလို့ ပြောထားတာဖြစ်တဲ့အတွက်ကြောင့် (၃၃ဝ) ကိုတော့ မပြောင်းဘူး။ တစ်မြို့နယ်တစ်ယောက် မဟုတ် တော့ဘဲနဲ့ လူဦးရေ တစ်သိန်းကို တစ်ယောက်၊ တစ်သိန်းခွဲကို တစ်ယောက် အစရှိသဖြင့် လူဦးရေအချိုးအစားနဲ့ (၃၃ဝ) ဖြစ်အောင် လုပ်တော့မယ်ဆိုရင် တိုင်းဒေသကြီး (၇) ခုမှာရှိတဲ့ လူဦးရေပျံ့နှံ့ပုံက (၇၆ ဒသမ ၈၉) ရာခိုင် နှုန်းဆိုတော့ (၇၇) ရာခိုင်နှုန်းလောက်ရှိတယ်။ အဲဒါဆိုရင် တိုင်းရင်းသားပြည်နယ် (၇) ခုပေါင်းမှ (၂၃) ရာခိုင်နှုန်း လောက်ပဲ ပြည်သူ့လွှတ်တော်မှာ နေရာရတော့မယ်။ ဆိုတော့ ကျွန်တော်တို့ မဲဆန္ဒရှင်အချိုးအစားနဲ့ပြောရရင် ကယားပြည်နယ်က မြို့နယ်တွေဆိုရင် လူဦးရေ (၅) ထောင်ဝန်းကျင်ဘဲရှိတယ်။ ဆိုတော့ မဲပေးတဲ့လူက ဆိုပါ တော့ (၃) ထောင်ဝန်းကျင် ရှိနိုင်တယ်။ ရန်ကုန်က မြို့နယ်ကြီးတွေမှာဆိုရင် တစ်မြို့နယ်ကို မဲပေးတဲ့လူက သိန်း နဲ့ချီပြီးရှိတယ်။ မဲတစ်ပြားချင်းရဲ့တန်ဖိုးကွာဟမှုကလည်း အရမ်းကြီးတယ်။ ဆိုတော့ ဟိုမှာက မဲဆန္ဒရှင် ထောင် ဂဏန်းလောက် ထောက်ခံရင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ပြီးတော့ ဒီမှာက မဲဆန္ဒရှင် (၇) သောင်း၊ (၈) သောင်း၊ (၁) သိန်းလောက်ထောက်ခံမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မယ်။ ဆိုတော့ ဒီမိုကရေစီမှာ မဲပြား တစ်ပြားချင်းရဲ့တန်ဖိုးကွာဟမှုကလည်း တော်တော်အရေးကြီးတယ်။ ဒါကလည်း ကျွန်တော်တို့ အာရုံစိုက်ရမယ့် ကိစ္စပေါ့။ နောက်တစ်ခုက လူဦးရေအခြေခံပြီး လုပ်ပြီဆိုရင် တိုင်းရင်းသားပြည်နယ်တွေက မြို့နယ် (၃)၊ (၄) ခု ပေါင်းပြီးတော့မှ ကိုယ်စားလှယ်တစ်ယောက်ရမှာတို့ဖြစ်လာရင် လက်ရှိရနေတဲ့လွှတ်တော်အချိုးအစားထက်ကို တိုင်းရင်းသားတွေဘက်က အရမ်းနစ်နာသွားမယ်။ ဒီအကျိုးဆက်က ခုနက တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖက်ဒရယ်စနစ်တည်ဆောက်ရေးကို တိုက်ရိုက်သွားပြီးတော့ ထိခိုက်မယ်။ ဒါက လူဦးရေအခြေခံနဲ့စဉ်းစားရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်ပေါ့။ နောက်တစ်ခုက အခြေခံအကျဆုံးကိစ္စကတော့ ရွေးကောက်ပွဲစနစ်ကိုစဉ်းစားရင် (၁ဝဝ) ရာခိုင်နှုန်းအပေါ်မှာ စဉ်းစားချက်မျိုးဖြစ်ရမယ်။ အဲဒီတော့ (၇၅) ရာခိုင်နှုန်းအပေါ်မှာပဲ ရွေးကောက်ပွဲ စနစ်ကို စဉ်းစားနေပြီးတော့ (၂၅) ရာခိုင်နှုန်းက အသေထိုင်ထားတဲ့အခါကျတော့ ရွေးကောက်ပွဲစနစ်ပြောင်း တယ် ရည်ရွယ်ချက်က တစ်ပါတီတည်းမနိုင်အောင် ဆိုတာလောက်နဲ့စဉ်းစားတယ်ဆိုရင် အစိုးရဖွဲ့အဖို့က ဒီ (၂၅) ရာခိုင်နှုန်းကထောက်ခံမှ အစိုးရဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုးကိုဦးတည်သွားမယ်။ အဲဒါဆိုရင် စစ်တပ်က (၂၅) ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းပုံမပြင်နိုင်အောင် ဗီတိုအာဏာကိုင်ထားရုံတင်မကဘဲနဲ့ သူက အုပ်ချုပ်ရေးအာဏာကို ပါ သူထောက်ခံမှ ရမယ်ဆိုတာမျိုးဦးတည်လာရင် ဒီဘက်က မဲဆန္ဒရှင်ပြည်သူများအနေနဲ့ ရွေးကောက်ပွဲ နိုင်ငံ ရေးအပေါ်မှာ ယုံကြည်မှု ပိုမိုကျဆင်းသွားမယ်။ ဒါပေမယ့်လည်း ဒီကိစ္စကိုပြောရင် တပ်ရဲ့တည်ရှိမှုကိစ္စရော ခုနက လူဦးရေပျံ့နှံ့ပုံ၊ ပြီးတော့ တိုင်းရင်းသားတန်းတူညီမှုရေး၊ ဒီထက် ထပ်ပြောရရင် ရွေးကောက်ပွဲကော်မရှင် ရဲ့ အခန်းကဏ္ဍပေါ့။ နိုင်တဲ့အစိုးရကခန့်တဲ့ ရွေးကောက်ပွဲကော်မရှင်ဖြစ်နေတာကိုက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့လိုတယ်။ နောက်ဆုံး ရွေးကောက်ပွဲကော်မရှင်ရဲ့သက်တမ်းကအစ အစိုးရ သက်တမ်းနဲ့ ထပ်တူဖြစ်ထားတာကိုက အဓိပ္ပာယ်မရှိဘူး။ မဖြစ်သင့်ဘူး။ သူက သီးခြားလွတ်လပ်တဲ့ ရွေး ကောက်ပွဲကော်မရှင် ဖြစ်ရမယ်။ တကယ်လို့ ပြုပြင်ပြောင်းလဲမှုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု ရှိ/ မရှိ ဆုံးဖြတ်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ရှိရမယ်။ အစရှိသဖြင့် သူနဲ့ဆင့်ပွားဆွေးနွေးရမယ့်ကိစ္စတွေ က အများကြီးရှိတယ်။ ဒါကြောင့်မလို့ အခုလိုမျိုး ယာယီထိန်းသိမ်းပါတယ်ဆိုတဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ ဒီလောက်အကဲစပ်တဲ့ ကိစ္စမျိုးကို မလုပ်သင့်ဘူး။ နောက်တစ်ခုကလည်း နှိုင်းယှဉ်ပြီးပြောရရင် မြန်မာနိုင်ငံမှာ အိမ်စောင့်အစိုးရလို့ပြောရင် ၁၉၅၈ က အိမ်စောင့်အစိုးရနဲ့ အခုအိမ်စောင့်အစိုးရနဲ့ နှစ်ခုပဲရှိတယ်။ ၁၉၅၈ အိမ်စောင့်အစိုးရတုန်းက လွှတ်တော်မပျက်ဘဲနဲ့ ရွေးကောက်ပွဲလုပ်တာတောင်မှ ရွေးကောက်ပွဲစနစ်ကို ပြုပြင် ပြောင်းလဲတာမလုပ်ဘူး။ အခုက လွှတ်တော်လည်းမရှိဘူး။ နောက်ပြီးတော့ လူထုရဲ့စိတ်ခံစားမှုတွေကလည်း အင်မတန် ပြင်းထန်နေတဲ့အခြေအနေမျိုးမှာ ဒီကိစ္စကိုလုပ်ဖို့ ကြိုးစားတာဟာ ရွေးကောက်ပွဲနိုင်ငံရေးအပေါ်မှာပါ လူထုရဲ့ယုံကြည်ထောက်ခံမှု ကျဆင်းသွားလိမ့်မယ်လို့တော့ ကျွန်တော်မြင်ပါတယ်။

မေး။ ။ အခုမြေပြင်အခြေအနေမှာ ကြည့်ရတာကတော့ လွန်ခဲ့တဲ့နိုဝင်ဘာ ပထမပတ်မှာ သူတို့အစည်းအဝေး လုပ်တဲ့အခါမှာတော့ ပါတီတွေတော်တော်များများ တက်ကြတယ်။ တက်တဲ့အခါမှာ အဲဒီပါတီတွေတော်တော် များများကတော့ ဒါကိုသဘောတူကြတယ်ဆိုတဲ့ ပုံစံမျိုးပြောကြတယ်။ ဆိုတော့ သဘောတူတူ/မတူတူ အစက တည်းက ဒီစနစ်ကိုသွားမယ်လို့ ဆုံးဖြတ်ပြီးသားဖြစ်တယ်။ အဲဒီအခါကျတော့ လူထုကလည်း ယုံကြည်မှုကင်းမဲ့ နေတဲ့အချိန်၊ ဒါကိုလည်း မဖြစ်မနေ သွားမယ်ဆိုတဲ့အချိန်မှာ မြေပြင်အခြေအနေကို ကြည့်ချင်းအားဖြင့် ဒီစနစ်က အောင်မြင်နိုင်မယ့်အနေအထားထိ ရောက်လိမ့်မယ်လို့ အစ်ကိုထင်လား။
ဖြေ။ ။ ကျွန်တော်တို့က တက်တဲ့ပါတီနဲ့ ဆုံးဖြတ်လို့တော့ မရဘူးလေ။ မတက်ရောက်တဲ့ပါတီတွေရဲ့ ပြည်သူ လူထုကြား နိုင်ငံရေးအခန်းကဏ္ဍကိုနားလည်မှ နိုင်ငံရေးက ရှေ့ဆက်သွားလို့ရမှာ။ နောက်တစ်ခုက တစ်နှစ်ပဲ ကျန်တယ်။ လာမယ့် ၂ဝ၂၂ အတွင်းမှာမှ လက်ရှိပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် ၂ဝ၂၃ ရွေးကောက်ပွဲက ဖြစ်ဖို့တောင်မလွယ်ဘူး။ အခုဟာက(၈၈) နဲ့ မတူတာက ဟိုတုန်းက မြို့တွင်းပစ်ခတ်မှုတွေ မရှိဘူး။ တောခို တယ်ဆိုတာက တိုင်းရင်းသားနယ်မြေတွေမှာ အခြေစိုက်ပြီးတော့ တပ်အချင်းချင်းဖြစ်တဲ့ တိုက်ပွဲမျိုးတွေ ဖြစ်ခဲ့ ကြတာ။ အခုဟာက မြို့ပြကိုပါ လက်နက်တွေပျံ့နှံ့လာတဲ့အခြေအနေမျိုးမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေ၊ မဲရုံဗုံးခွဲ တာတွေ၊ ကိုယ်စားလှယ်တွေကို လုပ်ကြံတာတွေ အစရှိသဖြင့် ဒါမျိုးတွေ အများကြီးကြုံလာနိုင်တယ်။ ဒါကြောင့် မို့လို့ ဒီအချိန်မှာ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့ရတာပဲဆိုရင် ဆုံးဖြတ်လို့တော့ ရတယ်။ ဒါပေမယ့် နောက် ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။

မေး။ ။ တစ်ဖက်က PR စနစ်ကို ဝေဖန်နေတဲ့အချက်တွေရှိတယ်။ PR စနစ်ကို ကျင့်သုံးမယ်လို့ ဆုံးဖြတ်တာက တပ် (၂၅) ရာခိုင်နှုန်းနဲ့ တခြားပါတီအချို့နဲ့‌ပေါင်းပြီးတော့ သူတို့လိုချင်တဲ့ သမ္မတလောင်းရွေးဖို့၊ အစိုးရဖွဲ့ဖို့ ရည် ရွယ်ချက်ရှိနေပုံရတယ်လို့ ခေါင်းစဉ်တွေတပ်တာ တွေ့ရတယ်။ ဆိုတော့ တကယ်ပဲ အဲဒီလိုရှိနေလား ဘယ်လို မြင်မိလဲ။
ဖြေ။ ။ ကျွန်တော်တို့က တစ်ပါတီတည်း အနိုင်မရအောင်ဆိုတဲ့ရည်ရွယ်ချက်လောက်နဲ့ PR ကို စဉ်းစားရင် တော့ ဒါဟာ ညွန့်ပေါင်းဖြစ်အောင်လုပ်တာပဲ။ ညွန့်ပေါင်းဖြစ်အောင်လုပ်ပြီဆိုကတည်းက ဒီတပ် (၂၅) ရာခိုင်နှုန်း က ပြောရရင် ပါတီတစ်ခုက လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်းရဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ သူက အလို လျောက်ရပြီးသားဖြစ်နေတော့ သူ့ရဲ့ထောက်ခံမှုဟာ အစိုးရဖွဲ့စည်းရေးအတွက် အရေးပါတဲ့အစုအဖွဲ့ဖြစ်လာ တာပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က နိုင်ငံရေး စစ်စစ်မှန်မှန်ယုံကြည်ကြိုးစားတဲ့အင်အားစုတွေကိုပါ သတ်ပြီး တဲ့သဘောမျိုးပေါ့။ ပြည်သူက နိုင်ငံရေးနည်လမ်းကို မယုံကြည်တော့ဘူး။ ရွေးကောက်ပွဲနည်းလမ်းကို မယုံ ကြည်တော့ဘူးဆိုရင် ရွေးစရာတော်တော် ရှားသွားပြီ။ နောက်ဆုံးပြောရရင် လက်နက်၊ လက်နက်ချင်း ချမှရမယ် ဆိုပြီးတော့ အခုလူငယ်တွေကြားထဲမှာ ပျံ့နှံ့နေတဲ့အခြေအနေမျိုးမှာ ရွေးကောက်ပွဲနည်းလမ်းဟာ နိုင်ငံကို ကောင်းမွန်တဲ့နည်းလမ်းကို ဦးတည်နိုင်တယ်လို့ယုံကြည်မှုမျိုး ဖန်တီးမပေးနိုင်ဘူးဆိုရင် အခြေအနေတွေ ပိုဆိုး သွားနိုင်မယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

မေး။ ။ အဲဒီတော့ လက်ရှိ သူတို့ PR စနစ်ကို ကျင့်သုံးမယ်လို့ပြောနေတဲ့အခါမှာ ကြားရတာက မြို့နယ်ကို အခြေခံ၍လည်းကောင်း (သို့မဟုတ်) ခရိုင်ပေါ့။ ကျွန်တော်တို့ဆီမှာ ခရိုင် (၇၃) ခရိုင်ရှိတယ်။ ဆိုတော့ ခရိုင်အစု အဖွဲ့ကိုအခြေခံပြီးတော့ ခုနကကိုယ်စားလှယ်ရွေးတာမျိုးဖြစ်လာနိုင်ခြေရှိတယ်။ နောက်တစ်ချက်က လူဦးရေကို အခြေခံတာပေါ့။ ဆိုတော့ ဒီစနစ်ကို သူတို့က မဖြစ်မနေအသက်သွင်းမယ့်ပုံစံကြီးကို မြင်နေရပြီ။ ဆိုတော့ ဒီရွေး ကောက်ပွဲကို တချို့ပါတီတွေ ဝင်မလာတဲ့အခါ ဒီရွေးကောက်ပွဲအခြေအနေက မအောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ် လာနိုင်လား။ ဘယ်လိုပြောလို့ရလဲ။
ဖြေ။ ။ အရင်ရွေးကောက်ပွဲတွေမှာလည်း ကျွန်တော်ပြောဖူးတယ်။ ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံရေးရလဒ်ဟာ ထပ်တူမဖြစ်ဘူး။ ရွေးကောက်ပွဲအနိုင်အရှုံးက သပ်သပ်၊ အောက်မှာ နှစ်ပေါင်းများစွာသန္ဓေတည်လာတဲ့ နိုင်ငံရေး ပြဿနာတွေက သပ်သပ်။ ဒါဟာလက်တွေ့မှာလည်း ကျွန်တော်တို့ ကြုံနေရတဲ့ပြဿနာပဲ။ ဒါကြောင့်မို့လို့ လူတွေပြောနေကြတာက ဒီမိုကရေစီဆိုရင် ရွေးကောက်ပွဲ။ ရွေးကောက်ပွဲနိုင်ရင် ဒါဟာဒီမိုကရေးစီပဲလို့ ပြောတာ ဟာ လက်တွေ့မှာ မြန်မာနိုင်ငံရဲ့ပြဿနာတွေဖြစ်တဲ့ အရပ်ဖက်၊ စစ်ဖက်ပြဿနာတွေ၊ တိုင်းရင်းသား တန်းတူ ညီမျှရေး၊ ငြိမ်းချမ်းရေးပြဿနာတွေအားလုံးကို ရွေးကောက်ပွဲနည်းလမ်းတစ်ခုတည်းနဲ့ ဖြေရှင်းလို့မရဘူးဆိုတာ ကို လုံလောက်တဲ့အတွေ့အကြုံတွေ ရပြီးပြီလို့ ကျွန်တော်ထင်ပါတယ်။ သို့သော် ဒီမိုကရေစီသမားတစ်ယောက် အနေနဲ့ ရွေးကောက်ပွဲကအရေးကြီးတယ်ဆိုတာကို နားလည်ပါတယ်။ ပြဿနာက လူထုရဲ့စိတ်ခံစားမှုတွေကို လှုံ့ဆော်ပြီး ရွေးကောက်ပွဲအနိုင်ရအောင်လုပ်တာဟာ ရွေးကောက်ပွဲအလွန် နောက်ထပ်ပြဿနာ အသစ် ဖန်တီးရာရောက်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေး‌ခေါင်းဆောင်တွေရဲ့ အမျှော်အမြင်ဘယ်လောက်ကြီးသလဲ။ ကိုယ့်ပါတီအနိုင်ရရေးလောက်ပဲ မစဉ်းစားဘဲနဲ့ ပါသင့်ပါထိုက်တဲ့သူတွေ၊ မဖြစ်မနေ ဆွေးနွေးရမယ့်သူတွေနဲ့ ပြဿနာအဝဝကိုဖြေရှင်းနိုင်မယ့် စိတ်အမြင်ကျယ်မှုမျိုး ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်မှာ နိုင်ငံရဲ့အနာဂါတ် က မူတည်နေတယ်။ ပြောချင်တာက စစ်တပ်ကခေါင်းဆောင်တွေရော၊ အရပ်ဖက်နိုင်ငံရေးခေါင်းဆောင်တွေ ရော၊ ဟိုတုန်းက ကျွန်တော်တို့က တစ်ပါတီစနစ်မှာတုန်းက ရွေးကောက်ပွဲက တစ်ပါတီပဲရှိတာပေါ့။ ပါတီစုံ ဖြစ် လာတော့ ရွေးကောက်ပွဲဆိုတာ ပြိုင်တာပဲ။ ပြိုင်ရင် နိုင်ရမယ်ဆိုတဲ့စဉ်းစားချက်မျိုးလောက်နဲ့တော့ နိုင်ငံရေး ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာဟာ အခုမျိုးဆက်သစ်လူငယ်တွေအတွက်ပါ လုံလောက်တဲ့သင်္ခါန်းစာ တွေရပြီးပြီလို့ ကျွန်တော်တော့ ထင်တယ်။ အဲဒါမှ သင်္ခါန်းစာ မယူတတ်သေးဘူးဆိုရင် ရွေးကောက်ပွဲက သပ် သပ်၊ ပြဿနာတွေက သပ်သပ်နဲ့ ဒီလိုပဲကျွန်တော်တို့ ဆိုးသွမ်းသံသရာပေါ့။ အဲဒီအထဲကိုပဲ ရောက်သွားလိမ့် ဦးမယ်။ အဲဒီတော့ ရွေးကောက်ပွဲနိုင်ရင် အာဏာရတာပဲဆိုရင်တော့ အဲဒီအာဏာကို၌က နောက်ထပ်ပြဿနာအသစ်တစ်ခုဖြစ်နေတယ်။

မေး။ ။ PR စနစ်ကို ကျင့်သုံးမယ်လို့ မဖြစ်မနေဆုံးဖြတ်လိုက်တဲ့အချိန်မှာ ကျွန်တော် တွေးမိ/ တွက်ဆမိတာ က စစ်တပ်က နိုင်ငံရေးသမားတွေနဲ့ပတ်သက်ရတာ ဆယ်စုနှစ်တစ်ခုပေါ့။ ပြီးခဲ့တဲ့ငါးနှစ်မှာ သူတို့ အဆင်မပြေ ဘူးဆိုတဲ့ ခံစားချက်ပေါ့။ ဆိုတော့ နိုင်ငံရေးသမားဆိုရင် သိပ်မယုံကြည်ချင်ဘူး။ မယုံကြည်ချင်တဲ့ သဘောမျိုး ပေါ့။ နိုင်ငံရေးသမားတွေက ငါတို့အပေါ်ဖိနှိပ်တယ်။ ဒါကြောင့် ငါတို့လည်း ပိုပြီးခြေကုပ်ယူရတော့မယ်ဆိုတဲ့ သဘောမျိုးနဲ့ ပြင်ဆင်တဲ့သဘောမျိုးလို့ ထင်ရတယ်။ အရင်းခံကတော့ နိုင်ငံရေးသမားတွေကို သိပ်မယုံကြည်တဲ့ သဘောမျိုးပေါ့။ အဲဒီအပေါ်ကို အစ်ကို့အနေနဲ့ ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တစ်ယောက်ကိုတစ်ယောက် မယုံဘူးပေါ့။ ကျွန်တော်တို့အရပ်ဖက် ကလည်း စစ်တပ်ကို မယုံဘူး။ စစ်တပ်ကလည်း အရပ်သားကိုမယုံဘူး။ တစ်ယောက်ကိုတစ်ယောက် သူကငါ့ကို အမြဲတမ်းအကောက်ကြံနေမှာပဲ၊ အမြဲတမ်းဆန့်ကျင်နေမှာပဲ ဆိုတာမျိုး ဖြစ်နေရင်တော့ ဒါဟာ ဂျာအေးသူ့အမေ ရိုက်နေမှာပဲ။ အဲဒီတော့ ဒီစကားကပြောရတာ အင်မတန်အန္တရာယ်ကြီးတယ်။ ဆိုတော့ စစ်တပ်ကိုနိုင်ငံရေးက ဖယ်ထုတ်ချင်တာကတော့ စိတ်ရင်းပဲ။ ကျွန်တော်လည်း ဖယ်ထုတ်ချင်တယ်။ ဖြစ်နိုင်ရင် နေ့ချင်းညချင်းပဲ ဖယ် ထုတ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်း ဒီမိုကရေစီနိုင်ငံတွေအများကြီးကို လျောက်သွားခဲ့၊ လေ့လာခဲ့ဖူးတယ်။ သို့သော် နိုင်ငံရဲ့အခြေအနေအရ ကျွန်တော်တို့က အရင်ကလည်းပြောဖူးတယ်။ ကျွန်တော် တို့ နိုင်ငံရေးခေါင်းဆောင်တွေက ဘယ်မော်ဒယ်လ်ကို စဉ်းစားနေတာလဲ။ ဖိလစ်ပိုင်မော်ဒယ်လ်လား၊ အင်ဒိုနီးရှား မော်ဒယ်လ်လား။ ဖိလစ်ပိုင်မော်ဒယ်လ်ဆိုတာက စစ်တပ်က ပြိုကွဲတာပေါ့ဗျာ။ ဗိုလ်ချုပ်ကြီး ရားမို့စ်က People Power နဲ့ လူထုတိုက်ပွဲနဲ့ ပူးပေါင်းသွားတယ်။ မားကို့စ်ကိုပြောရရင် အမေရိကန်က ခေါ်ထုတ်သွားတယ်ပေါ့ဗျာ။ အဲဒါအပြောင်းအလဲဖြစ်သွားတယ်။ ဒါက မော်ဒယ်လ် တစ်ခုပေါ့။ နောက်တစ်ခုက အင်ဒိုနီးရှား မော်ဒယ်လ်ပေါ့။ ဒီလိုပဲ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေတယ်။ လွှတ်တော်ထဲမှာ ရွေးကောက်မခံဘဲ ဝင်ထိုင်နေတယ်။ ပြီးတော့မှ အရပ်ဖက်နိုင်ငံရေးသမားတွေနဲ့ စစ်ခေါင်းဆောင်တွေနဲ့ကြားထဲမှာ တစ်ဖက်ကလည်း လူထုရဲ့အင်အားနဲ့ ဖြည်း ဖြည်းချင်း လျော့ချပြီးတော့မှ စစ်တပ်က နိုင်ငံရေးကနေ တဖြည်းဖြည်းချင်းဆုတ်ခွာတယ်။ ဒါတောင်မှ စီးပွားရေး မျက်နှာစာမှာ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ အများကြီးဆက်ကျန်နေသေးတယ်။ ဆိုတော့ နိုင်ငံရေးက ဆုတ်ခွာတာတောင် စီးပွားရေးမှာသူက ကျန်သေးတယ်။ ဒါကို တဖြည်းဖြည်းချင်းနဲ့မှ Professional Army ဖြစ် လာအောင်ပေါ့။ တကယ်က စစ်တပ်ဆိုတာ စီးပွားရေးလုပ်စရာမလိုဘူးဗျာ။ တကယ့်စွမ်းအားပြည့်တဲ့ စစ်တပ် တွေဆိုတာက လက်တင်တိုက်တာပဲ။ ရိက္ခာ၊ လက်နက်ခဲယမ်း ကို တိုက်တဲ့နေရာအထိ ချပေးပြီးတော့ တိုက်တာ ပေါ့ဗျာ။ ဒါကတော့ နိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုနဲ့နည်းပညာတွေလည်း ပါတာပေါ့။ တကယ့်တကယ်က ကျွန်တော် တို့က အဲဒီအခြေအနေရောက်ဖို့ အများကြီးကြိုးစားရအုံးမှာ။ အရင်ကတည်းက ကျွန်တော်ပြောခဲ့တာ ဒီနိုင်ငံရဲ့ အခြေအနေမှာ ကျွန်တော်တို့က စစ်တပ်ကိုနေ့ချင်းညချင်း ဖမ်းထုတ်ပစ်ဖို့ဆိုတာ မလွယ်ဘူး။ နောက်တစ်ခုက စစ်တပ်ကိုအားယူပြီးတော့မှ နိုင်ငံရေးလုပ်မယ်ဆိုရင်တော့ မလုပ်ပါနဲ့။ ဒါဟာ ကျွန်တော်တို့ ဒီမိုကရေစီ နိုင်ငံရေး သမားတွေအနေနဲ့ စောင့်ထိန်းရမယ့်စည်းပေါ့။ အဲဒီတော့ တစ်ဖက်ကတော့ ကြားကာလ စပ်ကူးမတ်ကူးကာလ မှာ လိုအပ်တဲ့နေရာတွေမှာပူးပေါင်းဆောင်ရွက်နိုင်တဲ့ နားလည်မှု၊ ယုံကြည်မှုလိုတယ်။ ကျွန်တော်တို့ကတော့ ဒီမိုကရေစီသမားအနေနဲ့ စစ်တပ်ကို နိုင်ငံရေးထဲက တဖြည်းဖြည်းချင်းဆုတ်ခွာဖို့ နည်းလမ်းရှာတာရော၊ ကြိုးစား တာရော၊ လုပ်ကိုလုပ်နေရမယ်။ နောက်တစ်ခုကတော့ စစ်တပ်အားနဲ့ နိုင်ငံရေးအာဏာရဖို့ လုပ်တယ်ဆိုတာ ကလည်း နောက်ဆုံး စစ်တပ်က နိုင်ငံရေးထဲပါလာတာကို၌ကလည်း အရင်က အရပ်သားနိုင်ငံရေးသမားတွေက ဆွဲသွင်းလို့ ပါလာတာ။ ဆိုလိုတာက ထပ်ပြီးမကျူးလွန်ပါနဲ့။ နောက်ပြီး အငြိမ်းစားယူပြီး နိုင်ငံရေးသမားလုပ်ပြီ ဆိုရင်လည်းပဲ လူထုအားကို ယုံယုံကြည်ကြည်နဲ့ထောက်ခံမှုရအောင် လုပ်ပါ။ ဒါက အကုန်လုံးကိုပြောချင်တာ ဖြစ်တယ်။ စစ်တပ်ကိုအားယူပြီးလုပ်တဲ့ နိုင်ငံရေးဟာ တိုင်းပြည်အတွက် အင်မတန်အန္တရာယ်ကြီးတယ်။ အဲဒီ တော့ စစ်တပ်ကိုရန်ရှာပြီးတော့ ချက်ချင်းမောင်းထုတ်တဲ့နိုင်ငံရေးဟာ အခုကျွန်တော်တို့တွေက ကြာလေကြာ လေ စစ်တပ်ကို မကြည့်ချင်၊ မမြင်ချင်လောက်အောင် အမုန်းတရားပိုကြီးလာတော့ လက်တွေ့သဘောအားဖြင့် တကယ့်ပဲ စစ်တပ်ကိုအပြုတ်တိုက်မှာလား။ အပြတ်ခြေမှုန်းမှာလား။ ပြီးရင် ဘယ်လိုမျိုးပြန်ပြီး အစားထိုးမလဲ။ အချိန်ကာလ ဘယ်လောက်ကြာမလဲ။ နောက်ပြီး နိုင်ငံတာကာ ဆိုတာကလည်း စဖြစ်ကတည်းကနေပြီးတော့ R2P လာတော့မယ်၊ ကုလသမဂ္ဂ လာတော့မယ်၊ အမေရိကန် လာတော့မယ် အစရှိသဖြင့်ပေါ့ ဖြစ်လာတာတွေက (၉) လ ဖြစ်လာပြီပေါ့ဗျာ။ နောက်ပြီး နိုင်ငံတကာမှာလည်း ပြည်ပစွက်ဖက်မှုကြောင့်မို့လို့ အနိဋ္ဌာရုံတွေ ကြုံနေရ တာ ကျွန်တော်တို့မျက်စိအောက်မှာ အများကြီးပဲရင်ဆိုင်နေရတယ်။ ဆိုတော့ တစ်ဖက်ကလည်း ကျွန်တော်တို့ ဒီမိုကရေစီရေးကို စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ သံတမန်ပိုင်းဆိုင်ရာ နိုင်ငံရေးအရအားပေးနေတာကို ကျွန်တော်တို့ ကိုယ်တိုင်လည်း ကြိုးလည်းကြိုးစားခဲ့တယ်။ ကျေးဇူးလည်းတင်တယ်။ သို့သော် နိုင်ငံရဲ့ပကတိတရားနဲ့ နိုင်ငံရေး အရ ဘယ်လိုထွက်ပေါက်ရှာမလဲဆိုတာကို မှန်မှန်ကန်ကန် စဉ်းစားကြဖို့ လိုမယ်လို့မြင်ပါတယ်။

မေး။ ။ အဲဒီတော့ နိုင်ငံရေးသမားတွေနဲ့စစ်တပ်ကြားမှာ ရွေကောက်ပွဲစနစ်နဲ့ တဖြည်းဖြည်းပေါင်းကူးပြီး ရင်ကြားစေ့ရတာပေါ့။ စနစ်တစ်ခုမရှိဘဲနဲ့ သူက လုပ်လို့မရဘူး။ အဲဒီမှာလည်း ချပေးတဲ့စနစ်ကလည်း တစ်ဖက်နဲ့ တစ်ဖက်က ဘယ်သူကအသာစီးယူနိုင်မလဲဆိုတာမျိုး ပြင်နေတာတွေ့ရတယ်။ ဆိုတော့ အဲဒီဟာကို ဘယ်လိုပုံစံ နဲ့ ကျော်သင့်တယ်လို့ထင်လဲ။ ဘယ်လိုကျော်လွှားသင့်သလဲပေါ့။
ဖြေ။ ။ အခုလည်း ကျွန်တော်တို့အငြင်းပွားနေတာက ၂ဝဝ၈ က ရှိသေးသလား။ မရှိတော့ဘူးလား ဆိုတာပေါ့။ အဲဒီတော့ ၂ဝဝ၈ မရှိတော့ဘူးဆိုရင်တော့ ဘာမှ ရွေးကောက်ပွဲတွေ ဘာတွေလည်း စဉ်းစားမနေနဲ့။ ကျွန်တော် တို့က တော်လှန်ရေးပေါ့ဗျာ။ အပြုတ်တိုက်ရေးပေါ့။ တစ်ယောက်ယောက်ပြုတ်သွားမှ အေးမယ်ပေါ့ဗျာ။ ဒါက တော့ ချည်းကပ်မှုပုံစံတစ်မျိုးပေါ့။ နောက်တစ်ခုက ၂ဝ၂၃ မှာ ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုရင်တော့ စစ်တပ်ကို ၌က ၂ဝဝ၈ ကို ဆက်သုံးလို့မရတော့ဘူး။ ပျက်ပြယ်သွားပြီ။ အဲဒါကတော့ ပျက်စေချင်တဲ့သူရော၊ ရွေးကောက်ပွဲ မလုပ်နိုင်လို့ ပျက်သွားတဲ့အခြေအနေရော တစ်သားတည်းဖြစ်သွားပြီ။ အဲဒါဆိုရင်တော့ ဘာဥပဒေမှ မရှိတော့တဲ့ မာရှယ်လော စစ်အုပ်ချုပ်ရေးကာလကို ကျွန်တော်တို့က ရောက်သွားမယ်။ ၂ဝ၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုတာနဲ့ တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့စစ်အုပ်ချုပ်ရေးအောက်ကို ရောက်သွားမယ်။ ဆိုတော့ အဲဒါ က ကာလဘယ်လောက်ကြာပြီး ဘယ်လိုမျိုး ဒီအထဲကနေ ပြန်ရုန်းထွက်မလဲဆိုတာကို ကျွန်တော်ထင်တယ် ပြောနိုင်မယ့်သူရှိရင် ပြောပြကြပါ။ ရှင်းပြကြပါပေါ့။ လက်တွေ့ကျကျတော့ ပြောပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော် တို့က နိုင်ငံရေးမှာမကြိုက်ပေမယ့် လက်ခံလိုက်ရတဲ့ဟာတွေကတော့ အထင်ရှားဆုံးပြောရရင်တော့ ၂ဝ၁၂ ပေါ့။ ကျွန်တော်တို့ ထောင်ထဲမှာ၊ တောထဲမှာ၊ လမ်းပေါ်မှာ အများကြီးသေခဲ့တယ်။ နောက်ဆုံး ၂ဝဝ၈ ဖွဲ့စည်းပုံကို တစ်ဖက်သက်ရေးဆွဲတဲ့ကိစ္စကို ကျွန်တော်တို့ဆိုရင် ဖွဲ့စည်းပုံမဖြစ်ခင်ကတည်းက ဆန့်ကျင်ခဲ့တဲ့အတွက် ကြောင့် ကျွန်တော်ဆိုရင် ထောင်ဒဏ်(၆၅) နှစ်နဲ့ (၆) လ ထောင်ကျတယ်။ ၂ဝဝ၈ ကို ဖြစ်မှကန့်ကွက်တာ မဟုတ်ဘူး။ ဆွဲနေတဲ့အချိန်မှာကတည်းက ကန့်ကွက်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ နှစ်ရှည်ထောင်ဒဏ် ကျသွားခဲ့တာ။ ၂ဝ၁၂ ပြန်ပြီး ထွက်လာတော့ ၂ဝဝ၈ ကို လက်ခံတဲ့အခြေအနေရောက်နေပြီ။ NLD က ကြားဖြတ် ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဆုံဖြတ်ချက်ဖြစ်လာတော့ အရပ်ရပ်အခြေအနေတွေအရ မကြိုက်ဘဲနဲ့ လက်ခံလိုက် ရတဲ့အခြေအနေတစ်ခုကို ကျွန်တော်တို့ဖြတ်သန်းခဲ့ရတယ်။ ပြောရရင်တော့ ဖြတ်သန်းခဲ့တဲ့ ပြီးခဲ့တဲ့လွှတ်တော် သက်တမ်း (၂) ခုနဲ့ပတ်သက်ပြီး ပြန်ပြောစရာတွေ သုံးသပ်စရာတွေ အများကြီးရှိတယ်ပေါ့ဗျာ။ အဲဒီအခြေအနေ ကနေ တိုင်းပြည်ဟာ ကိုဗစ်ကြောင့်ရော၊ နိုင်ငံရေးကြောင့်ရော၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့်ရော၊ စီးပွား ရေး၊ လူမှုရေးအကြပ်အတည်းတွေဟာ တစ်နိုင်ငံလုံးအနှံ့မှာ အတော်ကြီးနေပြီ။ ဘယ်လိုဖြေရှင်းမလဲဆိုတာကို လေးလေးနက်နက်စဉ်းစားကြဖို့ လိုမယ်လို့ထင်ပါတယ်။ ဒါဟာ ကျွန်တော့်ကိုယ်ရေးကိုယ်တာ ဘာအကျိုးစီးပွား မျှော်မှန်းချက်မှ မရှိဘူး။ တစ်လျှောက် (၃၄) နှစ် နိုင်ငံရေးလုပ်လာခဲ့တာမှာလည်း ဘာကြီးဖြစ်ချင်လို့၊ ဘယ်လို ဖြစ်ချင်လို့ဆိုပြီးလုပ်ခဲ့တာ ဘာမှမရှိဘူး။ ကျွန်တော့်ကို အခွင့်အလမ်းတွေကမ်းလှမ်းခဲ့တာမှာလည်း ကိုယ်ရေး ကိုယ်တာအတွက်ဆို ဘာတစ်ခုမှကျွန်တော်လက်မခံခဲ့ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့လည်း (၃၄) နှစ် ဖြတ် သန်းပြီးတော့ အခုဆို (၆ဝ) နား ရောက်လာပြီ။ အခုဖြစ်တဲ့အခြေအနေတွေကိုလည်း ကြည့်ပြီးတော့ တော်တော် ကိုလည်း စိတ်ထိခိုက်တယ်။ နောက်ပြီး လူတွေရဲ့စိတ်တွေကိုရော အရမ်းကိုပြင်းထန်၊ ခက်ထန်လာပြီးတော့ အမုန်းတွေ အရမ်းကြီးလာတဲ့ကိစ္စဟာ ပြောရင်တော့လွယ်ပါတယ်ဗျာ။ မင်းက စစ်တပ်ကပစ်ခတ်နေတာတွေကို မပြောဘူးလားဆိုရင် ပြောပါတယ်ဗျာ။ ကျွန်တော်တို့ အာဏာသိမ်းကတည်းက ကန့်ကွက်တဲ့အကြောင်း အကြမ်း မဖက်ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို အားပေးတဲ့အကြောင်း၊ ဖမ်းဆီးခံရရင်တောင်မှ ကျွန်တော်တို့က ဥပဒေ ကြောင်းအရလိုက်ပြီးတော့ အကာအကွယ်ပေးတာတွေ၊ အခုချိန်ထိလည်းလုပ်နေတယ်။ ဆိုတော့ ကျွန်တော်ဟာ ယုံကြည်တဲ့ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ရေး ရပ်တည်ချက်တွေပေါ်ကနေ ဆံချည်တစ်မျှင်တောင်လျော့ မသွား ပါဘူး။ သို့သော် ဘယ်လိုထိခိုက်ဒဏ်ရာ အနည်းဆုံးနဲ့သွားမလဲ။ ဖြစ်တာတော့ ဖြစ်မှာပေါ့။ ကျွန်တော်တို့ ကိုယ်တိုင်တောင်မှ ဘဝနဲ့ချီပြီးတော့ အများကြီးပေးဆပ်ခဲ့ရတာပဲ။ အခုလည်းပဲ ငယ်စိတ်နဲ့ပြောရရင် ထောင်ထဲ သွားနေတာမှ စိတ်ပိုသက်သာတယ်။ ပြောရရင် ထောင်ထဲမှာဘယ်လိုနေရထိုင်ရမယ်ဆိုတာ ကျွန်တော်သိတ ယ်ဗျာ။ ကျွန်တော်တို့ နေခဲ့ရတဲ့အချိန်တုန်းက တမန်တလင်းပေါ်မှာ အိပ်ရတာ။ အခုက ကွက်ပျစ်နဲ့အိပ်ရတာ။ ကျွန်တော်တို့ ဂန်ဖလားနဲ့ အပေါ့/အလေး သွားရတာ။ အခုဆို ရေလောင်းအိမ်သာနဲ့။ ကျွန်တော်တို့တုန်းက စာရွက်စာတမ်း ဖတ်ခွင့်မရှိဘူး။ အခုဖတ်လို့ရတယ်။ ဆိုလိုတာက ကျွန်တော်တို့နေခဲ့ရတဲ့အချိန်နဲ့ အခုအချိန်မှာ ထောင်ထဲမှာသွားနေတဲ့ကိစ္စဟာ ကျွန်တော့်အတွက် အရမ်းကိုသက်သာတယ်။ စိတ်ဖိစီးမှုနည်းတယ်။ ဒါပေမယ့် ဖြတ်သန်းမှုအရ ကိုယ်ယုံကြည်ရာကိုလုပ်မယ်ဆိုပြီး ကြံ့ကြံ့ခံရတဲ့ကိစ္စဟာ အဖမ်းခံရတာထက် ပိုပြီးတော့ ပင်ပန်း တယ်။ တကယ့်ကို ဒါဟာ ကျွန်တော့်စိတ်ထဲမှာ ခံစားရတာကို လေးလေးနက်နက်ပြောပြတာဖြစ်တယ်။

မေး။ ။ အဲဒီတော့ ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းမှာက အာဏာသိမ်းမှုပေါ်ပေါက်လာတဲ့နောက်မှာပေါ့နော် နိုင်ငံရေးစနစ်အရတော့ PR စနစ်ကို မဖြစ်မနေသုံးဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ အခြားတစ်ဖက်မှာလည်း လူထုက မယုံကြည်ခြင်းနဲ့သွားတယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိတယ်/မရှိဘူး ဆိုတာကလည်း ဘာမှန်း မသိတော့ဘူး။ လူထုကြားမှာလည်း တစ်ဖက်နဲ့တစ်ဖက် အမုန်းတရားတွေက ကြီးနေတယ်။ ဆိုတော့ ဒီအခင်း အကျင်းကြီးက လူတိုင်းကို တိုက်ရိုက်သွားပြီး အချိုးကျနေတာကိုတွေ့ရတယ်။ ဘယ်ပုံစံက ကျွန်တော်တို့နိုင်ငံ အတွက် အကောင်းဆုံးမော်ဒယ်လ်တစ်ခု ဖြစ်မယ်လို့ထင်လဲ။
ဖြေ။ ။ ကျွန်တော်သုံးသပ်တာပေါ့လေ။ ပြီးခဲ့တဲ့နှစ်(၃ဝ) ကျော်ကာလမှာ ရွေးကောက်ပွဲတွေ လုပ်ခဲ့တယ်။ အဖက်မတင်တဲ့ ရွေးကောက်ပွဲတွေ၊ ထင်ရှားတဲ့ရွေးကောက်ပွဲတွေကိုပြောပါဆိုရင် ၁၉၉ဝ နဲ့ ၂ဝ၂ဝ ပေါ့။ ဘာ ကြောင့်လဲဆိုတာကို ကျွန်တော်တို့က သေသေချာချာပြန်ပြီး ကောက်ချက်ချဖို့လိုတယ်။ အဲဒီတော့ ကျွန်တော် မြင်တာတော့ ၁၉၉ဝ ရွေးကောက်ပွဲမတိုင်ခင်တုန်းကလဲ ကျွန်တော်တို့အရပ်စကားပြောရရင် ဒိုင်နဲ့ထိုးသားနဲ့ ဒီပွဲ ကို ဘယ်လိုကစားမယ်ဆိုတဲ့သဘောတူညီမှုမရဘဲနဲ့ ပွဲသာဖြစ်သွားတယ် နဂိုကတည်းက သဘောတူညီမှုမရှိ ဘူး။ ၁၉၉ဝ ရွေးကောက်ပွဲလည်းပြီးသွားရော ရွေးကောက်ပွဲရလဒ်ကို ဘယ်လိုဆက်ပြီးတော့ အကောင်အထည် ဖော်မလဲဆိုတာကို ရွေးကောက်ပွဲမတိုင်ခင်တုန်းကလဲ ညှိနှိုင်းသဘောတူညီမှုမရှိဘူး။ ရွေးကောက်ပွဲပြီးတဲ့ အချိန် မှာလည်း သဘောတူညီမှုမရနိုင်ခဲ့ဘူး။ အဲဒါနဲ့နောက်ဆုံး ဘယ်ချိန်ကျမှပြတ်သွားလဲဆိုတော့ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင်လိုက်တဲ့အခါမှာ အရေးကြီးတဲ့နိုင်ငံရေးကောက်ချက် (၂) ခုရှိတယ်။ တစ်ခုက ၁၉၉ဝ ရွေးကော က်ပွဲရလဒ်ကိုစွန့်လွှတ်လိုက်တယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ နောက်တစ်ခုကတော့ ရွှေဂုံတိုင်ကြေညာ ချက်အရ ဖွဲ့စည်းပုံမပြင်ရင် မဝင်ဘူးလို့ပြောထားတာ။ အဲဒီကနေပြီးတော့ ဝင်ပြီးပြင်မယ်လို့ ဆုံးဖြတ်လိုက်ပြီး နောက် ၂ဝဝ၈ ဖွဲ့စည်ပုံကို မကြိုက်ပေမယ့်လည်းပဲ လက်ခံမယ်ဆိုတဲ့သဘောမျိုး သက်ရောက်တယ်။ ဒါ့ကြောင့် မို့လို့ ၁၉၉ဝ ရွေးကောက်ပွဲဟာ မတိုင်ခင်တုန်းကလည်း သဘောတူညီမှုမရှိဘူး။ ရွေးကောက်ပွဲပြီးသွားတဲ့အချိန် မှာလည်း သဘောတူညီမှုမရနိုင်တဲ့အတွက်ကြောင့် နောက်ဆုံး ၂ဝ၁၂ တုန်းက ကိုယ်ဘာသာကိုယ် ဖျက်ပစ် လိုက်တဲ့သဘော သက်ရောက်တယ်။ ပြောရရင် စစ်အစိုးရက ဖျက်တာမဟုတ်ဘူး။ ကိုယ်က ဖျက်လိုက်တယ်ဆို တဲ့ သဘောဖြစ်တယ်။ ဒါက ပထမတစ်ကြိမ်ပေါ့။ အခု ၂ဝ၂ဝ ကိုပြောရင် ၂ဝ၂ဝ ကို ကွက်ပြောလို့မရဘူး၊၊ ၂ဝ၁၂ က စပြောရမယ် ၂ဝ၁၂၊ ၂ဝ၁၅၊ ၂ဝ၂ဝ ပေါ့။ အဲဒီတော့ စပြီးတော့ ဒီအခင်းအကျင်းထဲကို ဝင်တော့မယ်ဆို ကတည်းက မဝင်ခင်မှာ ကြိုတင်ပြီးတော့ သဘောတူညီမှု၊ ဒါကျွန်တော်တို့ကတော့ နိုင်ငံရေးသဘောတူညီမှု မရ ခင်ပေါ့၊ မရခဲ့ဘူးဆိုတာက ထင်းရှားတာပြောရမယ်ဆိုရင် ကျွန်တော်တို့မှာလည်း ထောင်ထဲမှာတမျှော်မျှော်နဲ့ ကျွန်တော်တို့မှာ သတင်းလေးနဲ့ပဲအားမွေးရတာပေါ့ဗျာ။ အပြင်မှာနိုင်ငံရေးကောင်းလာပြီ၊ မျှော်လင့်ချက်ရှိလာပြီ၊ အဲဒီလိုပဲ ကျွန်တော်တို့ထောင်ထဲမှာ နှစ်ရှည်မျှော်လင့်ရတဲ့အခါကျတော့ ဟိုတုန်းကဆိုရင် ခိုးပြီးသွင်းရတာ စာရွက်စာတမ်းကအစ၊ ဗိုလ်ချုပ်ခင်ညွှန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံးဆွေးနွေးတယ်ဆိုတဲ့ဓာတ်ပုံတွေ ပါ လာပြီဆိုရင် အကျဉ်းသားတွေက အဲဒါဆိုရင်တော့ အနည်းဆုံးတော့ ငါတို့လွတ်တော့မယ်ဆိုတာမျိုးပေါ့။ နိုင်ငံရေးက ပြောင်းတော့မယ်ပေါ့။ ပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ဓာတ်ပုံတွေ ပါလာပြီဆိုရင် ကျွန်တော်တို့မှာ ပျော်ရတာ၊ နောက်ဆုံး ၂ဝ၁၂ မှပဲ ကျွန်တော်ထောင်က လွတ်လာတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်နဲ့တွေ့တဲ့ဓာတ်ပုံမြင်တော့ ဒီတစ်ခါတော့ သေချာပြီဟေ့..ဆိုပြီး ပျော်နေရ တယ်။ ပြောရရင် ကျွန်တော်တို့က ဓာတ်ပုံကြည့်ပြီး ဘာသာပြန်နေရတယ်။ ဘာတွေဆွေးနွေးခဲ့ကြလို့ ဘာတွေ သဘောတူခဲ့တယ်ဆိုတာကို ဘယ်သူမှမသိရဘူး။ အခုအထိပဲ။ အဲဒီတော့ ကျွန်တော်က ဘာမြင်လာလဲဆိုတော့ တကယ့် တကယ်အရေးကြီးတာက နိုင်ငံရေးသဘောတူညီမှုတွေမရှိဘဲနဲ့ လုပ်တဲ့အတွက်ကြောင့်မို့လို့ ဒီပြဿ နာတွေပေါ်တယ်လို့ ကျွန်တော်က ကောက်ချက်ချတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံကိုက ကျေကျေ နပ်နပ်ကြီး သဘောတူညီလို့ ဖြစ်လာခဲ့တာမဟုတ်ဘူး။ သူကိုယ်တိုင်ကိုက နိုင်ငံရေး သဘောတူညီမှုမဟုတ်ဘူး။ နောက်ဆုံး ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ လက်တွေ့ကျင်သုံးတဲ့အခါမှာ ဒီဖွဲ့စည်းပုံရဲ့အပြစ်အနာတွေပေါ့။ ချို့ယွင်းချက်၊ အားနည်းချက်တွေကို အများကြီးတွေ့ခဲ့ရတယ်။ အခုနှစ်ကြိမ်လည်း ကျင့်သုံတဲ့အခါလည်း ကျ ရော ပိုပြီးတွေ့လာတယ်။ ဒီဖွဲ့စည်းပုံကို ကျွန်တော်ကတော့ ဘယ်လောက်အထိ ပြင်းပြင်းထန်ထန်ပြောလဲဆိုရင် သန္ဓေမကောင်းဘူး။ တစ်ခါတည်း ကမ္ဘာတည်သရွေ့၊ နိုင်ငံတည်သရွေ့ဆိုတဲ့မျှော်မှန်းချက်မျိုး မဟုတ်ဘဲနဲ့ အဲဒီ အချိန်မှာဆွဲတဲ့ ဦးဆောင်တဲ့သူတွေရဲ့စဉ်းစားချက် ၊ စိတ်နေစိတ်ထားနဲ့ ဆွဲခဲ့တာ။ သူများတွေ နှစ်(၇ဝဝ)ကျော် ခံ တဲ့ဖွဲ့စည်းပုံက လတ်တလောအကျိုးစီးပွားအနေနဲ့ကြည့်တာမဟုတ်ဘဲနဲ့ တကယ့်ကို အခြေခံရမယ့်မူတွေ အပေါ် မှာတည်ပြီးတော့ တည်ဆောက်ထားတာ။ ဒါတောင်မှ လိုအပ်သလို ဖွဲ့စည်းပြုပြင်ရေးဆိုတာကတော့ ကာလ အလိုက်တောက်လျှောက်လုပ်ရတာပဲ၊၊ အဲဒီတော့ အခုကာလမှာလည်း အရေးတကြီးလိုအပ်တာက အသွင်ကူး ပြောင်းရေးကာလ သဘောတူညီချက်ကို အမြန်ဆုံးကျွန်တော်တို့ရအောင် ကြိုးစားဖို့လိုတယ်။ အဲဒါမရှိဘဲနဲ့ ကျန် တာ လုပ်ချင်တာလုပ်ဆိုရင် လူထုယုံကြည်မှုမရနိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကလည်း လူထုကိုချပြရမှာက ဖောင်းဒိုင်း ဖောင်ဒိုင်းတွေနဲ့ ဟိုနေရာမှာ ပစ်သွားပြန်ပြီ၊ ဒီနေရာမှာ ပစ်သွားပြန်ပြီ၊ ဟိုမှာ ဖမ်းပြန်ပြီ၊ ဒီမှာ ဖမ်းပြန်ပြီ ဆိုတဲ့ ဘယ်တော့ပြီးမယ်မှန်းလဲ မသိတဲ့၊ ကာလအကန့်အသတ်မရှိတဲ့လမ်းကြောင်းတစ်ခုကို သွားမှာ လား။ ဒါမှမဟုတ် ဒီဘက်မှာ ဒါတွေပြီးသွားရင် ဘယ်ဟာတွေက ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပြီးတော့ နိုင်ငံက ပွင့် လင်းတဲ့၊ ကောင်းမွန်တဲ့၊ ဖယ်ဒရယ်ကိုဦးတည်တဲ့၊ ဒီမိုကရေးစီကိုဦးတည်တဲ့၊ အပြောင်းအလဲတွေဖြစ်လာတော့ မယ်ဆိုတဲ့လမ်းကြောင်းကို ရွေးမှာလားဆိုတာကို ကျွန်တော်တို့က ရွေးချယ်စရာကောင်းကောင်းဖန်တီးပေးဖို့ လို တယ်။ အဲဒီတော့ အခုအတိုင်း ရွေးကောက်ပွဲလုပ်ပေးမယ်။ နိုင်တဲ့သူကို အာဏာပေးမယ်ဆိုတာကတော့ sorry ပဲ အယုံအကြည်မရှိဘူး။ ဒါကြောင့်ကျွန်တော်တို့က အရေးတကြီးလုပ်ရမယ့်ကိစ္စက ဒီအခြေအနေကနေ လွန် မြောက်ဖို့အတွက် ကျွန်တော်တို့ ဘယ်ကိစ္စတွေကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အတွက် ကြိုတင်သဘောတူညီ ချက်ရရှိဖို့ အဲဒါက အရေးတကြီးလိုအပ်တယ်။ အဲဒါက လာမယ့်နှစ် (၁)နှစ်ပဲရှိတယ်။ ၂ဝ၂၂ မှာမှ လူထုကိုနိုင်ငံ ရေး မျှော်လင့်ချက်ကောင်းကောင်း ခိုင်ခိုင်မာမာမပေးနိုင်ဘူးဆိုရင် နိုင်ငံက ရေစုန်မျောလိမ့်မယ်လို့ ကျွန်တော် ကတော့ အဲဒီလိုပဲမြင်တယ်။ မျှော်လင့်ချက်လဲ ကျွန်တော်တို့ ရှိမှရမယ်။

မေး။ ။ အခုအခင်းအကျင်းကို ကြည့်လိုက်တဲ့အခါကျတော့ ၂ဝ၁ဝ၊ ၂ဝ၁၅ လွှတ်တော်သက်တမ်းတစ်ခု နောက် ၂ဝ၁၅၊ ၂ဝ၂ဝ လွှတ်တော်သက်တမ်းတစ်ခု ဒီနှစ်ခုကို ကြည့်လိုက်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သန္ဓေမကောင်းဘူးဆိုတဲ့အချက်တွေကို ပြင်နိုင်ဖို့ဆိုတာမှာ လွယ်တာကနေ စပြင်ရတာဆိုတော့ အဲဒီ အဖွဲ့နှစ်ခု လုံးက သူတို့သေသေချာချာမလုပ်ခဲ့ကြဘူးလားဆိုတဲ့ တွေးစရာဖြစ်သွားတာပေါ့။ ပြန်ပြီး Review လုပ်ကြည့်တဲ့ အခါမှာ အဲဒီလိုမျိုး တွေ့မိလား။
ဖြေ။ ။ ကျွန်တော်အရင်ကလဲ ပြောဖြစ်တယ်ဗျာ။ လွှတ်တော်မှာ ဥပဒေတစ်ခု တင်တယ်၊ ဆုံးဖြတ်တယ်ဆိုတာ လွှတ်တော်ရောက်မှ ဘွားကနဲ့ပေါ်လာတာမဟုတ်ဘူး။ ဒါနိုင်ငံတကာမှာဆိုရင် အဲဒီအတွက် လော်ဘီ(Firm) တွေတောင်ရှိတယ်။ သဘောကတော့ ဒီဥပဒေကျမ်းတစ်ခုကိုတင်လိုက်ရင် ထောက်ခံတဲ့ရာခိုင်နှုန်းဘယ် လောက်ဖြစ်မလဲ၊ ကန့်ကွက်တဲ့ရာခိုင်နှုန်းဘယ်လောက်ဖြစ်မလဲ။ ကြားနေတဲ့ရာခိုင်နှုန်းက ဘယ်လောက် ဖြစ်မလဲ။ အဲဒီတော့ ကြားနေတဲ့ရာခိုင်နှုန်းကို ကိုယ်ဘက်ပါလာအောင် ဘယ်လိုဆွဲဆောင်မလဲ။ ဒါက သာမန် ဥပဒေကျမ်းတစ်ခုမှာတောင်မှ အဲဒီလိုမျိုး အပြင်မှာ စနည်းနာရတယ်။ ပြီးတော့ သီးခြား ကိုယ်လိုအပ်တဲ့ မဲအရေ အတွက်ရအောင် ကြိုးစားတာတွေ ညှိနှိုင်းတာတွေ လုပ်ရတယ်။ အဲဒီတော့ နိုင်ငံရေးရဲ့သဘာဝက လွှတ်တော် ဆိုတာက ပြောရရင် အပြင်မှာပြီးသလောက်ရှိတော့မှ လွှတ်တော်မှာတင်ပြီးတော့ မဲခွဲတာ။ တခါတစ်လေတော့ ရှိတယ်။ ကန့်ကွက်တဲ့သူတွေကို ပေါ်လွင်ထင်ရှားစေချင်လို့ တမင်တကာရှုံးမှန်း သိရဲ့သားနဲ့ မဲ ခွဲတာရှိတယ်။ အဲဒါကတော့ အခု ဒီမှာဖြစ်သွားတဲ့အခြေအနေမှာဆိုရင် ဒါပြီးခဲ့တဲ့ကာလမှာ အချက်အလက်ပေါင်း (၃၃ဝဝ) ကျော် ဝိုင်းပြီးတော့တင်တယ်။ အဲဒီတော့ ကျွန်တော်တို့က ပြင်ချင်တာတွေပြောရရင်တော့ အသစ်ကို ဆွဲချင်တာ ဗျာ။ ပြင်တဲ့ကိစ္စပြောမနေပါနဲ့။ စိတ်တိုင်ကျသာလုပ်ရမယ်ဆိုရင် အသစ်ကိုဆွဲချင်တာ။ သို့သော် ပကတိတရား အရပြောရရင် ဒီ(၅)နှစ်မှာ ဘယ်ဟာတွေကို ဦးစားပေးပြီးတော့ပြင်မလဲ။ နောက်(၅)နှစ်မှာ ဘယ်ဟာတွေကို ပြင်မယ်ဆိုတာမျိုးပေါ့။ ဒီလိုမျိုး ကျွန်တော်တို့က Timeline နဲ့ ကြိုးစားသင့်တယ်ဆိုတာကို အခုမှ ကျွန်တော်ပြော တာမဟုတ်ဘူး။ ဟိုးအရင်ကတည်းကလည်း ကျွန်တော်ဒီအတိုင်းပဲ ထောက်ပြခဲ့တယ်။ အဲဒီလိုသွားမယ်ဆိုရင် တော့ နိုင်ငံရေးဖြစ်စဉ်ဆိုတာက Better off လို့ခေါ်တာပေါ့။ ဒီအဆင့်ထက်ပိုကောင်းတဲ့ အဆင့်တစ်ဆင့်ကို ရောက်တယ်။ ပြီးရင် ဒီထက်ပိုကောင်းတဲ့အဆင့်တစ်ခုကို ရောက်တယ်ဆိုတာမျိုး သွားတာပေါ့။ လွယ်လွယ်ပြော ရရင်တော့ ဆင့်ကဲပြောင်းလဲမှုုဖြစ်စဉ် Evolution ပေါ့။ အဲဒီတော့ Revolution ဆိုတာကတော့ နေ့ချင်ညချင်း ချက်ချင်းပြောင်းလဲဖို့ လုပ်တာပေါ့။ အဲဒီတော့ ဘယ်နည်းလမ်းကို ရွေးလဲဆိုတာကတော့ လွှတ်တော်နိုင်ငံရေးကို ရွေးကတည်းက ဆင့်ကဲပြောင်းလဲမှုုဖြစ်စဉ်ကိုရွေးတာလို့ ကျွန်တော်ကနားလည်တယ်။ ကျန်တဲ့လူတွေ ဘယ်လို နားလည်သလဲတော့ မသိဘူး။ အဲဒီတော့ ပြောချင်တာက revolution ကို ရွေးတယ်ဆိုရင်တော့ နဂိုကတည်းက လွှတ်တော်နိုင်ငံရေးကို မရွေးနဲ့။ ချကြ၊ တစ်ယောက်ကိုတစ်ယောက်အပြုတ်တိုက်၊ ဒါက တစ်ထိုင်တည်း ပြတ် အောင်ဖြတ်။ အဲဒီတော့ ကျွန်တော်တို့က ကိုယ်သွားတဲ့လမ်းကြောင်းက Evolution လား။ Revolution လား ဆိုတာကို သဲသဲကွဲကွဲဖြစ်ဖို့လိုတယ်။ နောက်တစ်ခုကလည်း အဲဒီကာလတည်းက ကျွန်တော်တို့ပြောဖြစ်တာ ဖိလစ်ပိုင်မော်ဒယ်လား အင်ဒိုနီးရှားမော်ဒယ်လား။ အခု ကျွန်တော်တို့က ရွေးကောက်ပွဲ ဝင်လိုက်တယ်ဆိုတာ အင်ဒိုနီးရှားပုံစံကို ယူလိုက်တာ။ စစ်တပ်ပါနေတယ်။ ရွေးကောက်ပွဲပြီးမှ လွှတ်တော်ထဲမှာ ဘွားကနဲ့ ပေါ်လာတာ မဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့က ဒီဖွဲစည်းပုံကို သိထားပြီးသားလေ ပါနေတယ်ဆိုတာကို။ အဲဒီကနေ တဖြည်း ဖြည်းနဲ့ပြောင်းလဲဖို့အတွက် ကျွန်တော်တို့ကြိုးစားခဲ့ကြတယ်။ ဆိုတော့ နိုင်ငံရေးကို စိတ်ခံစားမှုတွေနဲ့ ချဉ်းကပ် ရင်တော့ ရလဒ်ကတော့ စိတ်ခံစားမှုတွေနဲ့ထိုက်တန်တဲ့ရလဒ်ပဲရလိမ့်မယ်။ အခုအချိန်မှာ သေချာမှန်မှန်ကန်ကန် ပြန်သုံးသပ်ပြီးတော့ နိုင်ငံရေးကိုရှေ့ဆက်သင့်တယ်လို့ မြင်တယ်။ လွယ်လွယ်ပြောရရင်တော့ စစ်တပ်ရဲ့ ရက်စက်မှုတွေ၊ ဖမ်းဆီးမှုတွေကတော့ မြင်သာတာပေါ့ဗျာ။ ဒါကကျွန်တော်တို့လည်း ကိုယ်တိုင်လည်းခံခဲ့ရတယ်။ အခုလည်း မျက်စိရှေ့မှာမြင်နေရတာပဲ။ ပစ်ခတ်နှိမ်နင်းမှုတွေမှာ သေဆုံးတာတွေရှိတယ်။ ဖမ်းဆီးခံရတယ်။ ရိုက်နှက်တယ်။ တချို့စစ်ကြောရေးကာလမှာ ထောင်ထဲမှာ ဆုံးသွားတာတွေရှိတယ် အစရှိသဖြင့် စိတ်မကောင်း စရာတွေကတော့ ကျွန်တာ်တို့က တောက်လျှောက်မြင်လည်းမြင်သာတယ်။ နောက်စိုးရိမ်တာက အရပ်သားတွေ ထိခိုက်မှုလို့ပြောတဲ့အခါမှာ ဘယ်သူ၊ ဘယ်အဖွဲ့ဆိုတာကို မသိဘဲနဲ့ အလွယ်တကူစွပ်စွဲပြီးတော့ ဘုန်းကြီးတွေ အသတ်ခံရတယ်။ ဆရာ/ဆရာမတွေ အသတ်ခံရတယ်။ CDM မလုပ်လို့ဆိုပြီးတော့ ရန်ရှာခံရတယ်။ နောက်ဆုံး ပြောရရင် ကျောင်းတက်လို့ ရန်ရှာခံရတယ်။ ကာကွယ်ဆေးထိုးလို့ဆိုပြီး ပြဿနာဖြစ်တယ်။ ဘုရားတက်လို့ ဆိုပြီး ပြဿနာဖြစ်တယ် အစရှိသဖြင့်ပေါ့ အဲဒီလောက်ကြီး အမုန်းအာဂါတတွေနဲ့ စိတ်ခံစားမှုတွေသိပ်များတာ ကတော့ နည်းနည်းလေးများတယ်။ ကျွန်တော်တို့ဆိုရင် ထောင်ကျတဲ့အချိန်မှာ ရပ်ပြီးတော့ စဉ်းစားချိန်ရတယ်။ ထောင်ကျနေတဲ့အချိန်မှာ လူက မလှုပ်နိုင်တော့ဘူး။ အဲဒီတော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ဟာကိုရပ်ပြီးတော့ ပြန်ကြည့်ခွင့်ရတယ်။ အဲဒီတော့ ကျွန်တော်လဲ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ထောင်ကျသလိုမျိုး ပြန်စဉ်စားပြီး တော့ ရပ်ပြီးတော့ ပြောရရင် ရုပ်ရှင်ကားကြည့်ရင် ရပ်တဲ့ခလုတ်လေးနှိပ်ထားသလို နည်းနည်းလေး ပြန်ရပ် ကြည့်ဖို့လိုမယ်လို့ ကျွန်တော်တော့ထင်ပါတယ်။ အဲဒီတော့ နိုင်ငံရေးအရ တခါတလေ ပွင့်ပွင့်လင်းလင်းပြောရ ရင် ကျွန်တော် တော်တော်စိတ်ပျက်ပါတယ်။ မလုပ်တော့ဘူးလို့လည်း စိတ်ထဲမှာ ခဏခဏဖြစ်ပါတယ်။ အဲဒီ လောက်အထိ ရင်ထဲမှာဖြစ်တယ်။ ဘာလို့လဲဆိုတာ့ ကျွန်တော်လည်း မိသားစုနဲ့ ကလေးတွေနဲ့ဘာနဲ့ဆိုတော့ နောက်တော့လည်း မောင်ထွန်းလွင်ရဲ့ ကဗျာတစ်ပိုင်းတစ်စကို သွားသတိရတယ်။ “ သားဖွားခန်းရောက် မိန်းမ လင်ကို စိတ်နာသလိုမျိုးနာရဲ့၊ ဒါပေမဲ့လည်း အမူးပြေတော့ ထန်းပင်ကိုမော့မော့ကြည့်တတ်တဲ့ ထန်းရည်မူး သမားလို ” ဆိုသလိုပေါ့။ တခါတလေကျ သားဖွားခန်းကမိန်းမ လင်ကိုစိတ်နာသလိုပဲ နာတယ်ဗျာ။ အဲ ဒီမှာ ခက် တာက အသွေးထဲအသားထဲမှာကိုက အမူးပြေရင် ထန်းပင်မော့မော့ကြည့်တဲ့ ထန်းရည်မူးသမားလိုပဲ မနေနိုင်တဲ့ အခါကျတော့ ဆက်ပြီးတော့လုပ်နေရတာပေါ့။ ကျွန်တော်တကယ်ပါ အခုတိုင်းပြည်အတွက်ရော အနာဂတ် ပျောက်နေတဲ့ လူငယ်တွေအတွက်ရော တော်တော်ကိုစိတ်ထဲမှာခံစားရတယ်။ အဲဒီတော့ အမြန်ဆုံးလဲ ဒီအကြပ် အတည်းကနေ လွတ်မြောက်စေချင်တယ်။ ဒါကြောင့် အနှစ်ချုပ်ပြီး ပြန်ပြောရရင်တော့ နိုင်ငံရေးပြဿနာ၊ လက်ရှိပြဿနာတွေကိုတောင် မဖြေရှင်းနိုင်သေးဘဲနဲ့ အဲဒီရွေးကောက်ပွဲစနစ်တို့လိုမျိုးကိစ္စက တကယ် လွှတ် တော်ပေါ်ပေါက်လာပြီး အကျယ်တဝင့်ဆွေးနွေးရမယ့်ကာလ မဟုတ်သေးဘဲနဲ့ အလောတကြီး လုပ်လိုက်တာ မျိုးဟာ ပိုပြီးတော့ ရှုပ်ထွေးစေနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။ အစ်ကို့တစ်ဦးတည်းအမြင်၊ အစ်ကို့နိုင်ငံရေးဖြတ်သန်းမှုအရပေါ့။ ခုနကပြောတဲ့အထဲမှာလည်း ထောင် ထဲမှာပဲ သွားနေရတာမှ ပိုကောင်းသေးတယ်ဆိုတာမျိုး။ လက်ရှိနိုင်ငံရေး အခင်းအကျင်းအပေါ် အစ်ကိုကိုယ် တိုင်ရဲ့ခံစားချက်ကရော ခုနကပြောသလို မလုပ်ချင်တော့ဘူးဆိုတာထက် ပိုပြီးတော့ ဘာတွေဖြစ်မိတာမျိုးရှိလဲ။
ဖြေ။ ။ တစ်ခုကတော့ နိုင်ငံရေးသမားဆိုတာထက်ကို သာမာန်ပြည်သူတစ်ယောက်အနေနဲ့ပြောရရင် ဘာမှ အနာဂါတ်မရှိတော့ဘူး။ အနာဂါတ်မရေရာတော့ဘူး။ ဖခင်တစ်ယောက်အနေနဲ့ပြောရရင် အခုကျွန်တော့် ကလေးတွေကျောင်းမတက်ရတာ (၂) နှစ်ရှိသွားပြီ။ ပထမက ကိုဗစ်ကြောင့် မတက်နိုင်ဘူး။ နောက်တစ်ခါ အာဏာသိမ်းတဲ့ကိစ္စကြောင့် မတက်ရဘူး။ ကျောင်းတက်ရင်လည်း ကလေးတွေလုံခြုံရေးမရှိ ဘာညာဆိုတော့ သားအလတ်လေးဆိုရင်လည်း ဒီနှစ်ကျောင်းအပ်ရမယ့်ကိစ္စကို မအပ်နိုင်ဘူး။ မတတ်နိုင်ဘူး။ ပြောချင်တာက ကျွန်တော့် သား၊ သမီးအနေနဲ့ပဲ ပြောတာမဟုတ်ဘူး။ အဲဒီ Generation ပေါ့။ အဲဒီအရွယ်တွေအားလုံးပေါ့။ ပညာရေးဆိုတာ က၊ ခ သင်တာမဟုတ်ဘူး။ ကျောင်းမှာ ကလေးတွေရဲ့စိတ်နေစိတ်ထား၊ ရွယ်တူအချင်းချင်း အပေါင်းအသင်းဖွဲ့မှု၊ ဆက်ဆံမှုဆိုတဲ့ တခြားပေါင်းသင်းဆက်ဆံမှုပိုင်းတွေကိုပါ သင်တာ။ အဲဒါ ဘယ်လောက် ကြာကြာ ဒီအတိုင်းပျက်စီးသွားမလဲ။ အခု ဆယ်တန်းကလေးတွေဆိုရင်လည်း ဒီနှစ်ကျောင်းမတက်ရင် နောက် နှစ်ဆို (၉) တန်း ပြန်ဆင်းရမှာ။ ပညာရေးစနစ်အပြောင်းအလဲနဲ့။ ကျွန်တော်တို့တုန်းကလည်း ကြုံခဲ့ရပြီးပြီး၊ နှစ်လ တစ်တန်းနဲ့ တစ်သုတ်ပြီးတစ်သုတ် အအောင်ပေးလိုက်ကြတော့ အဲဒါတွေက အခုဆိုရင် ပါမောက္ခတွေ ဖြစ်လာပြီ။ ဒါ ကျွန်တော်တို့က(၈၈) အတွေ့အကြုံနဲ့ပြောတာ။ ကျောင်းမတက်နဲ့ကျောင်းထွက်ဆိုလို့ ကျွန်တော် က ရယ်စရာပြောပြမယ်။ (၈၈) ဖြစ်ပြီး ကျွန်တော် (၈၉) အဖမ်းခံရပြီးလွှတ်လာတယ်။ (၉၁) မှာ ကျောင်းတွေ ပြန်ဖွင့်တယ်။ ပြန်ဖွင့်တော့ အဲဒီလိုပဲ သူငယ်ချင်းတွေက သေသွားတဲ့သူငယ်ချင်းတွေ၊ ပျောက်သွားတဲ့ သူငယ်ချင်းတွေကြားထဲမှာ မင်းတို့က ကျောင်းတက်မှာလား၊ ဘာညာဆိုတဲ့ဟာမျိုးတွေ ဒီလိုပဲဖြစ်လာတယ်။ အဲဒီ တော့ ကျွန်တော်လည်း လူငယ်စိတ်နဲ့ သူများတွေလိုကျောင်းမတက်တာမဟုတ်ဘူး။ ကျွန်တော်က စာနဲ့တရား ဝင် ပါမောက္ခဆီကိုသွားပြီးတော့ ထွက်စာတင်လိုက်တာ။ ပါမောက္ခဆရာကြီး ဦးထွန်းအောင်ရှိန်က ကျွန်တော့်ကို စိတ်မသက်မသာနဲ့ကြည့်ပြီးတော့ နှုတ်ထွက်ခွင့်ပြုသည်ဆိုတာကို လက်မှတ်ထိုးပေးလိုက်တယ်။ ထိုးပေးပြီး တော့ အေးကွာတဲ့ ဘာပဲပြောပြာ ကျန်းမာရေး၊ လုံခြုံရေးဂရုစိုက်ပါဆိုပြီး ဆရာက စိတ်မသက်မသာနဲ့ ပြောတယ်။ ပြီးလည်းပြီးရော ကျွန်တော် ထောင်ကျသွားတယ်။ (၁၄) နှစ်လောက် နေလိုက်ရတယ်။ တစ်ခါ ထပ်ကျတယ်။ (၂ဝ၁၂) မှာ လွတ်တယ်။ အဲဒါ ကျွန်တော် (၂ဝ၁၇) ရောက်မှ နောက်ဆုံးနှစ်ကို ပြီးအောင်လုပ်တဲ့အခါကျတော့ ကျွန်တော့်အတန်းဖော်က ပါမောက္ခဖြစ်နေပြီ။ ဒါက ကျောင်းမတက်နဲ့ကျောင်းထွက်လို့ပြောရင် ကျွန်တော်က တကယ်ကို ကျောင်းထွက်ခဲ့တာ။ ပြီးလည်းပြီးရော တရားဝင်ကျောင်းထွက်တာ ကျွန်တော်တစ်ယောက်ပဲရှိတယ်။ ပြောစရာတွေက အများကြီးရှိတယ်။ ပြောလေ့ပြောထတော့ သိပ်မရှိပါဘူး။ ထောင်အကြောင်းလည်း ပြောစရာ အများကြီးရှိတယ်။ အဲဒီတော့ ပြောကြစို့ဆိုရင် အခုလူငယ်တွေက လူငယ်သဘာဝကတော့ စွန့်လွတ်စွန့်စားချင် တယ်။ မတရားတာကို ဆန့်ကျင်ချင်တယ်။ ဒါတွေက အင်မတန်လူငယ်တွေရဲ့ အရည်အသွေးကောင်းတွေပေါ့။ တစ်ချိန်တည်းမှာ အတွေ့အကြုံလိုတယ်။ နောက်တစ်ခုက မှန်မှန်ကန်ကန်ရလဒ်ကိုဦးတည်ဖို့ ကြိုးစားဖို့ လိုတ ယ်။ နိုင်ငံတကာ ခေတ်ပြိုင်နိုင်ငံရေးတွေကိုလည်း သေသေချာချာနားလည်ဖို့လိုတယ်။ ကျွန်တော့် အတွေ့အကြုံ အရပေါ့။ ပြောရတာလည်း ဒီကာလက ဘာပြောပြော ဆဲနေတဲ့ကာလဖြစ်တဲ့အတွက် အင်မတန်ကို အန္တရာယ် လည်းကြီးပါတယ်။ သို့သော် မနေနိုင်လို့၊ ခုနကလိုပေါ့။ ထန်းပင်မော့မော့ကြည့်နေသလိုမျိုး ပြောနေရတာပေါ့ လေ။

မေး။ ။ အခုလက်ရှိ သူတို့က PR စနစ်ကို လုပ်ကိုလုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးပြီ။ ၂ဝ၂၂ မှာ ငြိမ်အောင် လုပ်မယ်၊ ၂ဝ၂၃ မှာ ရွေးကောက်ပွဲကိုလုပ်မယ်လို့ ဆုံးဖြတ်ရင် အစ်ကိုတို့ပါတီအနေနဲ့ရော အဲဒီစနစ်ထဲကို ဝင်ပါဖို့ ဆန္ဒရှိလား။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ရော၊ ပါတီအနေနဲ့ရော ရှင်းရှင်းပဲပြောပါမယ်။ ရွေးကောက်ပွဲက ကျွန်တော်တို့ ပန်းတိုင် မဟုတ်ဘူး။ ပါတီစထောင်ကတည်းက ပါတီထောင်တာ ဒီကောင်ကရွေးကောက်ပွဲဝင် အာဏာရချင်လို့ ဆိုပြီး တစ်ချို့ကပြောတယ်။ မြန်မာပြည်မှာ အာဏာရချင်ရင် ဒဲ့ပဲပြောမယ် စစ်တပ်နဲ့ပေါင်း အာဏာရမယ်။ ဒါမှ မဟုတ် လူထုထောက်ခံမှုကြီးကြီးမားမားရတဲ့ ခေါင်းဆောင်ပါတီကို သွားကပ်လိုက်၊ အဲဒါ ခင်ဗျာ အထိုက် အလျာက်အာဏာရမယ်။ အဲဒါ အာဏာရတဲ့နည်းပဲ။ ကိုယ့်ဟာကိုယ် ပါတီထောင်ပြီးတော့ ဖုတ်လိုက်ဖုတ်လိုက်နဲ့ ပါတီရုံးခန်းတွေ ရပ်တည်ဖို့တောင်မလွယ်တဲ့အခြေအနေမျိုးမှာ ရွေးကောက်ပွဲဝင်တော့ရော ပါတီကြီးတွေလို အစိုးရဦးဆောင်ဖွဲ့နိုင်တဲ့ အရေအတွက်ရဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အဲဒီတော့ ရွေးကောက်ပွဲဝင်ပြီး အာဏာရချင်လို့ဆိုရင် အမှန်က နဂိုကတည်းက ပါတီမထောင်နဲ့။ အာဏာရတဲ့ဖြတ်လမ်းနည်းတွေရှိတယ်။ ကျွန်တော် သိလည်းသိတယ်။ ဒါပေမယ့် ကျွန်တော် ဘယ်တုန်းကမှမလုပ်ခဲ့ဘူး။ အဲဒီလမ်းကြောင်းလည်း မလိုက်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်ပြောနေတာက နိုင်ငံရဲ့အပြောင်းအလဲကိုဦးတည်ပြီးတော့ ဘောင်ထဲကနေ ပြောသင့်ပြောထိုက်တာတွေကို ပြေခွင့်ဆိုခွင့်ရဖို့အတွက် တကယ်လို့ ရွေးကောက်ခံရရင် လွှတ်တော်ထဲမှာ ဆက် ပြောရမှာပေါ့။ အဲဒီအတွက် ကျွန်တော်တို့ ပါတီထောင်တာ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲအကြောင်းပြောရင် ရွေးကောက်ပွဲ ငမ်းငမ်းတက် ပါတီထဲမှာ ကျွန်တော်မပါဘူး။ ဒါက ကျွန်တော်ဒဲ့ပဲ ပြောတာ။

မေး။ ။ နောက်တစ်ခုက လက်ရှိနိုင်ငံရေးအခင်းအကျင်း သွားနေတဲ့ပုံကိုကြည့်ရရင် သူတို့က မဖြစ်မနေ PR ကို သုံးကိုသုံးမှာ။ လုံးဝ ဆုံးဖြတ်ပြီးသွားတဲ့သဘော။ လူထုကလည်း မကြိုက်ဘူးဆိုတော့ အစ်ကိုသုံးသပ်သလို ၂ဝ၂၂ မှာ မငြိမ်ရင် ရွေးကောက်ပွဲဖြစ်ပါ့မလား။ အဲဒီတော့မှ စစ်တပ်က တကယ်သိမ်းတာမျိုးဖြစ်သွားမယ် ဆို တာမျိုး ခန့်မှန်းထားတယ်။ အဲဒီတော့ ဒီအခြေအနေကြီးကို လူထုကရော၊ တချို့ပါတီတွေကရော ရှင်းရှင်းလင်း လင်း မြင်နိုင်တဲ့အနေအထားရှိတယ်လို့ မြင်မိလား။ အစ်ကို့ဖြတ်သန်းမှုအရပေါ့။
ဖြေ။ ။ အဲဒါကလေ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ နားလည်သူက အများကြီးရှိတယ်ဗျ။ တကယ်လည်း တိုင်းပြည်အပေါ်မှာ စေတနာရှိတဲ့လူက ရှိတယ်။ ဒါပေမယ့် အကုန်လုံးနှုတ်ပိတ်နေကြတယ်။ မပြောရဲတော့ဘူး။ ဟို ပြောရင် မုန့်ဟင်းခါးလား၊ ဒန်ပေါက်လား၊ ဇွက်ဇွက်လား၊ ဖောင်းဒိုင်းလား ဆိုတာမျိုးတွေက အနည်းဆုံးတော့ မြေပြင်မှာပစ်တာထက် ဖေ့စ်ဘွတ်ပေါ်မှာပစ်တဲ့ လေသေနတ်တွေကများလွန်းတော့ တော်တော်များများက ဒီမိုကရေစီရဲ့အခြေခံဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာကိုပါ ရိုက်ချိုးခံနေရတယ်။ မပြောရဲတော့ဘူး။ မပြောချင်တော့ဘူး။ အခုပြောရရင် ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး ဩဇာရှိတဲ့သူအများစုကြီး အသံတိတ်နေတာကို ခင်ဗျားသတိထားမိလိမ့်မယ်။ ဘာ့ကြောင့်တိတ်နေလဲဆိုရင် တစ်ခါတစ်လေကျရင် စိတ်မသက်မသာနဲ့ ဒီအခြေအနေကြီးကို ထိုင်ကြည့်နေကြရတယ်။ နဲနဲလောက် အမိုက်ခံပြီးတော့ ပြောတဲ့ပုဂ္ဂိုလ်များ၊ ပြောတဲ့သူများပေါ်လာမှ ဒီအငွေ့အသက်တွေ၊ ဒီဟာတွေကို တဖြည်းဖြည်းချင်း ကျော်လွှားနိုင်မယ်လို့မြင်တယ်။ အခုဖြစ်နေ တာကလည်း မပြောရဲအောင်လို့ ခြိမ်းခြောက်နေတာ။

မေး။ ။ မေးခွန်းကတော့ နောက်နှစ်ခုလောက်ပဲ ကျန်ပါတော့တယ်။ တစ်ခုက လက်ရှိနိုင်ငံရေး အခင်းအကျင်း ကြီး ပြေလည်သွားစေချင်တာပေါ့ဗျာ။ ပြေလည်သွားမှလည်း ရွေးကောက်ပွဲနိုင်ငံရေးစနစ်ကို စလို့ရမှာပေါ့ဗျာ။ ပြေလည်သွားစေဖို့မှာ အကောင်းဆုံးနည်းလမ်းက တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး၊ ဒါမှမဟုတ်လည်း တင်းမာတဲ့ နှစ်ဖက်ကြားမှာ သမာသတ်ကျကျနဲ့ အလယ်ကနေ ဖြေရှင်းပေးတဲ့အဖွဲ့ ပေါ်လာရေးဆိုတာ ကျွန်တော်တို့လည်း မျှော်လင့်နေတဲ့အချက်ပေါ့။ ဆိုတော့ ဒီနှစ်ချက်ပဲ ရှိလား။ တခြားဘာတွေရှိနိုင်သေးလဲ။
ဖြေ။ ။ နိုင်ငံတကာပံ့ပိုးမှု၊ ကူညီမှုတွေဆိုတာ အရေးကြီးတယ်။ သို့သော် ကာယကံရှင်က နံပါတ်တစ်ပဲ။ ပြည်တွင်းမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်များက ပြေလည်ချင်တဲ့ဆန္ဒမရှိသမျှတော့ သင်္ကြားမင်း နတ်ကင်းနဲ့ ဆင်းလာလည်း မရဘူး။ ဒါက အင်မတန်အရေးကြီးတယ်။ နောက်တစ်ခုဖြစ်နေတာက နှစ်ဖက်စလုံးက အပြတ် အသတ်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် တွက်နေကြတာ။ အဲဒီတော့ ခုနကပြောတဲ့ စေ့စပ်ညှိနှိုင်းဖို့ ဘာတို့ ဆို တာကိုပါ သတ်ပစ်နေတယ်။ စေ့စပ်ညှိနိုင်းရေးဆိုတဲ့စကားလုံးကိုပါ သတ်ပစ်နေတယ်။ မလိုဘူး။ ဆွေးနွေးစရာ မလိုဘူးဆိုပြီးတော့ပေါ့။ တစ်ယောက်ကိုတစ်ယောက် အပြုတ်တိုက်ရမယ်။ အပြတ်ချရမယ်ပေါ့။ ဟုတ်ပြီ အဲဒီ အတွက်ကို အသေးစိတ်ပြင်ဆင်ထားတာ၊ စဉ်းစားထားတာ ရှိလားဆိုတော့ မီးစင်ကြည့်ကနေတာပေါ့။ စစ်တပ် ကလည်း သူ့ကိုသူ့ ငါက (၈၈) လည်း ဖြတ်သန်းခဲ့တာပဲဆိုပြီးတော့ ပေါ့ပေါ့တန်တန်တွက်ရင်တော့ သူလည်း ကွဲ မှာပဲ။ ဘာကြောင့်လဲဆိုတော့ (၈၈) တုန်းက မီဒီယာမရှိဘူး။ အဲဒီအချိန်တုန်းက အစိုးရမီဒီယာ၊ သတင်းစာ၊ တီဗီပဲ ရှိတယ်။ ပုဂ္ဂလိက မီဒီယာလည်းမရှိဘူး။ ဆိုရှယ်မီဒီယာလည်း မရှိဘူး။ အခုက အခုလမ်းပေါ်မှာဖြစ်ရင် အခု ချက်ချင်းလိုင်းပေါ်တက်တယ်။ ဖုံးကွယ်ထားလို့လည်း မရဘူး။ ဒါတောင်မှပြောရရင် အကောင့်တုတွေ ဓာတ်ပုံ အတုတွေနဲ့လုပ်နေကြတာ အရမ်းရှုပ်ထွေးတယ်။ (၈၈) အခြေအနေနဲ့ လုံးဝမတူဘူး။ နောက်တစ်ခုက တစ်နိုင်ငံ လုံးက ဆိုရှယ်လစ်စီးပွားရေးနဲ့သွားတဲ့ကာလတုန်းက စီးပွားရေးအရ ပုဂ္ဂလိကကဏ္ဍကို မှီခိုရမှု အင်မတန်နည်း တယ်။ မှောင်ခိုစီးပွားရေးပဲရှိတယ်။ အခုက လူတွေအလုပ်အကိုင်ဖန်တီးမှုအားလုံးကိုက ပုဂ္ဂလိက ကဏ္ဍအပေါ် မှာ တည်မှီနေတာဖြစ်တယ်။ နောက်တစ်ခုက နိုင်ငံတကာနဲ့ပတ်သက်တဲ့ကုန်သွယ်ရေးတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပါဆက်စပ်နေတော့ (၈၈) လိုမျိုး အင်အားသုံးပြီးဖြိုခွင်းလိုက်ရင် နိုင်မှာပဲလို့ စစ်တပ်က လွယ်လွယ်လေး တွက် ရင်လည်း ကွဲမှာပဲ။ တိုင်းပြည်လည်း နာမှာပဲ။ ဒါက ကျွန်တော်ကတော့ ပြောစရာရှိတာတော့ ပြောကိုပြောရမှာပဲ။ အဲဒီတော့ ဒီဘက်ကလည်း နိုင်ငံတကာထောက်ခံတယ်ဆိုတဲ့ကိစ္စမှာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ လိုအပ်ပါတယ်။ သို့သော် တကယ်အဖြေထွက်အောင် ဘယ်သူလုပ်ရမှာလဲ။ ကိုယ့်ဖာကိုယ် လုပ်ရမှာ။ ဒါကိုတော့ နက်နက်ရှိုင်းရှိုင်း နားလည်ဖို့လိုမယ်လို့ ကျွန်တော်မြင်တယ်။ ဒါကြောင့် အရေးတကြီးပြောချင်တာက လာမယ် ၂ဝ၂၂ မှာ အသွင်ကူးပြောင်းရေးကာလ သဘောတူညီချက် ဒါကို ကျွန်တော်တို့ပြည်သူ့ပါတီ (၃) နှစ်မြောက် ကြေညာချက်မှာလည်း Political pact မရှိဘဲ လုပ်ခဲ့တဲ့နိုင်ငံရေးတွေကိုထောက်ပြခဲ့တယ်။ ဒါကြောင့် အရေး တကြီး Political pact လို့ တပ်ဆိုပြီးပြောတာ။ Political pact ဆိုတာကလည်း တထိုင်တည်းနဲ့ဖြစ်ဖို့မလွယ်ဘူး။ အကူးအပြောင်းကာလသဘောတူညီချက်ကိုရဖို့အတွက် အခုဆပြနိုင်ငံတကာက ကြားဝင်စေ့စပ်မှုမှာဆို တစ်ဦး ချင်းလာနေတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ နိုင်ငံတွေလည်း ရှိတယ်။ နောက်တစ်ခုက Asean special envoy က လည်း ဘရုစ်နိုင်းကနေ ကမ္ဘောဒီးယားပြောင်းတော့မယ်။ အာဆီယံကြားဝင်စေ့စပ်မှုကို ကုလသမဂ္ဂရော၊ EU ရော၊ နိုင်ငံအသီးသီးကလည်း ထောက်ခံထားတဲ့အခါကျတော့ အဲဒါကိုဒီမှာ အဖြေထွက်အောင် ဝိုင်းကြိုးစားဖို့ လို တယ်။ မဟုတ်ရင် တိုင်းပြည်က နောက်ဆုံးတစ်စစီဖြစ်သွားနိုင်တယ်။ လူတွေလည်း အတိဒုက္ခ ဒီထက်ပိုပြီး ရောက်မယ်၊ သွေးထွက်သံယိုတွေ ပိုများမယ်။ ဆိုတော့ ချိန်ချိန်ဆဆနဲ့ ဝိုင်းပြီးတော့စဉ်းစားစေချင်တယ်လို့ ပြော ချင်ပါတယ်။

မေး။ ။ နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းကြီးက အဖြေရှာရင် ရှိတယ်ဆိုတာ ဘေးကကြည့်နေတဲ့သူက မြင်နေရတယ်။ အဖြေကိုမရှာလို့သာ မရှိတာ။ အဲဒီတော့ အဖြေရှာရင်ရှိတယ်ဆိုတာ သိပါလျက်နဲ့ အခုထက်ထိ အဖြေနားကိုမသွားကြဘူးဆိုတော့ ကျွန်တော်တို့ မြန်မာတွေအနေနဲ့ ပြောတဲ့စကားရှိ တယ် တိုင်းပြည်က ကံပါလို့ ပျက်တာဆိုတာမျိုး။ ပျက်ချိန်တန်လို့ ပျက်တာပါဆိုတဲ့ စကားလုံးမျိုး။ ဒါမှမဟုတ် ဝိုင်းဖျက်လို့ ပျက်တာပါဆိုတဲ့ စကားမျိုးပေါ့။ အဲဒီအထဲမှာ အစ်ကို့အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ချင်လဲ။
ဖြေ။ ။ ဗုဒ္ဓဘာသာမှာလည်း ကံဆိုတဲ့အပေါ်မှာ နားလည်မှုကတော်တော်လွဲနေတယ်။ ကျွန်တော်တို့က ဖြစ် သမျှအားလုံးက ကံကြောင့်လို့ပြောတဲ့ဟာက ပုဒ္ဗေက ဟေတုဝါဒ ဆိုတာ အတိတ်ကံပေါ်မှာ လုံးလုံးလျားလျား ပုံ တာဟာ မစ္ဆာဒိဋ္ဌိထဲမှာ ပါတယ်ဗျ။ တကယ်ကတော့ ပစ္စုပ္ပန်ကံက အရေးကြီးတယ်။ လက်ရှိကောင်းမှုပေါ့လေ။ ကံ ကြီးကြီးမားမားလုပ်ရင် အတိတ်က အကုသိုလ်ကံတောင်မှ ပျက်တယ်၊ လျော့တယ်။ တားလို့မရတဲ့ ဧရာမ ပဉ္စာနန္တရိယကံ မျိုးထိုက်ရင်သာ ဖြေလို့မရတာ။ အဲဒီတော့ လက်ရှိပစ္စုပ္ပန်ကံကို ကြီးကြီးမားမားလုပ်ရင် အတိတ် က အကုသိုလ်အရှိန်တောင် လျော့တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ကံလို့ပြောရင် ပစ္စုပ္ပန်က အရေးကြီး ဆုံးပဲ။ ပစ္စုပ္ပန်ကို လက်တွေ့ကျကျ နားလည်ရှု့မြင်ပြီးတော့ ဉာဏ်ပညာနဲ့ဆောင်ရွက်ကြရင်တော့ ကဲ့ရဲ့အကျိုးက ကောင်းလိမ့်မယ်လို့ ကျွန်တော်တော့ အဲဒီလိုပဲမြင်ပါတယ်။

မေး။ ။ ဆိုလိုတာကတော့ ပျက်ချိန်တန်လို့ ပျက်တာမဟုတ်ဘဲနဲ့ လူတွေဝိုင်းဖျက်လို့ကို ပျက်တာလို့ ပြောချင် တာလား။
ဖြေ။ ။ ကျွန်တော်တို့က သဘာဝဘေးရှိတယ်။ လူလုပ်ဘေးရှိတယ်။ အခုဟာက သဘာဝဘေးမဟုတ်ဘူး။ ဒါက လူလုပ်ဘေး။ လူလုပ်ဘေးဟာ လူဖြေရှင်းရင် ရရမယ်။ ဒါကြောင့် လူတွေပေါ်မှာပဲ မူတည်တယ်။ အရေးကြီးတာက ပြည်သူတွေရဲ့အခန်းကဏ္ဍက အရေးကြီးတယ်ဆိုသော်လည်း အဆုံးအဖြတ်ပေးမယ့်လူတွေရဲ့ အခန်း ကဏ္ဍ၊ သူတို့ရဲ့ ဉာဏ်ပညာအမျှော်အမြင်က ပိုပြီးတော့ အရေးကြီးတယ်လို့ပဲ ပြောချင်ပါတယ်။

ဟုတ်ကဲ့ အစ်ကို။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။


Zawgyi Version;
“၂ဝ၂၂ အတြင္းမွာမွ လက္ရွိျပႆနာေတြကို မေျဖရွင္းႏိုင္ဘူးဆိုရင္ ၂ဝ၂၃ ေ႐ြးေကာက္ပြဲက ျဖစ္ဖို႔ေတာင္ မလြယ္ဘူး”

ေတြဆံုေမးျမန္း - ေက်ာ္မ်ဳိးမင္း၊ ေရးသား - စည္သူဟိန္း
NP News - ဒီဇင္ဘာ ၄

၂ဝ၂၁ ခုႏွစ္ အာဏာသိမ္းမႈျဖစ္စဥ္အၿပီးမွာ ေပၚေပါက္လာမယ့္ ေရြးေကာက္ပြဲအသစ္ဟာ PR စနစ္ကို အေျခခံ မယ္လို႔ အတည္ျပဳထားၿပီျဖစ္ပါတယ္။ စစ္တပ္က ဦးေဆာင္က်င္းပေပးမယ့္ PR စနစ္ အေျချပဳေရြး ေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ပါတီေတြရဲ႕အျမင္သေဘာထားကို ေမးျမန္းေဆြးေႏြးထားပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ျပည္သူ႔ ပါတီဥကၠ႒ ဦးကိုကိုႀကီးနဲ႔ ေမးျမန္းေဆြးေႏြးထားတာကို ေဖာ္ျပေပးလိုက္ပါတယ္။

ဦးကိုကိုႀကီး မဂၤလာပါခင္ဗ်ာ။ ပထမဆုံးအေနနဲ႔ NP News ကို အင္တာဗ်ဴးေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။
ေမး။ ။ ပထမဆုံးသိခ်င္တာက မၾကာခင္မွာ UEC က က်င္းပဖို႔ရွိေနတဲ့ PR စနစ္နဲ႔ေ႐ြးေကာက္ပြဲအေၾကာင္း ျဖစ္ပါတယ္။ PR စနစ္အေၾကာင္းကို လူထုကို ရွင္းျပဖို႔လိုေနတယ္။ အစ္ကိုေရာ PR စနစ္ကို ဘယ္လို နားလည္ ထားလဲ။ ၿပီးေတာ့ UEC က သြားခ်င္တဲ့ PR စနစ္နဲ႔ အစ္ကိုတို႔နဲ႔ေရာ ကိုက္ညီမႈရွိလား။ ဘယ္လို သေဘာထား ရွိလဲခင္ဗ်ာ။
ေျဖ။ ။ ကြၽန္ေတာ္တို႔က ေ႐ြးေကာက္ပြဲစနစ္အေၾကာင္းကိုေျပာမယ္ဆိုရင္ အရင္ဆုံးေျပာခ်င္တာက လက္ရွိ ျဖစ္ေနတဲ့ႏိုင္ငံေရးျပႆနာဟာ နည္းပညာျပႆနာမဟုတ္ဘူး။ ႏိုင္ငံေရးျပႆနာျဖစ္တယ္။ အဲဒီေတာ့ PR စနစ္ မွာလည္း မူကြဲေတြအမ်ားႀကီးရွိတယ္။ Close Type ၊ Open Type တို႔ Party List လုပ္တာတို႔ အစရွိသျဖင့္ ေနာက္တစ္ခုကလည္း PR သက္သက္မဟုတ္ဘဲနဲ႔ Mix လုပ္ထားတဲ့စနစ္၊ လက္ရွိ ရွိေနတဲ့ ႏိုင္သူအကုန္ယူစနစ္နဲ႔ PR ကိုေရာၿပီး လုပ္တာေတြရွိတယ္။ ဆိုေတာ့ ဒီဟာေတြက နည္းပညာအရ ကြၽန္ေတာ္တို႔က်ယ္က်ယ္ျပန႔္ျပန႔္‌ ေျပာရမယ့္ကိစၥေတြျဖစ္တယ္။ ႏိုင္ငံေရးအရေျပာရရင္ေတာ့ အခုေဖေဖာ္ဝါရီ (၁) ရက္ေနာက္ပိုင္း စစ္တပ္က အာဏာရယူၿပီးေနာက္ပိုင္းမွာ လူထုရဲ႕စိတ္ခံစားမႈ အဲဒါကို ကြၽန္ေတာ္တို႔နားလည္ဖို႔လိုတယ္။ ဆိုေတာ့ ေ႐ြးေကာ က္ပြဲနဲ႔ပတ္သက္ရင္ လူေတြကဘယ္လိုျမင္သြားလဲဆိုေတာ့ ကြၽန္ေတာ္ေျပာတာ NLD မွ မဟုတ္ဘူးေနာ္။ သာမာန္ျပည္သူကိုယ္၌က စစ္တပ္ကေ႐ြးေကာက္ပြဲေတြလုပ္ေပးမယ္လို႔ ကတိေပးတာပဲ။ ေပးၿပီးေတာ့ ေ႐ြးေကာက္ပြဲရလဒ္ကို မႀကိဳက္ရင္ ဖ်က္ပစ္တယ္။ ထင္ရွားတာက ၁၉၉ဝ ေ႐ြးေကာက္ပြဲရလဒ္ အေကာင္ အထည္မေပၚဘူး။ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲရလဒ္ အာဏာသိမ္းခံရတယ္။ အဲဒီလိုျဖစ္ေနတဲ့အခ်ိန္မွာ လာျပန္ၿပီ ေနာက္ထပ္ေ႐ြးေကာက္ပြဲလုပ္ေပးမယ္ဆိုတဲ့ ကတိေပါ့။ ဆိုေတာ့ မယုံဘူးေပါ့ဗ်ာ။ ဒီအတိုင္းလုပ္ေပးရင္ေတာင္မွ လာမယ့္ေ႐ြးေကာက္ပြဲအေပၚမွာ လူထုရဲ႕ယုံၾကည္မႈ ဒီေလာက္က်ဆင္းေနတဲ့အခ်ိန္မွာ အက်ယ္တဝင့္ ေဆြးေႏြး ရမယ့္ကိစၥမ်ိဳး၊ ေနာက္တစ္ခုက လႊတ္ေတာ္လည္း မရွိတဲ့ကာလ၊ ေနာက္တစ္ခုက ယာယီထိန္းသိမ္းပါတယ္ ဆိုတဲ့ အိမ္ေစာင့္အစိုရကာလမ်ိဳးမွာ အက်ယ္တဝင့္ေဆြးေႏြးရမယ့္ကိစၥမ်ိဳးကို ေျပာရရင္ေတာ့ အကဲစပ္တဲ့ကိစၥ မ်ိဳးကို မလုပ္သင့္ဘူးလို႔ ကြၽန္ေတာ္တို႔ကေတာ့ ျမင္တယ္။ PR စနစ္ကို ကန႔္ကြက္ေနတာ မဟုတ္ဘူး။ တကယ့္ တကယ္ဆိုရင္ PR စနစ္က လက္ရွိေ႐ြးေကာက္ပြဲစနစ္ထက္ ပါတီငယ္ေတြ၊ တိုင္းရင္းသားပါတီေတြ အစရွိသျဖင့္ ပါတီသစ္ေတြအတြက္ ရေပါက္ရလမ္း၊ အခြင့္အလမ္းပိုေတာင္မ်ားေသးတယ္။ အဲဒီေတာ့ ကိုယ့္ပါတီ အက်ိဳး စီးပြားနဲ႔ၾကည့္မယ္ဆိုရင္ PR ကို ဘာမွ အထြန႔္တက္ေနစရာမရွိဘူး။ သို႔ေသာ္ ႏိုင္ငံရဲ႕ျပႆနာအဝဝက PR ဆို တာ ေ႐ြးေကာက္ပြဲရလဒ္ ေျပာင္းသြားမယ္။ အဲဒီေ႐ြးေကာက္ပြဲရလဒ္ဟာ ကိုယ္စားျပဳမႈနဲ႔ဆိုင္တယ္။ သူက တဆက္တည္းမွာ တိုင္းရင္းသားတန္းတူညီမွ်ေရး၊ ဖက္ဒရယ္ေရး၊ ေနာက္တစ္ခါ စစ္တပ္ (၂၅) ရာခိုင္ႏႈန္း ပါေန တဲ့ လႊတ္ေတာ္မွာ ဒီမိုကေရစီေရးေတြနဲ႔ အက်ယ္တဝင့္ေဆြးေႏြးရမယ့္ကိစၥမ်ိဳးျဖစ္တယ္။ အခုလို အင္မတန္ရႈပ္ ေထြးတဲ့အေျခအေနမ်ိဳးမွာ လက္ရွိျပႆနာေတြကို မေျဖရွင္းႏိုင္ေသးဘဲနဲ႔ ဒီလိုအကဲစပ္တဲ့ ေ႐ြးေကာက္ပြဲစနစ္ မ်ိဳးကို မဆုံးျဖတ္သင့္ေသးဘူးလို႔ ကြၽန္ေတာ္ေတာ့ ျမင္ပါတယ္။

ေမး။ ။ ဆိုလိုတာက PR စနစ္ကို အေလာတႀကီး သြတ္သြင္းဖို႔ မလုပ္သင့္ေသးဘူးလို႔ ဆိုလိုခ်င္တာမ်ဳိးလား။
ေျဖ။ ။ ဟုတ္တယ္။ ေနာက္ၿပီးေတာ့ ဥပေဒဆိုတာလည္း လူလုပ္တဲ့ဥပေဒေပါ့။ ဆိုေတာ့ ၂ဝဝ၈ ဖြဲ႕စည္းပုံ ဥပေဒကိုကလည္း အကန႔္အသတ္ေတြအမ်ားႀကီးရွိတယ္။ ဥပမာအားျဖင့္ ျပည္သူ႔လြတ္ေတာ္ဆိုရင္ မဲဆႏၵနယ္ ေျမကို (၃၃ဝ) ကို အခိုင္အမာလုပ္ထားတာေပါ့။ သူ႔ကို တိုးေလ်ာ့လို႔မရဘူး။ သူ႔ကိုျပဳျပင္ေျပာင္းလဲခ်င္ရင္ လႊတ္ ေတာ္ရွိမွ လႊတ္ေတာ္မွာဖြဲ႕စည္းပုံျပဳျပင္ေရးလုပ္ၿပီးမွ ေျပာင္းလို႔ရမယ္။ အဲဒီေတာ့ တခ်ိဳ႕ကေျပာတယ္။ မေျပာင္း ဘဲနဲ႔ လုပ္လို႔ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ၿမိဳ႕နယ္ကိုျဖစ္ေစ၊ လူဦးေရကိုအေျခခံ၍ ျဖစ္ေစလို႔ ေျပာထားတာျဖစ္တဲ့အတြက္ေၾကာင့္ (၃၃ဝ) ကိုေတာ့ မေျပာင္းဘူး။ တစ္ၿမိဳ႕နယ္တစ္ေယာက္ မဟုတ္ ေတာ့ဘဲနဲ႔ လူဦးေရ တစ္သိန္းကို တစ္ေယာက္၊ တစ္သိန္းခြဲကို တစ္ေယာက္ အစရွိသျဖင့္ လူဦးေရအခ်ိဳးအစားနဲ႔ (၃၃ဝ) ျဖစ္ေအာင္ လုပ္ေတာ့မယ္ဆိုရင္ တိုင္းေဒသႀကီး (၇) ခုမွာရွိတဲ့ လူဦးေရပ်ံ႕ႏွံ႔ပုံက (၇၆ ဒသမ ၈၉) ရာခိုင္ ႏႈန္းဆိုေတာ့ (၇၇) ရာခိုင္ႏႈန္းေလာက္ရွိတယ္။ အဲဒါဆိုရင္ တိုင္းရင္းသားျပည္နယ္ (၇) ခုေပါင္းမွ (၂၃) ရာခိုင္ႏႈန္း ေလာက္ပဲ ျပည္သူ႔လႊတ္ေတာ္မွာ ေနရာရေတာ့မယ္။ ဆိုေတာ့ ကြၽန္ေတာ္တို႔ မဲဆႏၵရွင္အခ်ိဳးအစားနဲ႔ေျပာရရင္ ကယားျပည္နယ္က ၿမိဳ႕နယ္ေတြဆိုရင္ လူဦးေရ (၅) ေထာင္ဝန္းက်င္ဘဲရွိတယ္။ ဆိုေတာ့ မဲေပးတဲ့လူက ဆိုပါ ေတာ့ (၃) ေထာင္ဝန္းက်င္ ရွိႏိုင္တယ္။ ရန္ကုန္က ၿမိဳ႕နယ္ႀကီးေတြမွာဆိုရင္ တစ္ၿမိဳ႕နယ္ကို မဲေပးတဲ့လူက သိန္း နဲ႔ခ်ီၿပီးရွိတယ္။ မဲတစ္ျပားခ်င္းရဲ႕တန္ဖိုးကြာဟမႈကလည္း အရမ္းႀကီးတယ္။ ဆိုေတာ့ ဟိုမွာက မဲဆႏၵရွင္ ေထာင္ ဂဏန္းေလာက္ ေထာက္ခံရင္ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ႏိုင္ၿပီးေတာ့ ဒီမွာက မဲဆႏၵရွင္ (၇) ေသာင္း၊ (၈) ေသာင္း၊ (၁) သိန္းေလာက္ေထာက္ခံမွ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္မယ္။ ဆိုေတာ့ ဒီမိုကေရစီမွာ မဲျပား တစ္ျပားခ်င္းရဲ႕တန္ဖိုးကြာဟမႈကလည္း ေတာ္ေတာ္အေရးႀကီးတယ္။ ဒါကလည္း ကြၽန္ေတာ္တို႔ အာ႐ုံစိုက္ရမယ့္ ကိစၥေပါ့။ ေနာက္တစ္ခုက လူဦးေရအေျခခံၿပီး လုပ္ၿပီဆိုရင္ တိုင္းရင္းသားျပည္နယ္ေတြက ၿမိဳ႕နယ္ (၃)၊ (၄) ခု ေပါင္းၿပီးေတာ့မွ ကိုယ္စားလွယ္တစ္ေယာက္ရမွာတို႔ျဖစ္လာရင္ လက္ရွိရေနတဲ့လႊတ္ေတာ္အခ်ိဳးအစားထက္ကို တိုင္းရင္းသားေတြဘက္က အရမ္းနစ္နာသြားမယ္။ ဒီအက်ိဳးဆက္က ခုနက တိုင္းရင္းသားတန္းတူညီမွ်ေရး၊ ဖက္ဒရယ္စနစ္တည္ေဆာက္ေရးကို တိုက္႐ိုက္သြားၿပီးေတာ့ ထိခိုက္မယ္။ ဒါက လူဦးေရအေျခခံနဲ႔စဥ္းစားရင္ ျဖစ္လာႏိုင္တဲ့အက်ိဳးဆက္ေပါ့။ ေနာက္တစ္ခုက အေျခခံအက်ဆုံးကိစၥကေတာ့ ေ႐ြးေကာက္ပြဲစနစ္ကိုစဥ္းစားရင္ (၁ဝဝ) ရာခိုင္ႏႈန္းအေပၚမွာ စဥ္းစားခ်က္မ်ိဳးျဖစ္ရမယ္။ အဲဒီေတာ့ (၇၅) ရာခိုင္ႏႈန္းအေပၚမွာပဲ ေ႐ြးေကာက္ပြဲ စနစ္ကို စဥ္းစားေနၿပီးေတာ့ (၂၅) ရာခိုင္ႏႈန္းက အေသထိုင္ထားတဲ့အခါက်ေတာ့ ေ႐ြးေကာက္ပြဲစနစ္ေျပာင္း တယ္ ရည္႐ြယ္ခ်က္က တစ္ပါတီတည္းမႏိုင္ေအာင္ ဆိုတာေလာက္နဲ႔စဥ္းစားတယ္ဆိုရင္ အစိုးရဖြဲ႕အဖို႔က ဒီ (၂၅) ရာခိုင္ႏႈန္းကေထာက္ခံမွ အစိုးရျဖစ္မယ္ဆိုတဲ့ အေျခအေနမ်ိဳးကိုဦးတည္သြားမယ္။ အဲဒါဆိုရင္ စစ္တပ္က (၂၅) ရာခိုင္ႏႈန္းနဲ႔ ဖြဲ႕စည္းပုံမျပင္ႏိုင္ေအာင္ ဗီတိုအာဏာကိုင္ထားရံုတင္မကဘဲနဲ႔ သူက အုပ္ခ်ဳပ္ေရးအာဏာကို ပါ သူေထာက္ခံမွ ရမယ္ဆိုတာမ်ိဳးဦးတည္လာရင္ ဒီဘက္က မဲဆႏၵရွင္ျပည္သူမ်ားအေနနဲ႔ ေ႐ြးေကာက္ပြဲ ႏိုင္ငံ ေရးအေပၚမွာ ယုံၾကည္မႈ ပိုမိုက်ဆင္းသြားမယ္။ ဒါေပမယ့္လည္း ဒီကိစၥကိုေျပာရင္ တပ္ရဲ႕တည္ရွိမႈကိစၥေရာ ခုနက လူဦးေရပ်ံ႕ႏွံ႔ပုံ၊ ၿပီးေတာ့ တိုင္းရင္းသားတန္းတူညီမႈေရး၊ ဒီထက္ ထပ္ေျပာရရင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ရဲ႕ အခန္းက႑ေပါ့။ ႏိုင္တဲ့အစိုးရကခန႔္တဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ျဖစ္ေနတာကိုက ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ျပန္ၿပီးေတာ့ ျပဳျပင္ေျပာင္းလဲဖို႔လိုတယ္။ ေနာက္ဆုံး ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕သက္တမ္းကအစ အစိုးရ သက္တမ္းနဲ႔ ထပ္တူျဖစ္ထားတာကိုက အဓိပၸာယ္မရွိဘူး။ မျဖစ္သင့္ဘူး။ သူက သီးျခားလြတ္လပ္တဲ့ ေ႐ြး ေကာက္ပြဲေကာ္မရွင္ ျဖစ္ရမယ္။ တကယ္လို႔ ျပဳျပင္ေျပာင္းလဲမႈေတြဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ကိုက္ညီမႈ ရွိ/ မရွိ ဆုံးျဖတ္ေပးႏိုင္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံး ရွိရမယ္။ အစရွိသျဖင့္ သူနဲ႔ဆင့္ပြားေဆြးေႏြးရမယ့္ကိစၥေတြ က အမ်ားႀကီးရွိတယ္။ ဒါေၾကာင့္မလို႔ အခုလိုမ်ိဳး ယာယီထိန္းသိမ္းပါတယ္ဆိုတဲ့ အိမ္ေစာင့္အစိုးရလက္ထက္မွာ ဒီေလာက္အကဲစပ္တဲ့ ကိစၥမ်ိဳးကို မလုပ္သင့္ဘူး။ ေနာက္တစ္ခုကလည္း ႏႈိင္းယွဥ္ၿပီးေျပာရရင္ ျမန္မာႏိုင္ငံမွာ အိမ္ေစာင့္အစိုးရလို႔ေျပာရင္ ၁၉၅၈ က အိမ္ေစာင့္အစိုးရနဲ႔ အခုအိမ္ေစာင့္အစိုးရနဲ႔ ႏွစ္ခုပဲရွိတယ္။ ၁၉၅၈ အိမ္ေစာင့္အစိုးရတုန္းက လႊတ္ေတာ္မပ်က္ဘဲနဲ႔ ေ႐ြးေကာက္ပြဲလုပ္တာေတာင္မွ ေ႐ြးေကာက္ပြဲစနစ္ကို ျပဳျပင္ ေျပာင္းလဲတာမလုပ္ဘူး။ အခုက လႊတ္ေတာ္လည္းမရွိဘူး။ ေနာက္ၿပီးေတာ့ လူထုရဲ႕စိတ္ခံစားမႈေတြကလည္း အင္မတန္ ျပင္းထန္ေနတဲ့အေျခအေနမ်ိဳးမွာ ဒီကိစၥကိုလုပ္ဖို႔ ႀကိဳးစားတာဟာ ေ႐ြးေကာက္ပြဲႏိုင္ငံေရးအေပၚမွာပါ လူထုရဲ႕ယုံၾကည္ေထာက္ခံမႈ က်ဆင္းသြားလိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္ျမင္ပါတယ္။

ေမး။ ။ အခုေျမျပင္အေျခအေနမွာ ၾကည့္ရတာကေတာ့ လြန္ခဲ့တဲ့ႏိုဝင္ဘာ ပထမပတ္မွာ သူတို႔အစည္းအေဝး လုပ္တဲ့အခါမွာေတာ့ ပါတီေတြေတာ္ေတာ္မ်ားမ်ား တက္ၾကတယ္။ တက္တဲ့အခါမွာ အဲဒီပါတီေတြေတာ္ေတာ္ မ်ားမ်ားကေတာ့ ဒါကိုသေဘာတူၾကတယ္ဆိုတဲ့ ပုံစံမ်ိဳးေျပာၾကတယ္။ ဆိုေတာ့ သေဘာတူတူ/မတူတူ အစက တည္းက ဒီစနစ္ကိုသြားမယ္လို႔ ဆုံးျဖတ္ၿပီးသားျဖစ္တယ္။ အဲဒီအခါက်ေတာ့ လူထုကလည္း ယုံၾကည္မႈကင္းမဲ့ ေနတဲ့အခ်ိန္၊ ဒါကိုလည္း မျဖစ္မေန သြားမယ္ဆိုတဲ့အခ်ိန္မွာ ေျမျပင္အေျခအေနကို ၾကည့္ခ်င္းအားျဖင့္ ဒီစနစ္က ေအာင္ျမင္ႏိုင္မယ့္အေနအထားထိ ေရာက္လိမ့္မယ္လို႔ အစ္ကိုထင္လား။
ေျဖ။ ။ ကြၽန္ေတာ္တို႔က တက္တဲ့ပါတီနဲ႔ ဆုံးျဖတ္လို႔ေတာ့ မရဘူးေလ။ မတက္ေရာက္တဲ့ပါတီေတြရဲ႕ ျပည္သူ လူထုၾကား ႏိုင္ငံေရးအခန္းက႑ကိုနားလည္မွ ႏိုင္ငံေရးက ေရွ႕ဆက္သြားလို႔ရမွာ။ ေနာက္တစ္ခုက တစ္ႏွစ္ပဲ က်န္တယ္။ လာမယ့္ ၂ဝ၂၂ အတြင္းမွာမွ လက္ရွိျပႆနာေတြကို မေျဖရွင္းႏိုင္ဘူးဆိုရင္ ၂ဝ၂၃ ေ႐ြးေကာက္ပြဲက ျဖစ္ဖို႔ေတာင္မလြယ္ဘူး။ အခုဟာက(၈၈) နဲ႔ မတူတာက ဟိုတုန္းက ၿမိဳ႕တြင္းပစ္ခတ္မႈေတြ မရွိဘူး။ ေတာခို တယ္ဆိုတာက တိုင္းရင္းသားနယ္ေျမေတြမွာ အေျခစိုက္ၿပီးေတာ့ တပ္အခ်င္းခ်င္းျဖစ္တဲ့ တိုက္ပြဲမ်ိဳးေတြ ျဖစ္ခဲ့ ၾကတာ။ အခုဟာက ၿမိဳ႕ျပကိုပါ လက္နက္ေတြပ်ံ႕ႏွံ႔လာတဲ့အေျခအေနမ်ိဳးမွာ ႏိုင္ငံေရးအၾကမ္းဖက္မႈေတြ၊ မဲ႐ုံဗုံးခြဲ တာေတြ၊ ကိုယ္စားလွယ္ေတြကို လုပ္ႀကံတာေတြ အစရွိသျဖင့္ ဒါမ်ိဳးေတြ အမ်ားႀကီးႀကဳံလာႏိုင္တယ္။ ဒါေၾကာင့္ မို႔လို႔ ဒီအခ်ိန္မွာ ကိုယ့္သေဘာနဲ႔ကိုယ္ ဆုံးျဖတ္လို႔ရတာပဲဆိုရင္ ဆုံးျဖတ္လို႔ေတာ့ ရတယ္။ ဒါေပမယ့္ ေနာက္ ဆက္တြဲ အက်ိဳးဆက္ေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ ကြၽန္ေတာ္ေတာ့ ျမင္ပါတယ္။

ေမး။ ။ တစ္ဖက္က PR စနစ္ကို ေဝဖန္ေနတဲ့အခ်က္ေတြရွိတယ္။ PR စနစ္ကို က်င့္သုံးမယ္လို႔ ဆုံးျဖတ္တာက တပ္ (၂၅) ရာခိုင္ႏႈန္းနဲ႔ တျခားပါတီအခ်ိဳ႕နဲ႔‌ေပါင္းၿပီးေတာ့ သူတို႔လိုခ်င္တဲ့ သမၼတေလာင္းေ႐ြးဖို႔၊ အစိုးရဖြဲ႕ဖို႔ ရည္ ႐ြယ္ခ်က္ရွိေနပုံရတယ္လို႔ ေခါင္းစဥ္ေတြတပ္တာ ေတြ႕ရတယ္။ ဆိုေတာ့ တကယ္ပဲ အဲဒီလိုရွိေနလား ဘယ္လို ျမင္မိလဲ။
ေျဖ။ ။ ကြၽန္ေတာ္တို႔က တစ္ပါတီတည္း အႏိုင္မရေအာင္ဆိုတဲ့ရည္႐ြယ္ခ်က္ေလာက္နဲ႔ PR ကို စဥ္းစားရင္ ေတာ့ ဒါဟာ ၫြန႔္ေပါင္းျဖစ္ေအာင္လုပ္တာပဲ။ ၫြန႔္ေပါင္းျဖစ္ေအာင္လုပ္ၿပီဆိုကတည္းက ဒီတပ္ (၂၅) ရာခိုင္ႏႈန္း က ေျပာရရင္ ပါတီတစ္ခုက လႊတ္ေတာ္မွာ (၂၅) ရာခိုင္ႏႈန္းရဖို႔ဆိုတာ လြယ္တဲ့ကိစၥမွ မဟုတ္တာ။ သူက အလို ေလ်ာက္ရၿပီးသားျဖစ္ေနေတာ့ သူ႔ရဲ႕ေထာက္ခံမႈဟာ အစိုးရဖြဲ႕စည္းေရးအတြက္ အေရးပါတဲ့အစုအဖြဲ႕ျဖစ္လာ တာေပါ့။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ႏိုင္ငံေရး စစ္စစ္မွန္မွန္ယုံၾကည္ႀကိဳးစားတဲ့အင္အားစုေတြကိုပါ သတ္ၿပီး တဲ့သေဘာမ်ိဳးေပါ့။ ျပည္သူက ႏိုင္ငံေရးနည္လမ္းကို မယုံၾကည္ေတာ့ဘူး။ ေ႐ြးေကာက္ပြဲနည္းလမ္းကို မယုံ ၾကည္ေတာ့ဘူးဆိုရင္ ေ႐ြးစရာေတာ္ေတာ္ ရွားသြားၿပီ။ ေနာက္ဆုံးေျပာရရင္ လက္နက္၊ လက္နက္ခ်င္း ခ်မွရမယ္ ဆိုၿပီးေတာ့ အခုလူငယ္ေတြၾကားထဲမွာ ပ်ံ႕ႏွံ႔ေနတဲ့အေျခအေနမ်ိဳးမွာ ေ႐ြးေကာက္ပြဲနည္းလမ္းဟာ ႏိုင္ငံကို ေကာင္းမြန္တဲ့နည္းလမ္းကို ဦးတည္ႏိုင္တယ္လို႔ယုံၾကည္မႈမ်ိဳး ဖန္တီးမေပးႏိုင္ဘူးဆိုရင္ အေျခအေနေတြ ပိုဆိုး သြားႏိုင္မယ္လို႔ ကြၽန္ေတာ္ကေတာ့ ျမင္ပါတယ္။

ေမး။ ။ အဲဒီေတာ့ လက္ရွိ သူတို႔ PR စနစ္ကို က်င့္သုံးမယ္လို႔ေျပာေနတဲ့အခါမွာ ၾကားရတာက ၿမိဳ႕နယ္ကို အေျခခံ၍လည္းေကာင္း (သို႔မဟုတ္) ခ႐ိုင္ေပါ့။ ကြၽန္ေတာ္တို႔ဆီမွာ ခ႐ိုင္ (၇၃) ခ႐ိုင္ရွိတယ္။ ဆိုေတာ့ ခ႐ိုင္အစု အဖြဲ႕ကိုအေျခခံၿပီးေတာ့ ခုနကကိုယ္စားလွယ္ေ႐ြးတာမ်ိဳးျဖစ္လာႏိုင္ေျခရွိတယ္။ ေနာက္တစ္ခ်က္က လူဦးေရကို အေျခခံတာေပါ့။ ဆိုေတာ့ ဒီစနစ္ကို သူတို႔က မျဖစ္မေနအသက္သြင္းမယ့္ပုံစံႀကီးကို ျမင္ေနရၿပီ။ ဆိုေတာ့ ဒီေ႐ြး ေကာက္ပြဲကို တခ်ိဳ႕ပါတီေတြ ဝင္မလာတဲ့အခါ ဒီေ႐ြးေကာက္ပြဲအေျခအေနက မေအာင္ျမင္တဲ့ ေ႐ြးေကာက္ပြဲျဖစ္ လာႏိုင္လား။ ဘယ္လိုေျပာလို႔ရလဲ။
ေျဖ။ ။ အရင္ေ႐ြးေကာက္ပြဲေတြမွာလည္း ကြၽန္ေတာ္ေျပာဖူးတယ္။ ေ႐ြးေကာက္ပြဲရလဒ္နဲ႔ ႏိုင္ငံေရးရလဒ္ဟာ ထပ္တူမျဖစ္ဘူး။ ေ႐ြးေကာက္ပြဲအႏိုင္အရႈံးက သပ္သပ္၊ ေအာက္မွာ ႏွစ္ေပါင္းမ်ားစြာသေႏၶတည္လာတဲ့ ႏိုင္ငံေရး ျပႆနာေတြက သပ္သပ္။ ဒါဟာလက္ေတြ႕မွာလည္း ကြၽန္ေတာ္တို႔ ႀကဳံေနရတဲ့ျပႆနာပဲ။ ဒါေၾကာင့္မို႔လို႔ လူေတြေျပာေနၾကတာက ဒီမိုကေရစီဆိုရင္ ေ႐ြးေကာက္ပြဲ။ ေ႐ြးေကာက္ပြဲႏိုင္ရင္ ဒါဟာဒီမိုကေရးစီပဲလို႔ ေျပာတာ ဟာ လက္ေတြ႕မွာ ျမန္မာႏိုင္ငံရဲ႕ျပႆနာေတြျဖစ္တဲ့ အရပ္ဖက္၊ စစ္ဖက္ျပႆနာေတြ၊ တိုင္းရင္းသား တန္းတူ ညီမွ်ေရး၊ ၿငိမ္းခ်မ္းေရးျပႆနာေတြအားလုံးကို ေ႐ြးေကာက္ပြဲနည္းလမ္းတစ္ခုတည္းနဲ႔ ေျဖရွင္းလို႔မရဘူးဆိုတာ ကို လုံေလာက္တဲ့အေတြ႕အႀကဳံေတြ ရၿပီးၿပီလို႔ ကြၽန္ေတာ္ထင္ပါတယ္။ သို႔ေသာ္ ဒီမိုကေရစီသမားတစ္ေယာက္ အေနနဲ႔ ေ႐ြးေကာက္ပြဲကအေရးႀကီးတယ္ဆိုတာကို နားလည္ပါတယ္။ ျပႆနာက လူထုရဲ႕စိတ္ခံစားမႈေတြကို လႈံ႕ေဆာ္ၿပီး ေ႐ြးေကာက္ပြဲအႏိုင္ရေအာင္လုပ္တာဟာ ေ႐ြးေကာက္ပြဲအလြန္ ေနာက္ထပ္ျပႆနာ အသစ္ ဖန္တီးရာေရာက္တယ္။ ဒါေၾကာင့္မို႔လို႔ ႏိုင္ငံေရး‌ေခါင္းေဆာင္ေတြရဲ႕ အေမွ်ာ္အျမင္ဘယ္ေလာက္ႀကီးသလဲ။ ကိုယ့္ပါတီအႏိုင္ရေရးေလာက္ပဲ မစဥ္းစားဘဲနဲ႔ ပါသင့္ပါထိုက္တဲ့သူေတြ၊ မျဖစ္မေန ေဆြးေႏြးရမယ့္သူေတြနဲ႔ ျပႆနာအဝဝကိုေျဖရွင္းႏိုင္မယ့္ စိတ္အျမင္က်ယ္မႈမ်ိဳး ဘယ္ေလာက္ရွိသလဲဆိုတဲ့အေပၚမွာ ႏိုင္ငံရဲ႕အနာဂါတ္ က မူတည္ေနတယ္။ ေျပာခ်င္တာက စစ္တပ္ကေခါင္းေဆာင္ေတြေရာ၊ အရပ္ဖက္ႏိုင္ငံေရးေခါင္းေဆာင္ေတြ ေရာ၊ ဟိုတုန္းက ကြၽန္ေတာ္တို႔က တစ္ပါတီစနစ္မွာတုန္းက ေ႐ြးေကာက္ပြဲက တစ္ပါတီပဲရွိတာေပါ့။ ပါတီစုံ ျဖစ္ လာေတာ့ ေ႐ြးေကာက္ပြဲဆိုတာ ၿပိဳင္တာပဲ။ ၿပိဳင္ရင္ ႏိုင္ရမယ္ဆိုတဲ့စဥ္းစားခ်က္မ်ိဳးေလာက္နဲ႔ေတာ့ ႏိုင္ငံေရး ျပႆနာေတြကို မေျဖရွင္းႏိုင္ဘူးဆိုတာဟာ အခုမ်ိဳးဆက္သစ္လူငယ္ေတြအတြက္ပါ လုံေလာက္တဲ့သခၤါန္းစာ ေတြရၿပီးၿပီလို႔ ကြၽန္ေတာ္ေတာ့ ထင္တယ္။ အဲဒါမွ သခၤါန္းစာ မယူတတ္ေသးဘူးဆိုရင္ ေ႐ြးေကာက္ပြဲက သပ္ သပ္၊ ျပႆနာေတြက သပ္သပ္နဲ႔ ဒီလိုပဲကြၽန္ေတာ္တို႔ ဆိုးသြမ္းသံသရာေပါ့။ အဲဒီအထဲကိုပဲ ေရာက္သြားလိမ့္ ဦးမယ္။ အဲဒီေတာ့ ေ႐ြးေကာက္ပြဲႏိုင္ရင္ အာဏာရတာပဲဆိုရင္ေတာ့ အဲဒီအာဏာကို၌က ေနာက္ထပ္ျပႆနာအသစ္တစ္ခုျဖစ္ေနတယ္။

ေမး။ ။ PR စနစ္ကို က်င့္သုံးမယ္လို႔ မျဖစ္မေနဆုံးျဖတ္လိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ေတြးမိ/ တြက္ဆမိတာ က စစ္တပ္က ႏိုင္ငံေရးသမားေတြနဲ႔ပတ္သက္ရတာ ဆယ္စုႏွစ္တစ္ခုေပါ့။ ၿပီးခဲ့တဲ့ငါးႏွစ္မွာ သူတို႔ အဆင္မေျပ ဘူးဆိုတဲ့ ခံစားခ်က္ေပါ့။ ဆိုေတာ့ ႏိုင္ငံေရးသမားဆိုရင္ သိပ္မယုံၾကည္ခ်င္ဘူး။ မယုံၾကည္ခ်င္တဲ့ သေဘာမ်ိဳး ေပါ့။ ႏိုင္ငံေရးသမားေတြက ငါတို႔အေပၚဖိႏွိပ္တယ္။ ဒါေၾကာင့္ ငါတို႔လည္း ပိုၿပီးေျခကုပ္ယူရေတာ့မယ္ဆိုတဲ့ သေဘာမ်ိဳးနဲ႔ ျပင္ဆင္တဲ့သေဘာမ်ိဳးလို႔ ထင္ရတယ္။ အရင္းခံကေတာ့ ႏိုင္ငံေရးသမားေတြကို သိပ္မယုံၾကည္တဲ့ သေဘာမ်ိဳးေပါ့။ အဲဒီအေပၚကို အစ္ကို႔အေနနဲ႔ ဘယ္လိုျမင္မိလဲ။
ေျဖ။ ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ တစ္ေယာက္ကိုတစ္ေယာက္ မယုံဘူးေပါ့။ ကြၽန္ေတာ္တို႔အရပ္ဖက္ ကလည္း စစ္တပ္ကို မယုံဘူး။ စစ္တပ္ကလည္း အရပ္သားကိုမယုံဘူး။ တစ္ေယာက္ကိုတစ္ေယာက္ သူကငါ့ကို အၿမဲတမ္းအေကာက္ႀကံေနမွာပဲ၊ အၿမဲတမ္းဆန႔္က်င္ေနမွာပဲ ဆိုတာမ်ိဳး ျဖစ္ေနရင္ေတာ့ ဒါဟာ ဂ်ာေအးသူ႔အေမ ႐ိုက္ေနမွာပဲ။ အဲဒီေတာ့ ဒီစကားကေျပာရတာ အင္မတန္အႏၲရာယ္ႀကီးတယ္။ ဆိုေတာ့ စစ္တပ္ကိုႏိုင္ငံေရးက ဖယ္ထုတ္ခ်င္တာကေတာ့ စိတ္ရင္းပဲ။ ကြၽန္ေတာ္လည္း ဖယ္ထုတ္ခ်င္တယ္။ ျဖစ္ႏိုင္ရင္ ေန႔ခ်င္းညခ်င္းပဲ ဖယ္ ထုတ္ခ်င္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္လည္း ဒီမိုကေရစီႏိုင္ငံေတြအမ်ားႀကီးကို ေလ်ာက္သြားခဲ့၊ ေလ့လာခဲ့ဖူးတယ္။ သို႔ေသာ္ ႏိုင္ငံရဲ႕အေျခအေနအရ ကြၽန္ေတာ္တို႔က အရင္ကလည္းေျပာဖူးတယ္။ ကြၽန္ေတာ္ တို႔ ႏိုင္ငံေရးေခါင္းေဆာင္ေတြက ဘယ္ေမာ္ဒယ္လ္ကို စဥ္းစားေနတာလဲ။ ဖိလစ္ပိုင္ေမာ္ဒယ္လ္လား၊ အင္ဒိုနီးရွား ေမာ္ဒယ္လ္လား။ ဖိလစ္ပိုင္ေမာ္ဒယ္လ္ဆိုတာက စစ္တပ္က ၿပိဳကြဲတာေပါ့ဗ်ာ။ ဗိုလ္ခ်ဳပ္ႀကီး ရားမို႔စ္က People Power နဲ႔ လူထုတိုက္ပြဲနဲ႔ ပူးေပါင္းသြားတယ္။ မားကို႔စ္ကိုေျပာရရင္ အေမရိကန္က ေခၚထုတ္သြားတယ္ေပါ့ဗ်ာ။ အဲဒါအေျပာင္းအလဲျဖစ္သြားတယ္။ ဒါက ေမာ္ဒယ္လ္ တစ္ခုေပါ့။ ေနာက္တစ္ခုက အင္ဒိုနီးရွား ေမာ္ဒယ္လ္ေပါ့။ ဒီလိုပဲ စစ္တပ္က ႏိုင္ငံေရးမွာ ပါဝင္ေနတယ္။ လႊတ္ေတာ္ထဲမွာ ေ႐ြးေကာက္မခံဘဲ ဝင္ထိုင္ေနတယ္။ ၿပီးေတာ့မွ အရပ္ဖက္ႏိုင္ငံေရးသမားေတြနဲ႔ စစ္ေခါင္းေဆာင္ေတြနဲ႔ၾကားထဲမွာ တစ္ဖက္ကလည္း လူထုရဲ႕အင္အားနဲ႔ ျဖည္း ျဖည္းခ်င္း ေလ်ာ့ခ်ၿပီးေတာ့မွ စစ္တပ္က ႏိုင္ငံေရးကေန တျဖည္းျဖည္းခ်င္းဆုတ္ခြာတယ္။ ဒါေတာင္မွ စီးပြားေရး မ်က္ႏွာစာမွာ စစ္တပ္ပိုင္စီးပြားေရးလုပ္ငန္းေတြ အမ်ားႀကီးဆက္က်န္ေနေသးတယ္။ ဆိုေတာ့ ႏိုင္ငံေရးက ဆုတ္ခြာတာေတာင္ စီးပြားေရးမွာသူက က်န္ေသးတယ္။ ဒါကို တျဖည္းျဖည္းခ်င္းနဲ႔မွ Professional Army ျဖစ္ လာေအာင္ေပါ့။ တကယ္က စစ္တပ္ဆိုတာ စီးပြားေရးလုပ္စရာမလိုဘူးဗ်ာ။ တကယ့္စြမ္းအားျပည့္တဲ့ စစ္တပ္ ေတြဆိုတာက လက္တင္တိုက္တာပဲ။ ရိကၡာ၊ လက္နက္ခဲယမ္း ကို တိုက္တဲ့ေနရာအထိ ခ်ေပးၿပီးေတာ့ တိုက္တာ ေပါ့ဗ်ာ။ ဒါကေတာ့ ႏိုင္ငံရဲ႕ခ်မ္းသာႂကြယ္ဝမႈနဲ႔နည္းပညာေတြလည္း ပါတာေပါ့။ တကယ့္တကယ္က ကြၽန္ေတာ္ တို႔က အဲဒီအေျခအေနေရာက္ဖို႔ အမ်ားႀကီးႀကိဳးစားရအုံးမွာ။ အရင္ကတည္းက ကြၽန္ေတာ္ေျပာခဲ့တာ ဒီႏိုင္ငံရဲ႕ အေျခအေနမွာ ကြၽန္ေတာ္တို႔က စစ္တပ္ကိုေန႔ခ်င္းညခ်င္း ဖမ္းထုတ္ပစ္ဖို႔ဆိုတာ မလြယ္ဘူး။ ေနာက္တစ္ခုက စစ္တပ္ကိုအားယူၿပီးေတာ့မွ ႏိုင္ငံေရးလုပ္မယ္ဆိုရင္ေတာ့ မလုပ္ပါနဲ႔။ ဒါဟာ ကြၽန္ေတာ္တို႔ ဒီမိုကေရစီ ႏိုင္ငံေရး သမားေတြအေနနဲ႔ ေစာင့္ထိန္းရမယ့္စည္းေပါ့။ အဲဒီေတာ့ တစ္ဖက္ကေတာ့ ၾကားကာလ စပ္ကူးမတ္ကူးကာလ မွာ လိုအပ္တဲ့ေနရာေတြမွာပူးေပါင္းေဆာင္႐ြက္ႏိုင္တဲ့ နားလည္မႈ၊ ယုံၾကည္မႈလိုတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ဒီမိုကေရစီသမားအေနနဲ႔ စစ္တပ္ကို ႏိုင္ငံေရးထဲက တျဖည္းျဖည္းခ်င္းဆုတ္ခြာဖို႔ နည္းလမ္းရွာတာေရာ၊ ႀကိဳးစား တာေရာ၊ လုပ္ကိုလုပ္ေနရမယ္။ ေနာက္တစ္ခုကေတာ့ စစ္တပ္အားနဲ႔ ႏိုင္ငံေရးအာဏာရဖို႔ လုပ္တယ္ဆိုတာ ကလည္း ေနာက္ဆုံး စစ္တပ္က ႏိုင္ငံေရးထဲပါလာတာကို၌ကလည္း အရင္က အရပ္သားႏိုင္ငံေရးသမားေတြက ဆြဲသြင္းလို႔ ပါလာတာ။ ဆိုလိုတာက ထပ္ၿပီးမက်ဴးလြန္ပါနဲ႔။ ေနာက္ၿပီး အၿငိမ္းစားယူၿပီး ႏိုင္ငံေရးသမားလုပ္ၿပီ ဆိုရင္လည္းပဲ လူထုအားကို ယုံယုံၾကည္ၾကည္နဲ႔ေထာက္ခံမႈရေအာင္ လုပ္ပါ။ ဒါက အကုန္လုံးကိုေျပာခ်င္တာ ျဖစ္တယ္။ စစ္တပ္ကိုအားယူၿပီးလုပ္တဲ့ ႏိုင္ငံေရးဟာ တိုင္းျပည္အတြက္ အင္မတန္အႏၲရာယ္ႀကီးတယ္။ အဲဒီ ေတာ့ စစ္တပ္ကိုရန္ရွာၿပီးေတာ့ ခ်က္ခ်င္းေမာင္းထုတ္တဲ့ႏိုင္ငံေရးဟာ အခုကြၽန္ေတာ္တို႔ေတြက ၾကာေလၾကာ ေလ စစ္တပ္ကို မၾကည့္ခ်င္၊ မျမင္ခ်င္ေလာက္ေအာင္ အမုန္းတရားပိုႀကီးလာေတာ့ လက္ေတြ႕သေဘာအားျဖင့္ တကယ့္ပဲ စစ္တပ္ကိုအျပဳတ္တိုက္မွာလား။ အျပတ္ေျခမႈန္းမွာလား။ ၿပီးရင္ ဘယ္လိုမ်ိဳးျပန္ၿပီး အစားထိုးမလဲ။ အခ်ိန္ကာလ ဘယ္ေလာက္ၾကာမလဲ။ ေနာက္ၿပီး ႏိုင္ငံတာကာ ဆိုတာကလည္း စျဖစ္ကတည္းကေနၿပီးေတာ့ R2P လာေတာ့မယ္၊ ကုလသမဂၢ လာေတာ့မယ္၊ အေမရိကန္ လာေတာ့မယ္ အစရွိသျဖင့္ေပါ့ ျဖစ္လာတာေတြက (၉) လ ျဖစ္လာၿပီေပါ့ဗ်ာ။ ေနာက္ၿပီး ႏိုင္ငံတကာမွာလည္း ျပည္ပစြက္ဖက္မႈေၾကာင့္မို႔လို႔ အနိ႒ာ႐ုံေတြ ႀကဳံေနရ တာ ကြၽန္ေတာ္တို႔မ်က္စိေအာက္မွာ အမ်ားႀကီးပဲရင္ဆိုင္ေနရတယ္။ ဆိုေတာ့ တစ္ဖက္ကလည္း ကြၽန္ေတာ္တို႔ ဒီမိုကေရစီေရးကို စိတ္ဓာတ္ပိုင္းဆိုင္ရာ၊ သံတမန္ပိုင္းဆိုင္ရာ ႏိုင္ငံေရးအရအားေပးေနတာကို ကြၽန္ေတာ္တို႔ ကိုယ္တိုင္လည္း ႀကိဳးလည္းႀကိဳးစားခဲ့တယ္။ ေက်းဇူးလည္းတင္တယ္။ သို႔ေသာ္ ႏိုင္ငံရဲ႕ပကတိတရားနဲ႔ ႏိုင္ငံေရး အရ ဘယ္လိုထြက္ေပါက္ရွာမလဲဆိုတာကို မွန္မွန္ကန္ကန္ စဥ္းစားၾကဖို႔ လိုမယ္လို႔ျမင္ပါတယ္။

ေမး။ ။ အဲဒီေတာ့ ႏိုင္ငံေရးသမားေတြနဲ႔စစ္တပ္ၾကားမွာ ေ႐ြေကာက္ပြဲစနစ္နဲ႔ တျဖည္းျဖည္းေပါင္းကူးၿပီး ရင္ၾကားေစ့ရတာေပါ့။ စနစ္တစ္ခုမရွိဘဲနဲ႔ သူက လုပ္လို႔မရဘူး။ အဲဒီမွာလည္း ခ်ေပးတဲ့စနစ္ကလည္း တစ္ဖက္နဲ႔ တစ္ဖက္က ဘယ္သူကအသာစီးယူႏိုင္မလဲဆိုတာမ်ိဳး ျပင္ေနတာေတြ႕ရတယ္။ ဆိုေတာ့ အဲဒီဟာကို ဘယ္လိုပုံစံ နဲ႔ ေက်ာ္သင့္တယ္လို႔ထင္လဲ။ ဘယ္လိုေက်ာ္လႊားသင့္သလဲေပါ့။
ေျဖ။ ။ အခုလည္း ကြၽန္ေတာ္တို႔အျငင္းပြားေနတာက ၂ဝဝ၈ က ရွိေသးသလား။ မရွိေတာ့ဘူးလား ဆိုတာေပါ့။ အဲဒီေတာ့ ၂ဝဝ၈ မရွိေတာ့ဘူးဆိုရင္ေတာ့ ဘာမွ ေ႐ြးေကာက္ပြဲေတြ ဘာေတြလည္း စဥ္းစားမေနနဲ႔။ ကြၽန္ေတာ္ တို႔က ေတာ္လွန္ေရးေပါ့ဗ်ာ။ အျပဳတ္တိုက္ေရးေပါ့။ တစ္ေယာက္ေယာက္ျပဳတ္သြားမွ ေအးမယ္ေပါ့ဗ်ာ။ ဒါက ေတာ့ ခ်ည္းကပ္မႈပုံစံတစ္မ်ိဳးေပါ့။ ေနာက္တစ္ခုက ၂ဝ၂၃ မွာ ေ႐ြးေကာက္ပြဲမလုပ္ႏိုင္ဘူးဆိုရင္ေတာ့ စစ္တပ္ကို ၌က ၂ဝဝ၈ ကို ဆက္သုံးလို႔မရေတာ့ဘူး။ ပ်က္ျပယ္သြားၿပီ။ အဲဒါကေတာ့ ပ်က္ေစခ်င္တဲ့သူေရာ၊ ေ႐ြးေကာက္ပြဲ မလုပ္ႏိုင္လို႔ ပ်က္သြားတဲ့အေျခအေနေရာ တစ္သားတည္းျဖစ္သြားၿပီ။ အဲဒါဆိုရင္ေတာ့ ဘာဥပေဒမွ မရွိေတာ့တဲ့ မာရွယ္ေလာ စစ္အုပ္ခ်ဳပ္ေရးကာလကို ကြၽန္ေတာ္တို႔က ေရာက္သြားမယ္။ ၂ဝ၂၃ ဩဂုတ္လမွာ ေ႐ြးေကာက္ပြဲ မလုပ္ႏိုင္ဘူးဆိုတာနဲ႔ တစ္ႏိုင္ငံလုံးမွာ ကြၽန္ေတာ္တို႔စစ္အုပ္ခ်ဳပ္ေရးေအာက္ကို ေရာက္သြားမယ္။ ဆိုေတာ့ အဲဒါ က ကာလဘယ္ေလာက္ၾကာၿပီး ဘယ္လိုမ်ဳိး ဒီအထဲကေန ျပန္႐ုန္းထြက္မလဲဆိုတာကို ကြၽန္ေတာ္ထင္တယ္ ေျပာႏိုင္မယ့္သူရွိရင္ ေျပာျပၾကပါ။ ရွင္းျပၾကပါေပါ့။ လက္ေတြ႕က်က်ေတာ့ ေျပာေပါ့။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္ တို႔က ႏိုင္ငံေရးမွာမႀကိဳက္ေပမယ့္ လက္ခံလိုက္ရတဲ့ဟာေတြကေတာ့ အထင္ရွားဆုံးေျပာရရင္ေတာ့ ၂ဝ၁၂ ေပါ့။ ကြၽန္ေတာ္တို႔ ေထာင္ထဲမွာ၊ ေတာထဲမွာ၊ လမ္းေပၚမွာ အမ်ားႀကီးေသခဲ့တယ္။ ေနာက္ဆုံး ၂ဝဝ၈ ဖြဲ႕စည္းပုံကို တစ္ဖက္သက္ေရးဆြဲတဲ့ကိစၥကို ကြၽန္ေတာ္တို႔ဆိုရင္ ဖြဲ႕စည္းပုံမျဖစ္ခင္ကတည္းက ဆန႔္က်င္ခဲ့တဲ့အတြက္ ေၾကာင့္ ကြၽန္ေတာ္ဆိုရင္ ေထာင္ဒဏ္(၆၅) ႏွစ္နဲ႔ (၆) လ ေထာင္က်တယ္။ ၂ဝဝ၈ ကို ျဖစ္မွကန႔္ကြက္တာ မဟုတ္ဘူး။ ဆြဲေနတဲ့အခ်ိန္မွာကတည္းက ကန္႔ကြက္ခဲ့တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ ႏွစ္ရွည္ေထာင္ဒဏ္ က်သြားခဲ့တာ။ ၂ဝ၁၂ ျပန္ၿပီး ထြက္လာေတာ့ ၂ဝဝ၈ ကို လက္ခံတဲ့အေျခအေနေရာက္ေနၿပီ။ NLD က ၾကားျဖတ္ ေ႐ြးေကာက္ပြဲဝင္မယ္ဆိုတဲ့ ဆုံျဖတ္ခ်က္ျဖစ္လာေတာ့ အရပ္ရပ္အေျခအေနေတြအရ မႀကိဳက္ဘဲနဲ႔ လက္ခံလိုက္ ရတဲ့အေျခအေနတစ္ခုကို ကြၽန္ေတာ္တို႔ျဖတ္သန္းခဲ့ရတယ္။ ေျပာရရင္ေတာ့ ျဖတ္သန္းခဲ့တဲ့ ၿပီးခဲ့တဲ့လႊတ္ေတာ္ သက္တမ္း (၂) ခုနဲ႔ပတ္သက္ၿပီး ျပန္ေျပာစရာေတြ သုံးသပ္စရာေတြ အမ်ားႀကီးရွိတယ္ေပါ့ဗ်ာ။ အဲဒီအေျခအေန ကေန တိုင္းျပည္ဟာ ကိုဗစ္ေၾကာင့္ေရာ၊ ႏိုင္ငံေရးေၾကာင့္ေရာ၊ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ေရာ၊ စီးပြား ေရး၊ လူမႈေရးအၾကပ္အတည္းေတြဟာ တစ္ႏိုင္ငံလုံးအႏွံ႔မွာ အေတာ္ႀကီးေနၿပီ။ ဘယ္လိုေျဖရွင္းမလဲဆိုတာကို ေလးေလးနက္နက္စဥ္းစားၾကဖို႔ လိုမယ္လို႔ထင္ပါတယ္။ ဒါဟာ ကြၽန္ေတာ့္ကိုယ္ေရးကိုယ္တာ ဘာအက်ိဳးစီးပြား ေမွ်ာ္မွန္းခ်က္မွ မရွိဘူး။ တစ္ေလွ်ာက္ (၃၄) ႏွစ္ ႏိုင္ငံေရးလုပ္လာခဲ့တာမွာလည္း ဘာႀကီးျဖစ္ခ်င္လို႔၊ ဘယ္လို ျဖစ္ခ်င္လို႔ဆိုၿပီးလုပ္ခဲ့တာ ဘာမွမရွိဘူး။ ကြၽန္ေတာ့္ကို အခြင့္အလမ္းေတြကမ္းလွမ္းခဲ့တာမွာလည္း ကိုယ္ေရး ကိုယ္တာအတြက္ဆို ဘာတစ္ခုမွကြၽန္ေတာ္လက္မခံခဲ့ဘူး။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔လည္း (၃၄) ႏွစ္ ျဖတ္ သန္းၿပီးေတာ့ အခုဆို (၆ဝ) နား ေရာက္လာၿပီ။ အခုျဖစ္တဲ့အေျခအေနေတြကိုလည္း ၾကည့္ၿပီးေတာ့ ေတာ္ေတာ္ ကိုလည္း စိတ္ထိခိုက္တယ္။ ေနာက္ၿပီး လူေတြရဲ႕စိတ္ေတြကိုေရာ အရမ္းကိုျပင္းထန္၊ ခက္ထန္လာၿပီးေတာ့ အမုန္းေတြ အရမ္းႀကီးလာတဲ့ကိစၥဟာ ေျပာရင္ေတာ့လြယ္ပါတယ္ဗ်ာ။ မင္းက စစ္တပ္ကပစ္ခတ္ေနတာေတြကို မေျပာဘူးလားဆိုရင္ ေျပာပါတယ္ဗ်ာ။ ကြၽန္ေတာ္တို႔ အာဏာသိမ္းကတည္းက ကန႔္ကြက္တဲ့အေၾကာင္း အၾကမ္း မဖက္ၿငိမ္းခ်မ္းစြာ ဆႏၵျပတာေတြကို အားေပးတဲ့အေၾကာင္း၊ ဖမ္းဆီးခံရရင္ေတာင္မွ ကြၽန္ေတာ္တို႔က ဥပေဒ ေၾကာင္းအရလိုက္ၿပီးေတာ့ အကာအကြယ္ေပးတာေတြ၊ အခုခ်ိန္ထိလည္းလုပ္ေနတယ္။ ဆိုေတာ့ ကြၽန္ေတာ္ဟာ ယုံၾကည္တဲ့ ဒီမိုကေရစီေရးနဲ႔ ဖက္ဒရယ္ေရး ရပ္တည္ခ်က္ေတြေပၚကေန ဆံခ်ည္တစ္မွ်င္ေတာင္ေလ်ာ့ မသြား ပါဘူး။ သို႔ေသာ္ ဘယ္လိုထိခိုက္ဒဏ္ရာ အနည္းဆုံးနဲ႔သြားမလဲ။ ျဖစ္တာေတာ့ ျဖစ္မွာေပါ့။ ကြၽန္ေတာ္တို႔ ကိုယ္တိုင္ေတာင္မွ ဘဝနဲ႔ခ်ီၿပီးေတာ့ အမ်ားႀကီးေပးဆပ္ခဲ့ရတာပဲ။ အခုလည္းပဲ ငယ္စိတ္နဲ႔ေျပာရရင္ ေထာင္ထဲ သြားေနတာမွ စိတ္ပိုသက္သာတယ္။ ေျပာရရင္ ေထာင္ထဲမွာဘယ္လိုေနရထိုင္ရမယ္ဆိုတာ ကြၽန္ေတာ္သိတ ယ္ဗ်ာ။ ကြၽန္ေတာ္တို႔ ေနခဲ့ရတဲ့အခ်ိန္တုန္းက တမန္တလင္းေပၚမွာ အိပ္ရတာ။ အခုက ကြက္ပ်စ္နဲ႔အိပ္ရတာ။ ကြၽန္ေတာ္တို႔ ဂန္ဖလားနဲ႔ အေပါ့/အေလး သြားရတာ။ အခုဆို ေရေလာင္းအိမ္သာနဲ႔။ ကြၽန္ေတာ္တို႔တုန္းက စာ႐ြက္စာတမ္း ဖတ္ခြင့္မရွိဘူး။ အခုဖတ္လို႔ရတယ္။ ဆိုလိုတာက ကြၽန္ေတာ္တို႔ေနခဲ့ရတဲ့အခ်ိန္နဲ႔ အခုအခ်ိန္မွာ ေထာင္ထဲမွာသြားေနတဲ့ကိစၥဟာ ကြၽန္ေတာ့္အတြက္ အရမ္းကိုသက္သာတယ္။ စိတ္ဖိစီးမႈနည္းတယ္။ ဒါေပမယ့္ ျဖတ္သန္းမႈအရ ကိုယ္ယုံၾကည္ရာကိုလုပ္မယ္ဆိုၿပီး ႀကံ့ႀကံ့ခံရတဲ့ကိစၥဟာ အဖမ္းခံရတာထက္ ပိုၿပီးေတာ့ ပင္ပန္း တယ္။ တကယ့္ကို ဒါဟာ ကြၽန္ေတာ့္စိတ္ထဲမွာ ခံစားရတာကို ေလးေလးနက္နက္ေျပာျပတာျဖစ္တယ္။

ေမး။ ။ အဲဒီေတာ့ ဒီကေန႔ ႏိုင္ငံေရးအခင္းအက်င္းမွာက အာဏာသိမ္းမႈေပၚေပါက္လာတဲ့ေနာက္မွာေပါ့ေနာ္ ႏိုင္ငံေရးစနစ္အရေတာ့ PR စနစ္ကို မျဖစ္မေနသုံးဖို႔ ဆုံးျဖတ္လိုက္ၿပီေပါ့။ အျခားတစ္ဖက္မွာလည္း လူထုက မယုံၾကည္ျခင္းနဲ႔သြားတယ္။ ေနာက္တစ္ခုက ဖြဲ႕စည္းပုံအေျခခံဥပေဒ ရွိတယ္/မရွိဘူး ဆိုတာကလည္း ဘာမွန္း မသိေတာ့ဘူး။ လူထုၾကားမွာလည္း တစ္ဖက္နဲ႔တစ္ဖက္ အမုန္းတရားေတြက ႀကီးေနတယ္။ ဆိုေတာ့ ဒီအခင္း အက်င္းႀကီးက လူတိုင္းကို တိုက္႐ိုက္သြားၿပီး အခ်ိဳးက်ေနတာကိုေတြ႕ရတယ္။ ဘယ္ပုံစံက ကြၽန္ေတာ္တို႔ႏိုင္ငံ အတြက္ အေကာင္းဆုံးေမာ္ဒယ္လ္တစ္ခု ျဖစ္မယ္လို႔ထင္လဲ။
ေျဖ။ ။ ကြၽန္ေတာ္သုံးသပ္တာေပါ့ေလ။ ၿပီးခဲ့တဲ့ႏွစ္(၃ဝ) ေက်ာ္ကာလမွာ ေ႐ြးေကာက္ပြဲေတြ လုပ္ခဲ့တယ္။ အဖက္မတင္တဲ့ ေ႐ြးေကာက္ပြဲေတြ၊ ထင္ရွားတဲ့ေ႐ြးေကာက္ပြဲေတြကိုေျပာပါဆိုရင္ ၁၉၉ဝ နဲ႔ ၂ဝ၂ဝ ေပါ့။ ဘာ ေၾကာင့္လဲဆိုတာကို ကြၽန္ေတာ္တို႔က ေသေသခ်ာခ်ာျပန္ၿပီး ေကာက္ခ်က္ခ်ဖို႔လိုတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ ျမင္တာေတာ့ ၁၉၉ဝ ေ႐ြးေကာက္ပြဲမတိုင္ခင္တုန္းကလဲ ကြၽန္ေတာ္တို႔အရပ္စကားေျပာရရင္ ဒိုင္နဲ႔ထိုးသားနဲ႔ ဒီပြဲ ကို ဘယ္လိုကစားမယ္ဆိုတဲ့သေဘာတူညီမႈမရဘဲနဲ႔ ပြဲသာျဖစ္သြားတယ္ နဂိုကတည္းက သေဘာတူညီမႈမရွိ ဘူး။ ၁၉၉ဝ ေ႐ြးေကာက္ပြဲလည္းၿပီးသြားေရာ ေ႐ြးေကာက္ပြဲရလဒ္ကို ဘယ္လိုဆက္ၿပီးေတာ့ အေကာင္အထည္ ေဖာ္မလဲဆိုတာကို ေ႐ြးေကာက္ပြဲမတိုင္ခင္တုန္းကလဲ ညႇိႏႈိင္းသေဘာတူညီမႈမရွိဘူး။ ေ႐ြးေကာက္ပြဲၿပီးတဲ့ အခ်ိန္ မွာလည္း သေဘာတူညီမႈမရႏိုင္ခဲ့ဘူး။ အဲဒါနဲ႔ေနာက္ဆုံး ဘယ္ခ်ိန္က်မွျပတ္သြားလဲဆိုေတာ့ ၂ဝ၁၂ ၾကားျဖတ္ ေ႐ြးေကာက္ပြဲဝင္လိုက္တဲ့အခါမွာ အေရးႀကီးတဲ့ႏိုင္ငံေရးေကာက္ခ်က္ (၂) ခုရွိတယ္။ တစ္ခုက ၁၉၉ဝ ေ႐ြးေကာ က္ပြဲရလဒ္ကိုစြန႔္လႊတ္လိုက္တယ္ဆိုတဲ့ သေဘာသက္ေရာက္တယ္။ ေနာက္တစ္ခုကေတာ့ ေ႐ႊဂုံတိုင္ေၾကညာ ခ်က္အရ ဖြဲ႕စည္းပုံမျပင္ရင္ မဝင္ဘူးလို႔ေျပာထားတာ။ အဲဒီကေနၿပီးေတာ့ ဝင္ၿပီးျပင္မယ္လို႔ ဆုံးျဖတ္လိုက္ၿပီး ေနာက္ ၂ဝဝ၈ ဖြဲ႕စည္ပုံကို မႀကိဳက္ေပမယ့္လည္းပဲ လက္ခံမယ္ဆိုတဲ့သေဘာမ်ဳိး သက္ေရာက္တယ္။ ဒါ့ေၾကာင့္ မို႔လို႔ ၁၉၉ဝ ေ႐ြးေကာက္ပြဲဟာ မတိုင္ခင္တုန္းကလည္း သေဘာတူညီမႈမရွိဘူး။ ေ႐ြးေကာက္ပြဲၿပီးသြားတဲ့အခ်ိန္ မွာလည္း သေဘာတူညီမႈမရႏိုင္တဲ့အတြက္ေၾကာင့္ ေနာက္ဆုံး ၂ဝ၁၂ တုန္းက ကိုယ္ဘာသာကိုယ္ ဖ်က္ပစ္ လိုက္တဲ့သေဘာ သက္ေရာက္တယ္။ ေျပာရရင္ စစ္အစိုးရက ဖ်က္တာမဟုတ္ဘူး။ ကိုယ္က ဖ်က္လိုက္တယ္ဆို တဲ့ သေဘာျဖစ္တယ္။ ဒါက ပထမတစ္ႀကိမ္ေပါ့။ အခု ၂ဝ၂ဝ ကိုေျပာရင္ ၂ဝ၂ဝ ကို ကြက္ေျပာလို႔မရဘူး၊၊ ၂ဝ၁၂ က စေျပာရမယ္ ၂ဝ၁၂၊ ၂ဝ၁၅၊ ၂ဝ၂ဝ ေပါ့။ အဲဒီေတာ့ စၿပီးေတာ့ ဒီအခင္းအက်င္းထဲကို ဝင္ေတာ့မယ္ဆို ကတည္းက မဝင္ခင္မွာ ႀကိဳတင္ၿပီးေတာ့ သေဘာတူညီမႈ၊ ဒါကြၽန္ေတာ္တို႔ကေတာ့ ႏိုင္ငံေရးသေဘာတူညီမႈ မရ ခင္ေပါ့၊ မရခဲ့ဘူးဆိုတာက ထင္းရွားတာေျပာရမယ္ဆိုရင္ ကြၽန္ေတာ္တို႔မွာလည္း ေထာင္ထဲမွာတေမွ်ာ္ေမွ်ာ္နဲ႔ ကြၽန္ေတာ္တို႔မွာ သတင္းေလးနဲ႔ပဲအားေမြးရတာေပါ့ဗ်ာ။ အျပင္မွာႏိုင္ငံေရးေကာင္းလာၿပီ၊ ေမွ်ာ္လင့္ခ်က္ရွိလာၿပီ၊ အဲဒီလိုပဲ ကြၽန္ေတာ္တို႔ေထာင္ထဲမွာ ႏွစ္ရွည္ေမွ်ာ္လင့္ရတဲ့အခါက်ေတာ့ ဟိုတုန္းကဆိုရင္ ခိုးၿပီးသြင္းရတာ စာ႐ြက္စာတမ္းကအစ၊ ဗိုလ္ခ်ဳပ္ခင္ၫႊန႔္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဆုံးေဆြးေႏြးတယ္ဆိုတဲ့ဓာတ္ပုံေတြ ပါ လာၿပီဆိုရင္ အက်ဥ္းသားေတြက အဲဒါဆိုရင္ေတာ့ အနည္းဆံုးေတာ့ ငါတို႔လြတ္ေတာ့မယ္ဆိုတာမ်ဳိးေပါ့။ ႏိုင္ငံေရးက ေျပာင္းေတာ့မယ္ေပါ့။ ၿပီးေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊနဲ႔ဓာတ္ပုံေတြ ပါလာၿပီဆိုရင္ ကြၽန္ေတာ္တို႔မွာ ေပ်ာ္ရတာ၊ ေနာက္ဆုံး ၂ဝ၁၂ မွပဲ ကြၽန္ေတာ္ေထာင္က လြတ္လာတာေပါ့။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဓာတ္ပုံေရွ႕မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးသိန္းစိန္နဲ႔ေတြ႕တဲ့ဓာတ္ပုံျမင္ေတာ့ ဒီတစ္ခါေတာ့ ေသခ်ာၿပီေဟ့..ဆိုၿပီး ေပ်ာ္ေနရ တယ္။ ေျပာရရင္ ကြၽန္ေတာ္တို႔က ဓာတ္ပုံၾကည့္ၿပီး ဘာသာျပန္ေနရတယ္။ ဘာေတြေဆြးေႏြးခဲ့ၾကလို႔ ဘာေတြ သေဘာတူခဲ့တယ္ဆိုတာကို ဘယ္သူမွမသိရဘူး။ အခုအထိပဲ။ အဲဒီေတာ့ ကြၽန္ေတာ္က ဘာျမင္လာလဲဆိုေတာ့ တကယ့္ တကယ္အေရးႀကီးတာက ႏိုင္ငံေရးသေဘာတူညီမႈေတြမရွိဘဲနဲ႔ လုပ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒီျပႆ နာေတြေပၚတယ္လို႔ ကြၽန္ေတာ္က ေကာက္ခ်က္ခ်တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၂ဝဝ၈ ဖြဲ႕စည္းပုံကိုက ေက်ေက် နပ္နပ္ႀကီး သေဘာတူညီလို႔ ျဖစ္လာခဲ့တာမဟုတ္ဘူး။ သူကိုယ္တိုင္ကိုက ႏိုင္ငံေရး သေဘာတူညီမႈမဟုတ္ဘူး။ ေနာက္ဆုံး ႀကံ့ခိုင္ေရးအစိုးရလက္ထက္မွာ လက္ေတြ႕က်င္သုံးတဲ့အခါမွာ ဒီဖြဲ႕စည္းပုံရဲ႕အျပစ္အနာေတြေပါ့။ ခ်ိဳ႕ယြင္းခ်က္၊ အားနည္းခ်က္ေတြကို အမ်ားႀကီးေတြ႕ခဲ့ရတယ္။ အခုႏွစ္ႀကိမ္လည္း က်င့္သုံတဲ့အခါလည္း က် ေရာ ပိုၿပီးေတြ႕လာတယ္။ ဒီဖြဲ႕စည္းပုံကို ကြၽန္ေတာ္ကေတာ့ ဘယ္ေလာက္အထိ ျပင္းျပင္းထန္ထန္ေျပာလဲဆိုရင္ သေႏၶမေကာင္းဘူး။ တစ္ခါတည္း ကမာၻတည္သေ႐ြ႕၊ ႏိုင္ငံတည္သေ႐ြ႕ဆိုတဲ့ေမွ်ာ္မွန္းခ်က္မ်ိဳး မဟုတ္ဘဲနဲ႔ အဲဒီ အခ်ိန္မွာဆြဲတဲ့ ဦးေဆာင္တဲ့သူေတြရဲ႕စဥ္းစားခ်က္ ၊ စိတ္ေနစိတ္ထားနဲ႔ ဆြဲခဲ့တာ။ သူမ်ားေတြ ႏွစ္(၇ဝဝ)ေက်ာ္ ခံ တဲ့ဖြဲ႕စည္းပုံက လတ္တေလာအက်ိဳးစီးပြားအေနနဲ႔ၾကည့္တာမဟုတ္ဘဲနဲ႔ တကယ့္ကို အေျခခံရမယ့္မူေတြ အေပၚ မွာတည္ၿပီးေတာ့ တည္ေဆာက္ထားတာ။ ဒါေတာင္မွ လိုအပ္သလို ဖြဲ႕စည္းျပဳျပင္ေရးဆိုတာကေတာ့ ကာလ အလိုက္ေတာက္ေလွ်ာက္လုပ္ရတာပဲ၊၊ အဲဒီေတာ့ အခုကာလမွာလည္း အေရးတႀကီးလိုအပ္တာက အသြင္ကူး ေျပာင္းေရးကာလ သေဘာတူညီခ်က္ကို အျမန္ဆုံးကြၽန္ေတာ္တို႔ရေအာင္ ႀကိဳးစားဖို႔လိုတယ္။ အဲဒါမရွိဘဲနဲ႔ က်န္ တာ လုပ္ခ်င္တာလုပ္ဆိုရင္ လူထုယုံၾကည္မႈမရႏိုင္ဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ကလည္း လူထုကိုခ်ျပရမွာက ေဖာင္းဒိုင္း ေဖာင္ဒိုင္းေတြနဲ႔ ဟိုေနရာမွာ ပစ္သြားျပန္ၿပီ၊ ဒီေနရာမွာ ပစ္သြားျပန္ၿပီ၊ ဟိုမွာ ဖမ္းျပန္ၿပီ၊ ဒီမွာ ဖမ္းျပန္ၿပီ ဆိုတဲ့ ဘယ္ေတာ့ၿပီးမယ္မွန္းလဲ မသိတဲ့၊ ကာလအကန႔္အသတ္မရွိတဲ့လမ္းေၾကာင္းတစ္ခုကို သြားမွာ လား။ ဒါမွမဟုတ္ ဒီဘက္မွာ ဒါေတြၿပီးသြားရင္ ဘယ္ဟာေတြက ျပဳျပင္ေျပာင္းလဲမႈေတြျဖစ္ၿပီးေတာ့ ႏိုင္ငံက ပြင့္ လင္းတဲ့၊ ေကာင္းမြန္တဲ့၊ ဖယ္ဒရယ္ကိုဦးတည္တဲ့၊ ဒီမိုကေရးစီကိုဦးတည္တဲ့၊ အေျပာင္းအလဲေတြျဖစ္လာေတာ့ မယ္ဆိုတဲ့လမ္းေၾကာင္းကို ေ႐ြးမွာလားဆိုတာကို ကြၽန္ေတာ္တို႔က ေ႐ြးခ်ယ္စရာေကာင္းေကာင္းဖန္တီးေပးဖို႔ လို တယ္။ အဲဒီေတာ့ အခုအတိုင္း ေ႐ြးေကာက္ပြဲလုပ္ေပးမယ္။ ႏိုင္တဲ့သူကို အာဏာေပးမယ္ဆိုတာကေတာ့ sorry ပဲ အယုံအၾကည္မရွိဘူး။ ဒါေၾကာင့္ကြၽန္ေတာ္တို႔က အေရးတႀကီးလုပ္ရမယ့္ကိစၥက ဒီအေျခအေနကေန လြန္ ေျမာက္ဖို႔အတြက္ ကြၽန္ေတာ္တို႔ ဘယ္ကိစၥေတြကို ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို႔အတြက္ ႀကိဳတင္သေဘာတူညီ ခ်က္ရရွိဖို႔ အဲဒါက အေရးတႀကီးလိုအပ္တယ္။ အဲဒါက လာမယ့္ႏွစ္ (၁)ႏွစ္ပဲရွိတယ္။ ၂ဝ၂၂ မွာမွ လူထုကိုႏိုင္ငံ ေရး ေမွ်ာ္လင့္ခ်က္ေကာင္းေကာင္း ခိုင္ခိုင္မာမာမေပးႏိုင္ဘူးဆိုရင္ ႏိုင္ငံက ေရစုန္ေမ်ာလိမ့္မယ္လို႔ ကြၽန္ေတာ္ ကေတာ့ အဲဒီလိုပဲျမင္တယ္။ ေမွ်ာ္လင့္ခ်က္လဲ ကြၽန္ေတာ္တို႔ ရွိမွရမယ္။

ေမး။ ။ အခုအခင္းအက်င္းကို ၾကည့္လိုက္တဲ့အခါက်ေတာ့ ၂ဝ၁ဝ၊ ၂ဝ၁၅ လႊတ္ေတာ္သက္တမ္းတစ္ခု ေနာက္ ၂ဝ၁၅၊ ၂ဝ၂ဝ လႊတ္ေတာ္သက္တမ္းတစ္ခု ဒီႏွစ္ခုကို ၾကည့္လိုက္တဲ့အခါမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒရဲ႕ သေႏၶမေကာင္းဘူးဆိုတဲ့အခ်က္ေတြကို ျပင္ႏိုင္ဖို႔ဆိုတာမွာ လြယ္တာကေန စျပင္ရတာဆိုေတာ့ အဲဒီ အဖြဲ႕ႏွစ္ခု လုံးက သူတို႔ေသေသခ်ာခ်ာမလုပ္ခဲ့ၾကဘူးလားဆိုတဲ့ ေတြးစရာျဖစ္သြားတာေပါ့။ ျပန္ၿပီး Review လုပ္ၾကည့္တဲ့ အခါမွာ အဲဒီလိုမ်ိဳး ေတြ႕မိလား။
ေျဖ။ ။ ကြၽန္ေတာ္အရင္ကလဲ ေျပာျဖစ္တယ္ဗ်ာ။ လႊတ္ေတာ္မွာ ဥပေဒတစ္ခု တင္တယ္၊ ဆုံးျဖတ္တယ္ဆိုတာ လႊတ္ေတာ္ေရာက္မွ ဘြားကနဲ႔ေပၚလာတာမဟုတ္ဘူး။ ဒါႏိုင္ငံတကာမွာဆိုရင္ အဲဒီအတြက္ ေလာ္ဘီ(Firm) ေတြေတာင္ရွိတယ္။ သေဘာကေတာ့ ဒီဥပေဒက်မ္းတစ္ခုကိုတင္လိုက္ရင္ ေထာက္ခံတဲ့ရာခိုင္ႏႈန္းဘယ္ ေလာက္ျဖစ္မလဲ၊ ကန႔္ကြက္တဲ့ရာခိုင္ႏႈန္းဘယ္ေလာက္ျဖစ္မလဲ။ ၾကားေနတဲ့ရာခိုင္ႏႈန္းက ဘယ္ေလာက္ ျဖစ္မလဲ။ အဲဒီေတာ့ ၾကားေနတဲ့ရာခိုင္ႏႈန္းကို ကိုယ္ဘက္ပါလာေအာင္ ဘယ္လိုဆြဲေဆာင္မလဲ။ ဒါက သာမန္ ဥပေဒက်မ္းတစ္ခုမွာေတာင္မွ အဲဒီလိုမ်ိဳး အျပင္မွာ စနည္းနာရတယ္။ ၿပီးေတာ့ သီးျခား ကိုယ္လိုအပ္တဲ့ မဲအေရ အတြက္ရေအာင္ ႀကိဳးစားတာေတြ ညႇိႏႈိင္းတာေတြ လုပ္ရတယ္။ အဲဒီေတာ့ ႏိုင္ငံေရးရဲ႕သဘာဝက လႊတ္ေတာ္ ဆိုတာက ေျပာရရင္ အျပင္မွာၿပီးသေလာက္ရွိေတာ့မွ လႊတ္ေတာ္မွာတင္ၿပီးေတာ့ မဲခြဲတာ။ တခါတစ္ေလေတာ့ ရွိတယ္။ ကန႔္ကြက္တဲ့သူေတြကို ေပၚလြင္ထင္ရွားေစခ်င္လို႔ တမင္တကာရႈံးမွန္း သိရဲ႕သားနဲ႔ မဲ ခြဲတာရွိတယ္။ အဲဒါကေတာ့ အခု ဒီမွာျဖစ္သြားတဲ့အေျခအေနမွာဆိုရင္ ဒါၿပီးခဲ့တဲ့ကာလမွာ အခ်က္အလက္ေပါင္း (၃၃ဝဝ) ေက်ာ္ ဝိုင္းၿပီးေတာ့တင္တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ျပင္ခ်င္တာေတြေျပာရရင္ေတာ့ အသစ္ကို ဆြဲခ်င္တာ ဗ်ာ။ ျပင္တဲ့ကိစၥေျပာမေနပါနဲ႔။ စိတ္တိုင္က်သာလုပ္ရမယ္ဆိုရင္ အသစ္ကိုဆြဲခ်င္တာ။ သို႔ေသာ္ ပကတိတရား အရေျပာရရင္ ဒီ(၅)ႏွစ္မွာ ဘယ္ဟာေတြကို ဦးစားေပးၿပီးေတာ့ျပင္မလဲ။ ေနာက္(၅)ႏွစ္မွာ ဘယ္ဟာေတြကို ျပင္မယ္ဆိုတာမ်ိဳးေပါ့။ ဒီလိုမ်ိဳး ကြၽန္ေတာ္တို႔က Timeline နဲ႔ ႀကိဳးစားသင့္တယ္ဆိုတာကို အခုမွ ကြၽန္ေတာ္ေျပာ တာမဟုတ္ဘူး။ ဟိုးအရင္ကတည္းကလည္း ကြၽန္ေတာ္ဒီအတိုင္းပဲ ေထာက္ျပခဲ့တယ္။ အဲဒီလိုသြားမယ္ဆိုရင္ ေတာ့ ႏိုင္ငံေရးျဖစ္စဥ္ဆိုတာက Better off လို႔ေခၚတာေပါ့။ ဒီအဆင့္ထက္ပိုေကာင္းတဲ့ အဆင့္တစ္ဆင့္ကို ေရာက္တယ္။ ၿပီးရင္ ဒီထက္ပိုေကာင္းတဲ့အဆင့္တစ္ခုကို ေရာက္တယ္ဆိုတာမ်ိဳး သြားတာေပါ့။ လြယ္လြယ္ေျပာ ရရင္ေတာ့ ဆင့္ကဲေျပာင္းလဲမႈုျဖစ္စဥ္ Evolution ေပါ့။ အဲဒီေတာ့ Revolution ဆိုတာကေတာ့ ေန႔ခ်င္ညခ်င္း ခ်က္ခ်င္းေျပာင္းလဲဖို႔ လုပ္တာေပါ့။ အဲဒီေတာ့ ဘယ္နည္းလမ္းကို ေ႐ြးလဲဆိုတာကေတာ့ လႊတ္ေတာ္ႏိုင္ငံေရးကို ေ႐ြးကတည္းက ဆင့္ကဲေျပာင္းလဲမႈုျဖစ္စဥ္ကိုေ႐ြးတာလို႔ ကြၽန္ေတာ္ကနားလည္တယ္။ က်န္တဲ့လူေတြ ဘယ္လို နားလည္သလဲေတာ့ မသိဘူး။ အဲဒီေတာ့ ေျပာခ်င္တာက revolution ကို ေ႐ြးတယ္ဆိုရင္ေတာ့ နဂိုကတည္းက လႊတ္ေတာ္ႏိုင္ငံေရးကို မေ႐ြးနဲ႔။ ခ်ၾက၊ တစ္ေယာက္ကိုတစ္ေယာက္အျပဳတ္တိုက္၊ ဒါက တစ္ထိုင္တည္း ျပတ္ ေအာင္ျဖတ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ကိုယ္သြားတဲ့လမ္းေၾကာင္းက Evolution လား။ Revolution လား ဆိုတာကို သဲသဲကြဲကြဲျဖစ္ဖို႔လိုတယ္။ ေနာက္တစ္ခုကလည္း အဲဒီကာလတည္းက ကြၽန္ေတာ္တို႔ေျပာျဖစ္တာ ဖိလစ္ပိုင္ေမာ္ဒယ္လား အင္ဒိုနီးရွားေမာ္ဒယ္လား။ အခု ကြၽန္ေတာ္တို႔က ေ႐ြးေကာက္ပြဲ ဝင္လိုက္တယ္ဆိုတာ အင္ဒိုနီးရွားပုံစံကို ယူလိုက္တာ။ စစ္တပ္ပါေနတယ္။ ေ႐ြးေကာက္ပြဲၿပီးမွ လႊတ္ေတာ္ထဲမွာ ဘြားကနဲ႔ ေပၚလာတာ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔က ဒီဖြဲစည္းပုံကို သိထားၿပီးသားေလ ပါေနတယ္ဆိုတာကို။ အဲဒီကေန တျဖည္း ျဖည္းနဲ႔ေျပာင္းလဲဖို႔အတြက္ ကြၽန္ေတာ္တို႔ႀကိဳးစားခဲ့ၾကတယ္။ ဆိုေတာ့ ႏိုင္ငံေရးကို စိတ္ခံစားမႈေတြနဲ႔ ခ်ဥ္းကပ္ ရင္ေတာ့ ရလဒ္ကေတာ့ စိတ္ခံစားမႈေတြနဲ႔ထိုက္တန္တဲ့ရလဒ္ပဲရလိမ့္မယ္။ အခုအခ်ိန္မွာ ေသခ်ာမွန္မွန္ကန္ကန္ ျပန္သုံးသပ္ၿပီးေတာ့ ႏိုင္ငံေရးကိုေရွ႕ဆက္သင့္တယ္လို႔ ျမင္တယ္။ လြယ္လြယ္ေျပာရရင္ေတာ့ စစ္တပ္ရဲ႕ ရက္စက္မႈေတြ၊ ဖမ္းဆီးမႈေတြကေတာ့ ျမင္သာတာေပါ့ဗ်ာ။ ဒါကကြၽန္ေတာ္တို႔လည္း ကိုယ္တိုင္လည္းခံခဲ့ရတယ္။ အခုလည္း မ်က္စိေရွ႕မွာျမင္ေနရတာပဲ။ ပစ္ခတ္ႏွိမ္နင္းမႈေတြမွာ ေသဆုံးတာေတြရွိတယ္။ ဖမ္းဆီးခံရတယ္။ ႐ိုက္ႏွက္တယ္။ တခ်ိဳ႕စစ္ေၾကာေရးကာလမွာ ေထာင္ထဲမွာ ဆုံးသြားတာေတြရွိတယ္ အစရွိသျဖင့္ စိတ္မေကာင္း စရာေတြကေတာ့ ကြၽန္တာ္တို႔က ေတာက္ေလွ်ာက္ျမင္လည္းျမင္သာတယ္။ ေနာက္စိုးရိမ္တာက အရပ္သားေတြ ထိခိုက္မႈလို႔ေျပာတဲ့အခါမွာ ဘယ္သူ၊ ဘယ္အဖြဲ႕ဆိုတာကို မသိဘဲနဲ႔ အလြယ္တကူစြပ္စြဲၿပီးေတာ့ ဘုန္းႀကီးေတြ အသတ္ခံရတယ္။ ဆရာ/ဆရာမေတြ အသတ္ခံရတယ္။ CDM မလုပ္လို႔ဆိုၿပီးေတာ့ ရန္ရွာခံရတယ္။ ေနာက္ဆုံး ေျပာရရင္ ေက်ာင္းတက္လို႔ ရန္ရွာခံရတယ္။ ကာကြယ္ေဆးထိုးလို႔ဆိုၿပီး ျပႆနာျဖစ္တယ္။ ဘုရားတက္လို႔ ဆိုၿပီး ျပႆနာျဖစ္တယ္ အစရွိသျဖင့္ေပါ့ အဲဒီေလာက္ႀကီး အမုန္းအာဂါတေတြနဲ႔ စိတ္ခံစားမႈေတြသိပ္မ်ားတာ ကေတာ့ နည္းနည္းေလးမ်ားတယ္။ ကြၽန္ေတာ္တို႔ဆိုရင္ ေထာင္က်တဲ့အခ်ိန္မွာ ရပ္ၿပီးေတာ့ စဥ္းစားခ်ိန္ရတယ္။ ေထာင္က်ေနတဲ့အခ်ိန္မွာ လူက မလႈပ္ႏိုင္ေတာ့ဘူး။ အဲဒီေတာ့ ကိုယ္ျဖတ္သန္းခဲ့တဲ့ဟာကိုရပ္ၿပီးေတာ့ ျပန္ၾကည့္ခြင့္ရတယ္။ အဲဒီေတာ့ ကြၽန္ေတာ္လဲ အခုအခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ ေထာင္က်သလိုမ်ိဳး ျပန္စဥ္စားၿပီး ေတာ့ ရပ္ၿပီးေတာ့ ေျပာရရင္ ႐ုပ္ရွင္ကားၾကည့္ရင္ ရပ္တဲ့ခလုတ္ေလးႏွိပ္ထားသလို နည္းနည္းေလး ျပန္ရပ္ ၾကည့္ဖို႔လိုမယ္လို႔ ကြၽန္ေတာ္ေတာ့ထင္ပါတယ္။ အဲဒီေတာ့ ႏိုင္ငံေရးအရ တခါတေလ ပြင့္ပြင့္လင္းလင္းေျပာရ ရင္ ကြၽန္ေတာ္ ေတာ္ေတာ္စိတ္ပ်က္ပါတယ္။ မလုပ္ေတာ့ဘူးလို႔လည္း စိတ္ထဲမွာ ခဏခဏျဖစ္ပါတယ္။ အဲဒီ ေလာက္အထိ ရင္ထဲမွာျဖစ္တယ္။ ဘာလို႔လဲဆိုတာ့ ကြၽန္ေတာ္လည္း မိသားစုနဲ႔ ကေလးေတြနဲ႔ဘာနဲ႔ဆိုေတာ့ ေနာက္ေတာ့လည္း ေမာင္ထြန္းလြင္ရဲ႕ ကဗ်ာတစ္ပိုင္းတစ္စကို သြားသတိရတယ္။ “ သားဖြားခန္းေရာက္ မိန္းမ လင္ကို စိတ္နာသလိုမ်ိဳးနာရဲ႕၊ ဒါေပမဲ့လည္း အမူးေျပေတာ့ ထန္းပင္ကိုေမာ့ေမာ့ၾကည့္တတ္တဲ့ ထန္းရည္မူး သမားလို ” ဆိုသလိုေပါ့။ တခါတေလက် သားဖြားခန္းကမိန္းမ လင္ကိုစိတ္နာသလိုပဲ နာတယ္ဗ်ာ။ အဲ ဒီမွာ ခက္ တာက အေသြးထဲအသားထဲမွာကိုက အမူးေျပရင္ ထန္းပင္ေမာ့ေမာ့ၾကည့္တဲ့ ထန္းရည္မူးသမားလိုပဲ မေနႏိုင္တဲ့ အခါက်ေတာ့ ဆက္ၿပီးေတာ့လုပ္ေနရတာေပါ့။ ကြၽန္ေတာ္တကယ္ပါ အခုတိုင္းျပည္အတြက္ေရာ အနာဂတ္ ေပ်ာက္ေနတဲ့ လူငယ္ေတြအတြက္ေရာ ေတာ္ေတာ္ကိုစိတ္ထဲမွာခံစားရတယ္။ အဲဒီေတာ့ အျမန္ဆုံးလဲ ဒီအၾကပ္ အတည္းကေန လြတ္ေျမာက္ေစခ်င္တယ္။ ဒါေၾကာင့္ အႏွစ္ခ်ဳပ္ၿပီး ျပန္ေျပာရရင္ေတာ့ ႏိုင္ငံေရးျပႆနာ၊ လက္ရွိျပႆနာေတြကိုေတာင္ မေျဖရွင္းႏိုင္ေသးဘဲနဲ႔ အဲဒီေ႐ြးေကာက္ပြဲစနစ္တို႔လိုမ်ဳိးကိစၥက တကယ္ လႊတ္ ေတာ္ေပၚေပါက္လာၿပီး အက်ယ္တဝင့္ေဆြးေႏြးရမယ့္ကာလ မဟုတ္ေသးဘဲနဲ႔ အေလာတႀကီး လုပ္လိုက္တာ မ်ိဳးဟာ ပိုၿပီးေတာ့ ရႈပ္ေထြးေစႏိုင္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။

ေမး။ ။ အစ္ကို႔တစ္ဦးတည္းအျမင္၊ အစ္ကို႔ႏိုင္ငံေရးျဖတ္သန္းမႈအရေပါ့။ ခုနကေျပာတဲ့အထဲမွာလည္း ေထာင္ ထဲမွာပဲ သြားေနရတာမွ ပိုေကာင္းေသးတယ္ဆိုတာမ်ိဳး။ လက္ရွိႏိုင္ငံေရး အခင္းအက်င္းအေပၚ အစ္ကိုကိုယ္ တိုင္ရဲ႕ခံစားခ်က္ကေရာ ခုနကေျပာသလို မလုပ္ခ်င္ေတာ့ဘူးဆိုတာထက္ ပိုၿပီးေတာ့ ဘာေတြျဖစ္မိတာမ်ိဳးရွိလဲ။
ေျဖ။ ။ တစ္ခုကေတာ့ ႏိုင္ငံေရးသမားဆိုတာထက္ကို သာမာန္ျပည္သူတစ္ေယာက္အေနနဲ႔ေျပာရရင္ ဘာမွ အနာဂါတ္မရွိေတာ့ဘူး။ အနာဂါတ္မေရရာေတာ့ဘူး။ ဖခင္တစ္ေယာက္အေနနဲ႔ေျပာရရင္ အခုကြၽန္ေတာ့္ ကေလးေတြေက်ာင္းမတက္ရတာ (၂) ႏွစ္ရွိသြားၿပီ။ ပထမက ကိုဗစ္ေၾကာင့္ မတက္ႏိုင္ဘူး။ ေနာက္တစ္ခါ အာဏာသိမ္းတဲ့ကိစၥေၾကာင့္ မတက္ရဘူး။ ေက်ာင္းတက္ရင္လည္း ကေလးေတြလုံၿခဳံေရးမရွိ ဘာညာဆိုေတာ့ သားအလတ္ေလးဆိုရင္လည္း ဒီႏွစ္ေက်ာင္းအပ္ရမယ့္ကိစၥကို မအပ္ႏိုင္ဘူး။ မတတ္ႏိုင္ဘူး။ ေျပာခ်င္တာက ကြၽန္ေတာ့္ သား၊ သမီးအေနနဲ႔ပဲ ေျပာတာမဟုတ္ဘူး။ အဲဒီ Generation ေပါ့။ အဲဒီအ႐ြယ္ေတြအားလုံးေပါ့။ ပညာေရးဆိုတာ က၊ ခ သင္တာမဟုတ္ဘူး။ ေက်ာင္းမွာ ကေလးေတြရဲ႕စိတ္ေနစိတ္ထား၊ ႐ြယ္တူအခ်င္းခ်င္း အေပါင္းအသင္းဖြဲ႕မႈ၊ ဆက္ဆံမႈဆိုတဲ့ တျခားေပါင္းသင္းဆက္ဆံမႈပိုင္းေတြကိုပါ သင္တာ။ အဲဒါ ဘယ္ေလာက္ ၾကာၾကာ ဒီအတိုင္းပ်က္စီးသြားမလဲ။ အခု ဆယ္တန္းကေလးေတြဆိုရင္လည္း ဒီႏွစ္ေက်ာင္းမတက္ရင္ ေနာက္ ႏွစ္ဆို (၉) တန္း ျပန္ဆင္းရမွာ။ ပညာေရးစနစ္အေျပာင္းအလဲနဲ႔။ ကြၽန္ေတာ္တို႔တုန္းကလည္း ႀကဳံခဲ့ရၿပီးၿပီး၊ ႏွစ္လ တစ္တန္းနဲ႔ တစ္သုတ္ၿပီးတစ္သုတ္ အေအာင္ေပးလိုက္ၾကေတာ့ အဲဒါေတြက အခုဆိုရင္ ပါေမာကၡေတြ ျဖစ္လာၿပီ။ ဒါ ကြၽန္ေတာ္တို႔က(၈၈) အေတြ႕အႀကဳံနဲ႔ေျပာတာ။ ေက်ာင္းမတက္နဲ႔ေက်ာင္းထြက္ဆိုလို႔ ကြၽန္ေတာ္ က ရယ္စရာေျပာျပမယ္။ (၈၈) ျဖစ္ၿပီး ကြၽန္ေတာ္ (၈၉) အဖမ္းခံရၿပီးလႊတ္လာတယ္။ (၉၁) မွာ ေက်ာင္းေတြ ျပန္ဖြင့္တယ္။ ျပန္ဖြင့္ေတာ့ အဲဒီလိုပဲ သူငယ္ခ်င္းေတြက ေသသြားတဲ့သူငယ္ခ်င္းေတြ၊ ေပ်ာက္သြားတဲ့ သူငယ္ခ်င္းေတြၾကားထဲမွာ မင္းတို႔က ေက်ာင္းတက္မွာလား၊ ဘာညာဆိုတဲ့ဟာမ်ိဳးေတြ ဒီလိုပဲျဖစ္လာတယ္။ အဲဒီ ေတာ့ ကြၽန္ေတာ္လည္း လူငယ္စိတ္နဲ႔ သူမ်ားေတြလိုေက်ာင္းမတက္တာမဟုတ္ဘူး။ ကြၽန္ေတာ္က စာနဲ႔တရား ဝင္ ပါေမာကၡဆီကိုသြားၿပီးေတာ့ ထြက္စာတင္လိုက္တာ။ ပါေမာကၡဆရာႀကီး ဦးထြန္းေအာင္ရွိန္က ကြၽန္ေတာ့္ကို စိတ္မသက္မသာနဲ႔ၾကည့္ၿပီးေတာ့ ႏႈတ္ထြက္ခြင့္ျပဳသည္ဆိုတာကို လက္မွတ္ထိုးေပးလိုက္တယ္။ ထိုးေပးၿပီး ေတာ့ ေအးကြာတဲ့ ဘာပဲေျပာျပာ က်န္းမာေရး၊ လုံၿခဳံေရးဂ႐ုစိုက္ပါဆိုၿပီး ဆရာက စိတ္မသက္မသာနဲ႔ ေျပာတယ္။ ၿပီးလည္းၿပီးေရာ ကြၽန္ေတာ္ ေထာင္က်သြားတယ္။ (၁၄) ႏွစ္ေလာက္ ေနလိုက္ရတယ္။ တစ္ခါ ထပ္က်တယ္။ (၂ဝ၁၂) မွာ လြတ္တယ္။ အဲဒါ ကြၽန္ေတာ္ (၂ဝ၁၇) ေရာက္မွ ေနာက္ဆုံးႏွစ္ကို ၿပီးေအာင္လုပ္တဲ့အခါက်ေတာ့ ကြၽန္ေတာ့္အတန္းေဖာ္က ပါေမာကၡျဖစ္ေနၿပီ။ ဒါက ေက်ာင္းမတက္နဲ႔ေက်ာင္းထြက္လို႔ေျပာရင္ ကြၽန္ေတာ္က တကယ္ကို ေက်ာင္းထြက္ခဲ့တာ။ ၿပီးလည္းၿပီးေရာ တရားဝင္ေက်ာင္းထြက္တာ ကြၽန္ေတာ္တစ္ေယာက္ပဲရွိတယ္။ ေျပာစရာေတြက အမ်ားႀကီးရွိတယ္။ ေျပာေလ့ေျပာထေတာ့ သိပ္မရွိပါဘူး။ ေထာင္အေၾကာင္းလည္း ေျပာစရာ အမ်ားႀကီးရွိတယ္။ အဲဒီေတာ့ ေျပာၾကစို႔ဆိုရင္ အခုလူငယ္ေတြက လူငယ္သဘာဝကေတာ့ စြန႔္လြတ္စြန႔္စားခ်င္ တယ္။ မတရားတာကို ဆန႔္က်င္ခ်င္တယ္။ ဒါေတြက အင္မတန္လူငယ္ေတြရဲ႕ အရည္အေသြးေကာင္းေတြေပါ့။ တစ္ခ်ိန္တည္းမွာ အေတြ႕အႀကဳံလိုတယ္။ ေနာက္တစ္ခုက မွန္မွန္ကန္ကန္ရလဒ္ကိုဦးတည္ဖို႔ ႀကိဳးစားဖို႔ လိုတ ယ္။ ႏိုင္ငံတကာ ေခတ္ၿပိဳင္ႏိုင္ငံေရးေတြကိုလည္း ေသေသခ်ာခ်ာနားလည္ဖို႔လိုတယ္။ ကြၽန္ေတာ့္ အေတြ႕အႀကဳံ အရေပါ့။ ေျပာရတာလည္း ဒီကာလက ဘာေျပာေျပာ ဆဲေနတဲ့ကာလျဖစ္တဲ့အတြက္ အင္မတန္ကို အႏၲရာယ္ လည္းႀကီးပါတယ္။ သို႔ေသာ္ မေနႏိုင္လို႔၊ ခုနကလိုေပါ့။ ထန္းပင္ေမာ့ေမာ့ၾကည့္ေနသလိုမ်ိဳး ေျပာေနရတာေပါ့ ေလ။

ေမး။ ။ အခုလက္ရွိ သူတို႔က PR စနစ္ကို လုပ္ကိုလုပ္ေတာ့မယ္လို႔ ဆုံးျဖတ္ၿပီးၿပီ။ ၂ဝ၂၂ မွာ ၿငိမ္ေအာင္ လုပ္မယ္၊ ၂ဝ၂၃ မွာ ေ႐ြးေကာက္ပြဲကိုလုပ္မယ္လို႔ ဆုံးျဖတ္ရင္ အစ္ကိုတို႔ပါတီအေနနဲ႔ေရာ အဲဒီစနစ္ထဲကို ဝင္ပါဖို႔ ဆႏၵရွိလား။
ေျဖ။ ။ ကြၽန္ေတာ့္အေနနဲ႔ေရာ၊ ပါတီအေနနဲ႔ေရာ ရွင္းရွင္းပဲေျပာပါမယ္။ ေ႐ြးေကာက္ပြဲက ကြၽန္ေတာ္တို႔ ပန္းတိုင္ မဟုတ္ဘူး။ ပါတီစေထာင္ကတည္းက ပါတီေထာင္တာ ဒီေကာင္ကေ႐ြးေကာက္ပြဲဝင္ အာဏာရခ်င္လို႔ ဆိုၿပီး တစ္ခ်ိဳ႕ကေျပာတယ္။ ျမန္မာျပည္မွာ အာဏာရခ်င္ရင္ ဒဲ့ပဲေျပာမယ္ စစ္တပ္နဲ႔ေပါင္း အာဏာရမယ္။ ဒါမွ မဟုတ္ လူထုေထာက္ခံမႈႀကီးႀကီးမားမားရတဲ့ ေခါင္းေဆာင္ပါတီကို သြားကပ္လိုက္၊ အဲဒါ ခင္ဗ်ာ အထိုက္ အလ်ာက္အာဏာရမယ္။ အဲဒါ အာဏာရတဲ့နည္းပဲ။ ကိုယ့္ဟာကိုယ္ ပါတီေထာင္ၿပီးေတာ့ ဖုတ္လိုက္ဖုတ္လိုက္နဲ႔ ပါတီ႐ုံးခန္းေတြ ရပ္တည္ဖို႔ေတာင္မလြယ္တဲ့အေျခအေနမ်ိဳးမွာ ေ႐ြးေကာက္ပြဲဝင္ေတာ့ေရာ ပါတီႀကီးေတြလို အစိုးရဦးေဆာင္ဖြဲ႕ႏိုင္တဲ့ အေရအတြက္ရဖို႔ဆိုတာ လြယ္တဲ့ကိစၥမဟုတ္ဘူး။ အဲဒီေတာ့ ေ႐ြးေကာက္ပြဲဝင္ၿပီး အာဏာရခ်င္လို႔ဆိုရင္ အမွန္က နဂိုကတည္းက ပါတီမေထာင္နဲ႔။ အာဏာရတဲ့ျဖတ္လမ္းနည္းေတြရွိတယ္။ ကြၽန္ေတာ္ သိလည္းသိတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ဘယ္တုန္းကမွမလုပ္ခဲ့ဘူး။ အဲဒီလမ္းေၾကာင္းလည္း မလိုက္ခဲ့ဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္ေျပာေနတာက ႏိုင္ငံရဲ႕အေျပာင္းအလဲကိုဦးတည္ၿပီးေတာ့ ေဘာင္ထဲကေန ေျပာသင့္ေျပာထိုက္တာေတြကို ေျပခြင့္ဆိုခြင့္ရဖို႔အတြက္ တကယ္လို႔ ေ႐ြးေကာက္ခံရရင္ လႊတ္ေတာ္ထဲမွာ ဆက္ ေျပာရမွာေပါ့။ အဲဒီအတြက္ ကြၽန္ေတာ္တို႔ ပါတီေထာင္တာ။ ဒါေၾကာင့္မို႔လို႔ ေ႐ြးေကာက္ပြဲအေၾကာင္းေျပာရင္ ေ႐ြးေကာက္ပြဲ ငမ္းငမ္းတက္ ပါတီထဲမွာ ကြၽန္ေတာ္မပါဘူး။ ဒါက ကြၽန္ေတာ္ဒဲ့ပဲ ေျပာတာ။

ေမး။ ။ ေနာက္တစ္ခုက လက္ရွိႏိုင္ငံေရးအခင္းအက်င္း သြားေနတဲ့ပုံကိုၾကည့္ရရင္ သူတို႔က မျဖစ္မေန PR ကို သုံးကိုသုံးမွာ။ လုံးဝ ဆုံးျဖတ္ၿပီးသြားတဲ့သေဘာ။ လူထုကလည္း မႀကိဳက္ဘူးဆိုေတာ့ အစ္ကိုသုံးသပ္သလို ၂ဝ၂၂ မွာ မၿငိမ္ရင္ ေ႐ြးေကာက္ပြဲျဖစ္ပါ့မလား။ အဲဒီေတာ့မွ စစ္တပ္က တကယ္သိမ္းတာမ်ိဳးျဖစ္သြားမယ္ ဆို တာမ်ိဳး ခန႔္မွန္းထားတယ္။ အဲဒီေတာ့ ဒီအေျခအေနႀကီးကို လူထုကေရာ၊ တခ်ိဳ႕ပါတီေတြကေရာ ရွင္းရွင္းလင္း လင္း ျမင္ႏိုင္တဲ့အေနအထားရွိတယ္လို႔ ျမင္မိလား။ အစ္ကို႔ျဖတ္သန္းမႈအရေပါ့။
ေျဖ။ ။ အဲဒါကေလ အခုက ဘယ္လိုျဖစ္ေနလဲဆိုေတာ့ နားလည္သူက အမ်ားႀကီးရွိတယ္ဗ်။ တကယ္လည္း တိုင္းျပည္အေပၚမွာ ေစတနာရွိတဲ့လူက ရွိတယ္။ ဒါေပမယ့္ အကုန္လုံးႏႈတ္ပိတ္ေနၾကတယ္။ မေျပာရဲေတာ့ဘူး။ ဟို ေျပာရင္ မုန႔္ဟင္းခါးလား၊ ဒန္ေပါက္လား၊ ဇြက္ဇြက္လား၊ ေဖာင္းဒိုင္းလား ဆိုတာမ်ိဳးေတြက အနည္းဆုံးေတာ့ ေျမျပင္မွာပစ္တာထက္ ေဖ့စ္ဘြတ္ေပၚမွာပစ္တဲ့ ေလေသနတ္ေတြကမ်ားလြန္းေတာ့ ေတာ္ေတာ္မ်ားမ်ားက ဒီမိုကေရစီရဲ႕အေျခခံျဖစ္တဲ့ လြတ္လပ္စြာေျပာဆိုခြင့္ဆိုတာကိုပါ ႐ိုက္ခ်ိဳးခံေနရတယ္။ မေျပာရဲေတာ့ဘူး။ မေျပာခ်င္ေတာ့ဘူး။ အခုေျပာရရင္ ဘာသာေရး၊ ႏိုင္ငံေရး၊ လူမႈေရး ဩဇာရွိတဲ့သူအမ်ားစုႀကီး အသံတိတ္ေနတာကို ခင္ဗ်ားသတိထားမိလိမ့္မယ္။ ဘာ့ေၾကာင့္တိတ္ေနလဲဆိုရင္ တစ္ခါတစ္ေလက်ရင္ စိတ္မသက္မသာနဲ႔ ဒီအေျခအေနႀကီးကို ထိုင္ၾကည့္ေနၾကရတယ္။ နဲနဲေလာက္ အမိုက္ခံၿပီးေတာ့ ေျပာတဲ့ပုဂၢိဳလ္မ်ား၊ ေျပာတဲ့သူမ်ားေပၚလာမွ ဒီအေငြ႕အသက္ေတြ၊ ဒီဟာေတြကို တျဖည္းျဖည္းခ်င္း ေက်ာ္လႊားႏိုင္မယ္လို႔ျမင္တယ္။ အခုျဖစ္ေန တာကလည္း မေျပာရဲေအာင္လို႔ ၿခိမ္းေျခာက္ေနတာ။

ေမး။ ။ ေမးခြန္းကေတာ့ ေနာက္ႏွစ္ခုေလာက္ပဲ က်န္ပါေတာ့တယ္။ တစ္ခုက လက္ရွိႏိုင္ငံေရး အခင္းအက်င္း ႀကီး ေျပလည္သြားေစခ်င္တာေပါ့ဗ်ာ။ ေျပလည္သြားမွလည္း ေ႐ြးေကာက္ပြဲႏိုင္ငံေရးစနစ္ကို စလို႔ရမွာေပါ့ဗ်ာ။ ေျပလည္သြားေစဖို႔မွာ အေကာင္းဆုံးနည္းလမ္းက ေတြ႕ဆုံညႇိႏႈိင္းေဆြးေႏြးေရး၊ ဒါမွမဟုတ္လည္း တင္းမာတဲ့ ႏွစ္ဖက္ၾကားမွာ သမာသတ္က်က်နဲ႔ အလယ္ကေန ေျဖရွင္းေပးတဲ့အဖြဲ႕ ေပၚလာေရးဆိုတာ ကြၽန္ေတာ္တို႔လည္း ေမွ်ာ္လင့္ေနတဲ့အခ်က္ေပါ့။ ဆိုေတာ့ ဒီႏွစ္ခ်က္ပဲ ရွိလား။ တျခားဘာေတြရွိႏိုင္ေသးလဲ။
ေျဖ။ ။ ႏိုင္ငံတကာပံ့ပိုးမႈ၊ ကူညီမႈေတြဆိုတာ အေရးႀကီးတယ္။ သို႔ေသာ္ ကာယကံရွင္က နံပါတ္တစ္ပဲ။ ျပည္တြင္းမွာ အဆုံးအျဖတ္ေပးႏိုင္တဲ့ပုဂၢိဳလ္မ်ားက ေျပလည္ခ်င္တဲ့ဆႏၵမရွိသမွ်ေတာ့ သၾကၤားမင္း နတ္ကင္းနဲ႔ ဆင္းလာလည္း မရဘူး။ ဒါက အင္မတန္အေရးႀကီးတယ္။ ေနာက္တစ္ခုျဖစ္ေနတာက ႏွစ္ဖက္စလုံးက အျပတ္ အသတ္ႏိုင္လိမ့္မယ္လို႔ ကိုယ့္ကိုယ္ကိုယ္ တြက္ေနၾကတာ။ အဲဒီေတာ့ ခုနကေျပာတဲ့ ေစ့စပ္ညႇိႏႈိင္းဖို႔ ဘာတို႔ ဆို တာကိုပါ သတ္ပစ္ေနတယ္။ ေစ့စပ္ညႇိႏိုင္းေရးဆိုတဲ့စကားလုံးကိုပါ သတ္ပစ္ေနတယ္။ မလိုဘူး။ ေဆြးေႏြးစရာ မလိုဘူးဆိုၿပီးေတာ့ေပါ့။ တစ္ေယာက္ကိုတစ္ေယာက္ အျပဳတ္တိုက္ရမယ္။ အျပတ္ခ်ရမယ္ေပါ့။ ဟုတ္ၿပီ အဲဒီ အတြက္ကို အေသးစိတ္ျပင္ဆင္ထားတာ၊ စဥ္းစားထားတာ ရွိလားဆိုေတာ့ မီးစင္ၾကည့္ကေနတာေပါ့။ စစ္တပ္ ကလည္း သူ႔ကိုသူ႔ ငါက (၈၈) လည္း ျဖတ္သန္းခဲ့တာပဲဆိုၿပီးေတာ့ ေပါ့ေပါ့တန္တန္တြက္ရင္ေတာ့ သူလည္း ကြဲ မွာပဲ။ ဘာေၾကာင့္လဲဆိုေတာ့ (၈၈) တုန္းက မီဒီယာမရွိဘူး။ အဲဒီအခ်ိန္တုန္းက အစိုးရမီဒီယာ၊ သတင္းစာ၊ တီဗီပဲ ရွိတယ္။ ပုဂၢလိက မီဒီယာလည္းမရွိဘူး။ ဆိုရွယ္မီဒီယာလည္း မရွိဘူး။ အခုက အခုလမ္းေပၚမွာျဖစ္ရင္ အခု ခ်က္ခ်င္းလိုင္းေပၚတက္တယ္။ ဖုံးကြယ္ထားလို႔လည္း မရဘူး။ ဒါေတာင္မွေျပာရရင္ အေကာင့္တုေတြ ဓာတ္ပုံ အတုေတြနဲ႔လုပ္ေနၾကတာ အရမ္းရႈပ္ေထြးတယ္။ (၈၈) အေျခအေနနဲ႔ လုံးဝမတူဘူး။ ေနာက္တစ္ခုက တစ္ႏိုင္ငံ လုံးက ဆိုရွယ္လစ္စီးပြားေရးနဲ႔သြားတဲ့ကာလတုန္းက စီးပြားေရးအရ ပုဂၢလိကက႑ကို မွီခိုရမႈ အင္မတန္နည္း တယ္။ ေမွာင္ခိုစီးပြားေရးပဲရွိတယ္။ အခုက လူေတြအလုပ္အကိုင္ဖန္တီးမႈအားလုံးကိုက ပုဂၢလိက က႑အေပၚ မွာ တည္မွီေနတာျဖစ္တယ္။ ေနာက္တစ္ခုက ႏိုင္ငံတကာနဲ႔ပတ္သက္တဲ့ကုန္သြယ္ေရးေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ ပါဆက္စပ္ေနေတာ့ (၈၈) လိုမ်ိဳး အင္အားသုံးၿပီးၿဖိဳခြင္းလိုက္ရင္ ႏိုင္မွာပဲလို႔ စစ္တပ္က လြယ္လြယ္ေလး တြက္ ရင္လည္း ကြဲမွာပဲ။ တိုင္းျပည္လည္း နာမွာပဲ။ ဒါက ကြၽန္ေတာ္ကေတာ့ ေျပာစရာရွိတာေတာ့ ေျပာကိုေျပာရမွာပဲ။ အဲဒီေတာ့ ဒီဘက္ကလည္း ႏိုင္ငံတကာေထာက္ခံတယ္ဆိုတဲ့ကိစၥမွာ ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးပါတယ္။ လိုအပ္ပါတယ္။ သို႔ေသာ္ တကယ္အေျဖထြက္ေအာင္ ဘယ္သူလုပ္ရမွာလဲ။ ကိုယ့္ဖာကိုယ္ လုပ္ရမွာ။ ဒါကိုေတာ့ နက္နက္ရႈိင္းရႈိင္း နားလည္ဖို႔လိုမယ္လို႔ ကြၽန္ေတာ္ျမင္တယ္။ ဒါေၾကာင့္ အေရးတႀကီးေျပာခ်င္တာက လာမယ္ ၂ဝ၂၂ မွာ အသြင္ကူးေျပာင္းေရးကာလ သေဘာတူညီခ်က္ ဒါကို ကြၽန္ေတာ္တို႔ျပည္သူ႔ပါတီ (၃) ႏွစ္ေျမာက္ ေၾကညာခ်က္မွာလည္း Political pact မရွိဘဲ လုပ္ခဲ့တဲ့ႏိုင္ငံေရးေတြကိုေထာက္ျပခဲ့တယ္။ ဒါေၾကာင့္ အေရး တႀကီး Political pact လို႔ တပ္ဆိုၿပီးေျပာတာ။ Political pact ဆိုတာကလည္း တထိုင္တည္းနဲ႔ျဖစ္ဖို႔မလြယ္ဘူး။ အကူးအေျပာင္းကာလသေဘာတူညီခ်က္ကိုရဖို႔အတြက္ အခုဆျပႏိုင္ငံတကာက ၾကားဝင္ေစ့စပ္မႈမွာဆို တစ္ဦး ခ်င္းလာေနတဲ့ပုဂၢိဳလ္ေတြလည္း ရွိတယ္။ ႏိုင္ငံေတြလည္း ရွိတယ္။ ေနာက္တစ္ခုက Asean special envoy က လည္း ဘ႐ုစ္ႏိုင္းကေန ကေမာၻဒီးယားေျပာင္းေတာ့မယ္။ အာဆီယံၾကားဝင္ေစ့စပ္မႈကို ကုလသမဂၢေရာ၊ EU ေရာ၊ ႏိုင္ငံအသီးသီးကလည္း ေထာက္ခံထားတဲ့အခါက်ေတာ့ အဲဒါကိုဒီမွာ အေျဖထြက္ေအာင္ ဝိုင္းႀကိဳးစားဖို႔ လို တယ္။ မဟုတ္ရင္ တိုင္းျပည္က ေနာက္ဆုံးတစ္စစီျဖစ္သြားႏိုင္တယ္။ လူေတြလည္း အတိဒုကၡ ဒီထက္ပိုၿပီး ေရာက္မယ္၊ ေသြးထြက္သံယိုေတြ ပိုမ်ားမယ္။ ဆိုေတာ့ ခ်ိန္ခ်ိန္ဆဆနဲ႔ ဝိုင္းၿပီးေတာ့စဥ္းစားေစခ်င္တယ္လို႔ ေျပာ ခ်င္ပါတယ္။

ေမး။ ။ ေနာက္ဆုံးေမးခြန္းတစ္ခုအေနနဲ႔ လက္ရွိႏိုင္ငံေရးအခင္းအက်င္းႀကီးက အေျဖရွာရင္ ရွိတယ္ဆိုတာ ေဘးကၾကည့္ေနတဲ့သူက ျမင္ေနရတယ္။ အေျဖကိုမရွာလို႔သာ မရွိတာ။ အဲဒီေတာ့ အေျဖရွာရင္ရွိတယ္ဆိုတာ သိပါလ်က္နဲ႔ အခုထက္ထိ အေျဖနားကိုမသြားၾကဘူးဆိုေတာ့ ကြၽန္ေတာ္တို႔ ျမန္မာေတြအေနနဲ႔ ေျပာတဲ့စကားရွိ တယ္ တိုင္းျပည္က ကံပါလို႔ ပ်က္တာဆိုတာမ်ိဳး။ ပ်က္ခ်ိန္တန္လို႔ ပ်က္တာပါဆိုတဲ့ စကားလုံးမ်ိဳး။ ဒါမွမဟုတ္ ဝိုင္းဖ်က္လို႔ ပ်က္တာပါဆိုတဲ့ စကားမ်ိဳးေပါ့။ အဲဒီအထဲမွာ အစ္ကို႔အေနနဲ႔ ဘယ္လိုမ်ိဳး သုံးသပ္ခ်င္လဲ။
ေျဖ။ ။ ဗုဒၶဘာသာမွာလည္း ကံဆိုတဲ့အေပၚမွာ နားလည္မႈကေတာ္ေတာ္လြဲေနတယ္။ ကြၽန္ေတာ္တို႔က ျဖစ္ သမွ်အားလုံးက ကံေၾကာင့္လို႔ေျပာတဲ့ဟာက ပုေဒၺက ေဟတုဝါဒ ဆိုတာ အတိတ္ကံေပၚမွာ လုံးလုံးလ်ားလ်ား ပုံ တာဟာ မစာၦဒိ႒ိထဲမွာ ပါတယ္ဗ်။ တကယ္ကေတာ့ ပစၥဳပၸန္ကံက အေရးႀကီးတယ္။ လက္ရွိေကာင္းမႈေပါ့ေလ။ ကံ ႀကီးႀကီးမားမားလုပ္ရင္ အတိတ္က အကုသိုလ္ကံေတာင္မွ ပ်က္တယ္၊ ေလ်ာ့တယ္။ တားလို႔မရတဲ့ ဧရာမ ပၪၥာနႏၲရိယကံ မ်ိဳးထိုက္ရင္သာ ေျဖလို႔မရတာ။ အဲဒီေတာ့ လက္ရွိပစၥဳပၸန္ကံကို ႀကီးႀကီးမားမားလုပ္ရင္ အတိတ္ က အကုသိုလ္အရွိန္ေတာင္ ေလ်ာ့တယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ကံလို႔ေျပာရင္ ပစၥဳပၸန္က အေရးႀကီး ဆုံးပဲ။ ပစၥဳပၸန္ကို လက္ေတြ႕က်က် နားလည္ရႈ႕ျမင္ၿပီးေတာ့ ဉာဏ္ပညာနဲ႔ေဆာင္႐ြက္ၾကရင္ေတာ့ ကဲ့ရဲ႕အက်ိဳးက ေကာင္းလိမ့္မယ္လို႔ ကြၽန္ေတာ္ေတာ့ အဲဒီလိုပဲျမင္ပါတယ္။

ေမး။ ။ ဆိုလိုတာကေတာ့ ပ်က္ခ်ိန္တန္လို႔ ပ်က္တာမဟုတ္ဘဲနဲ႔ လူေတြဝိုင္းဖ်က္လို႔ကို ပ်က္တာလို႔ ေျပာခ်င္ တာလား။
ေျဖ။ ။ ကြၽန္ေတာ္တို႔က သဘာဝေဘးရွိတယ္။ လူလုပ္ေဘးရွိတယ္။ အခုဟာက သဘာဝေဘးမဟုတ္ဘူး။ ဒါက လူလုပ္ေဘး။ လူလုပ္ေဘးဟာ လူေျဖရွင္းရင္ ရရမယ္။ ဒါေၾကာင့္ လူေတြေပၚမွာပဲ မူတည္တယ္။ အေရးႀကီးတာက ျပည္သူေတြရဲ႕အခန္းက႑က အေရးႀကီးတယ္ဆိုေသာ္လည္း အဆုံးအျဖတ္ေပးမယ့္လူေတြရဲ႕ အခန္း က႑၊ သူတို႔ရဲ႕ ဉာဏ္ပညာအေမွ်ာ္အျမင္က ပိုၿပီးေတာ့ အေရးႀကီးတယ္လို႔ပဲ ေျပာခ်င္ပါတယ္။

ဟုတ္ကဲ့ အစ္ကို။ အခုလိုအခ်ိန္ေပးၿပီး ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Related news

© 2021. All rights reserved.