ပြည်မြို့တွင် ဆိုင်ကယ်တစ်စီး အရှိန်လွန်ကာ အုတ်နံရံဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

922

သန့်ဇင် (NP News) - အောက်တိုဘာ ၃၁
ပဲခူးတိုင်း၊ ပြည်မြို့တွင် ဆိုင်ကယ်တစ်စီး အရှိန်လွန်၍ အုတ်နံရံဝင်တိုက်မိမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၃ဝ ရက်)၊ ည ၁၂ နာရီအချိန်တွင် ပြည်မြို့၊ သရက်တောရပ်ကွက်၊ ပြည် တက္ကသိုလ်ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“ဆိုင်ကယ်က လင်မယား(၂)ယောက်စီးလာတဲ့ ဆိုင်ကယ်ပေါ့။ သူတို့က နည်းနည်းလဲ မူးနေတာ။ အဲဒါနဲ့ အုန်းတော လမ်းကနေ အရှိန်နဲ့မောင်းလာပြီး ကျောင်းရှေ့ရောက်တော့ အရှိန်မထိန်းနိုင်ဖြစ်ပြီး ကျောင်းခြံစည်းရိုးက အုပ်နံရံကို ဝင်တိုက်မိတာပေါ့” ဟု ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် လင်မယား(၂)ဦးအနက် အသက်(၂၄)နှစ်အရွယ် ဆိုင်ကယ် ယာဉ်မောင်းအမျိုးသားမှာ သေဆုံးသွားခဲ့ပြီး အသက်(၂၃)နှစ်အရွယ် အမျိုးသမီးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်မောင်းတဲ့အမျိုသားကတော့ ဆေးရုံအရောက်မှာပဲ ဆုံးသွားတယ်။ သူ့အမျိုးသမီးကတော့ လက်တွေ ကွဲသွားတယ်။ ညက ဒီမှာက မီးထွန်းပွဲလဲရှိတော့ အဲဒီကပြန်လာမှာဖြစ်တာ။ အရင်တုန်းက အဲဒီနေရာဖြစ်လေ့ ဖြစ်ထတော့ မရှိပါဘူး” ဟု ၎င်းက ဆက်လက် ပြောသည်။
ထို့နောက် သေဆုံးသူအမျိုသားနှင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးတို့အား ပရဟိတပါရမီလူမှုကယ်ဆယ်ရေး အသင်းမှ ပြည်မြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;