ဆော်ဒီရဲ့ဒေါ်လာ (၁)ထရီလျံခွဲကျော်တန် နီယွန်မြို့သစ်စီမံကိန်းဆိုတာ ဘာလဲ

 381

Pika (NP News) - ဇွန် ၁၆

နီယွန်ဆိုသည်မှာ ဆော်ဒီအာရေးဗျအစိုးရက တိဗက်ပြည်နယ်တွင်တည်ဆောက်နေဆဲ မြို့ပြ ဧရိယာအသစ် ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ဆော်ဒီအာရေးဗျ အိမ်ရှေ့စံမင်းသား Mohammed bin Salman က ထုတ်ပြန်ကြေညာခဲ့သော နီယွန်မြို့ပြဧရိယာအသစ်သည် အကွာဘာပင်လယ်ကွေ့၊ ဂျော်ဒန်နိုင်ငံ တောင်ပိုင်းနှင့် ပင်လယ်နီ၏ မြောက်ဘက် စွန်းနေရာ တွင်တည်ရှိကြောင်းလည်းသိရသည်။ ထို့ပြင် နီယွန်အတွက်စီစဉ်ထားသော စုစုပေါင်းဧရိယာမှာ (၂၆၅၀ဝ) စတုရန်းကီလိုမီတာဖြစ်ကြောင်းလည်းသိရသည်။

နီယွန်မြို့ပြဧရိယာအသစ်တွင် ရေပေါ်စက်မှုဇုန်၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအချက် အချာဆိပ်ကမ်း၊ ခရီး သွားအပန်းဖြေစခန်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့်လည်ပတ်မည့် မျဉ်းဖြောင့်ပုံစံစမတ်မြို့အပါအဝင် စီမံကိန်း အများအပြားကို တည်ဆောက်မှုများလည်း ပါဝင်ကြောင်းသိရသည်။ ထို့ပြင် နီယွန်မြို့ပြဧရိယာအသစ်အတွက် တည် ဆောက်မှုအများစုမှာ ၂၀၃၉ ခုနှစ်တွင်ပြီးစီးမည်ဟု မျှော်လင့်ထားကြကြောင်းလည်းသိရသည်။

နီယွန်မြို့ပြဧရိယာ အသစ်တည်ဆောက်မှု အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ် လာ(၁ ဒသမ ၅)ထရီလျံကျော်ရှိမည်ဟု ဆော်ဒီအာ ရေးဗျအာဏာပိုင်များက ခန့်မှန်းပြောဆိုထားကြ သည်။ ဆော်ဒီအာရေးဗျအစိုးရက ၎င်းတို့သည် နီယွန်အမည်ရှိ ပူးတွဲစတော့ရှယ်ယာကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ကြောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကုမ္ပဏီကို အများပြည်သူရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့အစည်းက ရာနှုန်းပြည့်ပိုင်ဆိုင်ထားပြီး နီယွန်၏ စီးပွားရေးဇုန်ကိုဖော်ဆောင်ရန် ရည်မှန်းထားကြောင်းလည်းသိရသည်။ ဆော်ဒီအာရေးဗျအစိုးရသည် နီယွန်စီမံကိန်း၏ အဓိကအစိတ်အပိုင်းများတည်ဆောက်မှုကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်ရန်နှင့် ချဲ့ထွင်မှုများကို ၂၀၂၅ ခုနှစ်တွင် ပြီးစီးအောင်လုပ်ဆောင်ရန် ယခင်ကရည်မှန်းထားခဲ့သော်လည်း သတ်မှတ်ချိန်ထက်နောက်ကျသွားခဲ့ကြောင်း သိရ သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ နီယွန်စီမံ ကိန်းတွင် အဆောက်အအုံနှစ်ခုကိုသာ တည်ဆောက် နိုင်ခဲ့ပြီး စီမံကိန်း၏ဧရိယာအများစုမှာ သဲကန္တာရအဖြစ်သာကျန်ရှိခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင် နီယွန်စီမံ ကိန်းကို ၎င်း၏မူလ အစီအစဉ်မှ သိသိသာသာချဲ့ထွင်နိုင်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း အဆိုပါသတင်းများကို ဆော်ဒီ အာရေးဗျစီးပွားရေးဝန်ကြီး Faisal F. Alibrahim က ငြင်းဆန်ပယ်ချခဲ့ ကြောင်းသိရသည်။

နီယွန်စီမံကိန်းဖြစ်လာခဲ့တဲ့ သမိုင်းကြောင်း
ဆော်ဒီအာရေးဗျအိမ်ရှေ့စံမင်းသား Mohammed bin Salman သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် ရီယာ့ဒ်မြို့တွင် ကျင်းပသော Future Investment Initiative ကွန်ဖရင့်တွင် နီယွန်စီမံကိန်းအတွက် အစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါစီမံကိန်းကို ကိုယ်ပိုင်အခွန်၊ အလုပ်သမားဥပဒေများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တရားစီရင်ရေး စနစ်တို့နှင့်အတူ လက်ရှိအစိုးရမူ ဘောင်မှ သီးခြားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Mohammed bin Salman ကပြော ကြားခဲ့သည်။ နီယွန်စီမံကိန်းအတွက် မြေနေရာအချို့ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း အီဂျစ်အစိုးရက ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ Arconic ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် စီအီးအိုဟောင်းဖြစ်သူ ကလောက်စ်ကလိန်းဖဲလ်ဒ်သည် အဆိုပါ စီမံကိန်းအတွက် အဖွင့်ဒါရိုက်တာဖြစ်ကြောင်း Mohammed bin Salman က ကြေညာခဲ့သည်။

ထို့ပြင် ကလောက်စ်က လိန်းဖဲလ်ဒ်သည် Mohammed bin Salman ၏ အကြံပေးတစ်ဦးဖြစ်လာခဲ့ပြီး Nadhmi A1-Nasr က နီယွန်စီမံကိန်း၏ ဒါရိုက်တာဖြစ်လာခဲ့ကြောင်းသိရသည်။ နီယွန်မြို့ပြ ဧရိယာအသစ်ကို ဖန်တီးရန်အစပျိုးမှု သည် ဆော်ဒီအာရေးဗျနိုင်ငံ၏ ရေနံအပေါ်မှီခိုအားထားမှုကို လျှော့ချရန်၊ နိုင်ငံတွင်းစီးပွားရေးကိုကွဲပြားစေရန်နှင့် အများပြည်သူဝန်ဆောင်မှုကဏ္ဍများဖွံ့ဖြိုးတိုးတက် စေရန်အတွက် အစီအစဉ်တစ်ခုဖြစ်သည့် Saudi Vision ၂၀၃၀ ပြည့် နှစ်မှ ပေါ်ထွက်လာခြင်းဖြစ်သည်။နီယွန်မြို့ပြဧရိယာအသစ်တွင် လုံခြုံရေး၊ ထောက်ပံ့ပို့ဆောင်မှု၊ နေအိမ်အရောက်ပို့ ဆောင်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းစသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန်အတွက် စက်ရုပ်များအပြင်မြို့ ကို လေနှင့်ဆိုလာစွမ်းအင်တို့ဖြင့်သာ စွမ်းအင်ပေးရန် တောင်းဆိုထားကြောင်းလည်းသိရသည်။

မျဉ်းဖြောင့်ပုံစံစမတ်မြို့ The Line
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် နီယွန်စီမံ ကိန်းသည် ကမ္ဘာ့ပထမဆုံးမျဉ်းဖြောင့်ပုံစံစမတ်မြို့ The Line အတွက် အစီအစဉ်များကို ထုတ်ပြန်ပြသခဲ့သည်။ အဆိုပါစမတ်မြို့သည် ကားများ၊ လမ်းများ သို့မဟုတ် ကာဗွန်ထုတ်လွှတ်မှုမရှိ စေရန် ဒီဇိုင်းထုတ်ထားသည့် မျဉ်းဖြောင့်ပုံစံစမတ်မြို့ တစ်မြို့ဖြစ်ကြောင်းလည်းသိရသည်။ The Line ပရောဂျက်သည် (၁၇၀)ကီလိုမီတာ ရှည်လျားပြီး မြို့ပြဧရိယာအသစ်ဖြစ်သောနီယွန်အတွင်းရှိ သဘာဝတရား၏(၉၅)ရာခိုင်နှုန်းကို ထိန်းသိမ်းထားမည်ဖြစ်သည်။ အဆိုပါစမတ်မြို့တွင် ဆော်ဒီအာရေးဗျ နိုင်ငံ၏လက်ရှိလူဦးရေ(၃၅ ဒသမ ၅)သန်း၏ (၂၅)ရာခိုင်နှုန်းဖြစ်သော လူ(၉)သန်းနေထိုင်နိုင်မည်ဟု ခန့်မှန်းထားကြသည်။ The Line ပရောဂျက်၏အရှည် တစ် လျှောက်လုံးတွင် တူးဖော်ခြင်းလုပ်ငန်းများ ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည်။ The Line ပရော ဂျက်သည် ၎င်း၏အရှည်တစ် လျှောက်လုံးတွင် မှန်များဖြင့်တည်ဆောက်ထားသော အဆောက်အဦးနှစ်ခုပါဝင်မည့် မြို့ပြစီမံကိန်းတစ်ခုလည်းဖြစ်သည်။ မှန်များဖြင့် တည်ဆောက်ထားသော အဆောက်အဦးနှစ်ခု၏စုစုပေါင်း အကျယ်မှာ (၂၀ဝ) မီတာရှိကာ အမြင့်မှာ(၅၀ဝ)မီတာရှိမည်ဖြစ်သည်။

အဆိုပါမှန်အဆောက် အအုံနှစ်ခုသည် Abraj A1-Bait နာရီမျှော်စင်နှင့် အဆိုပြုထားသော Jeddah မျှော်စင် တို့ပြီးလျှင် ဆော်ဒီအာရေးဗျနိုင်ငံ၏တတိယမြောက် အမြင့်ဆုံးအဆောက်အအုံဖြစ်လာ မည်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ကမ္ဘာပေါ်တွင် (၁၂)ခုမြောက်အမြင့်ဆုံးအဆောက်အအုံဖြစ်လာမည်ဖြစ်သည်။

အဆိုပါစမတ်မြို့ကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြင့် အပြည့်အဝ စွမ်းအင်ပေးနိုင်ရန် အစီအစဉ်ရေးဆွဲထား ကြောင်းလည်းသိရသည်။ ထို့ပြင် မလိုအပ်သော အခြေခံအဆောက်အအုံများ၊ ကားများနှင့် လမ်းများမရှိခြင်းကြောင့် စမတ်မြို့သည် ကာဗွန် သုညဖြစ်နေမည်လည်းဖြစ်သည်။ The Line ပရောဂျက်သည် အလုပ်အကိုင်ပေါင်း (၄၆၀ဝဝဝ)ခန့် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံ GDP သို့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ(၄၈)ဘီလျံ ထည့်ပေါင်းပေးနိုင် မည်ဟု ဆော်ဒီအာရေးဗျအစိုးရက ပြောထားသည်။

နီယွန်ပင်လယ်အော်နဲ့ လေဆိပ်
နီယွန်စီမံကိန်း၏ ပထမအဆင့်ဖြစ်သော နီယွန်ပင်လယ်အော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များထဲတွင် ရီယာ့ဒ်မြို့နှင့် နီယွန်မြို့ပြဧရိယာ အသစ်ကြား ပုံမှန်ပျံသန်းမှုများလုပ်ဆောင်မည့် ရှာမာလေဆိပ်တည်ဆောက်ခြင်း ပါဝင်မည်ဖြစ်သည်။ ထို့ပြင် အဆိုပါဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များထဲတွင် ပထမအဆင့်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် နီယွန်မြို့ပြဧရိယာအသစ်တွင် ပထမဆုံးလူနေဧရိယာ တည်ဆောက်ခြင်းလည်းပါဝင်မည်ဖြစ်သည်။ နီယွန် ပင်လယ်အော် လေဆိပ်၏ ပထမအဆင့်ဖြစ်သည့် ပြေးလမ်းအရှည် (၃၇၅၇) မီတာ ပြီးစီးသွားပါက စီးပွားဖြစ်ပျံသန်းမှု လမ်းကြောင်းများကို စတင်မည် ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဇွန်လတွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါစီစဉ်ထားသော လေဆိပ်ကို နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (LATA) ၏ကုဒ် NUM ဖြင့် မှတ်ပုံတင်ထားမည်လည်း ဖြစ်သည်။

အဋ္ဌဂံပုံစံရေပေါ်ဆိပ်ကမ်းမြို့ Oxagon
Oxagon သည် အဋ္ဌဂံပုံစံရှိသည့် ရေပေါ်ဆိပ်ကမ်းမြို့ဖြစ်ပြီး ဧရိယာအကျယ်အဝန်းမှာ (၅၀) စတုရန်းကီလို မီတာရှိမည်ဖြစ်သည်။ Oxagon သည် Suez တူးမြောင်းကို ဖြတ်သန်းပြီး သင်္ဘောသွားလာမှုများကို အခွင့်ကောင်းယူရန် အတွက် ဒီဇိုင်းထုတ်ထားသည့် ပင်လယ်နီရှိ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ် လာမည်ဖြစ်သည်။ Oxagon သည် ပိုမိုကျယ်ပြန့် သော Neom ပရောဂျက်အတွက် ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေ ကြောင်းလည်းသိရသည်။ Oxagon သည် ကုန်းမြေပေါ်တွင် တည်ဆောက်မှုတစ်ပိုင်းနှင့် ပင်လယ်နီတွင် တည်ဆောက်မှု တစ်ပိုင်း ပါဝင်သည့် အဋ္ဌဂံပုံစံတည်ဆောက်မည့် မြို့တစ်မြို့ဖြစ်သည်။ထို့ပြင် ကုန်းမြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက်အအုံများကို သင်္ဘောသွားလာနိုင်သည့် တူးမြောင်းဖြင့် ပိုင်းခြားထားမည်ဖြစ်ပြီး ပင်လယ်ဖက်ရှိတည် ဆောက်မှုတစ်ပိုင်းသည် ကမ္ဘာ့အကြီးဆုံးရေပေါ်တည်ဆောက်မှုတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း နီယွန်ကပြောကြားခဲ့ သည်။ ရေပေါ်ဆိပ်ကမ်းမြို့ Oxagon ကို တူးမြောင်းငယ်များဖြင့် ဆက်သွယ်ပေးထားသည့် ရေပြင်ပေါ်တွင်တည် ဆောက်သွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် Oxagon တွင် အပျော်စီးသင်္ဘောဂိတ်နှင့် သမုဒ္ဒရာ ဆိုင်ရာ သုတေသနစင်တာလည်းပါဝင်မည်ဖြစ် ကြောင်းသိရသည်။ ရေပေါ်ဆိပ်ကမ်းမြို့ Oxagon ၏ ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ ပြဿနာများအား ဖြေရှင်းပေးမည့် အဆောက်အအုံများကို ၂၀၂၅ ခုနှစ်တွင် ထားရှိနိုင်ရန် ရည်ရွယ်ချက်နှင့်အတူ ကုန်းတွင်းပိုင်းတည်ဆောက်မှုများကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်နိုင်ရန် မျှော်လင့်ထား ကြကြောင်းလည်း သိရသည်။ ကုန်းတွင်းပိုင်းတည်ဆောက်မှုများ ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ၎င်းသည် နိုင်ငံတွင်းရှိ အတွေးအခေါ်နှင့် အမြော်အမြင်ရှိသော ကုမ္ပဏီအချို့အတွက် ရှင်သန်ရာနေရာတစ်ခုဖြစ်လာမည် ဖြစ်သည်။ တိုက်ကြီး (၃)တိုက်၏ လမ်းဆုံလမ်းခွတွင် ရှိနေမည့် Oxagon မြို့သည် လူများ၊ သဘာဝနှင့် နည်းပညာများကို သဟဇာတဖြစ် အောင် ပေါင်းစည်း နိုင်မည့် နေရာတစ်နေရာလည်း ဖြစ်လာမည်ဖြစ်သည်။ Oxagon သည် မဟာဗျူဟာ မြောက်မိတ်ဖက် များနှင့် ဒီဂျစ်တယ်နည်းပညာ ကျောထောက်နောက်ခံမှုများ မှတစ်ဆင့် စီးပွားရေးအဆင်ပြေပြီး တိုးတက်သော ပတ်ဝန်း ကျင်ကိုလည်း ဖန်တီးပေးမည်ဖြစ်သည်။

တောင်ပေါ်အပန်းဖြေစခန်း Trojena
Trojena သည် ဆော်ဒီအာရေးဗျနိုင်ငံ သဲကန္တာရအလယ်တွင် တည်ဆောက်နေသည့် တောင် ပေါ်အပန်းဖြေ စခန်းတစ်ခုဖြစ်သည်။ Trojena သည် Aqaba ပင်လယ်ကွေ့မှ (၅၀)ကီလိုမီတာအကွာတွင် တည်ရှိကာ စုစုပေါင်း ဧရိယာအကျယ်အဝန်းမှာ (၆၀)ကီလိုမီတာရှိကြောင်းလည်းသိရသည်။ ထို့အပြင် Trojena ၏အမြင့်သည် ပင်လယ်ရေ မျက်နှာပြင် အထက် (၁၅၀ဝ) မီတာမှ(၂၆၀ဝ)မီတာကြားရှိမည် လည်းဖြစ်သည်။ Trojena သည် ၂၀၃၀ ပြည့်နှစ်တွင် ခရီးသွား(၇)သိန်းနှင့် အမြဲတမ်းနေထိုင်သူ(၇၀ဝဝ)တို့ကို ဆွဲဆောင်နိုင်ရန် ရည်မှန်းထားကြောင်းသိရသည်။ Trojena သည် နိုင်ငံဂျီဒီပီကို အမေရိကန် ဒေါ်လာသန်း(၈၀ဝ)ပံ့ပိုးပေးကာ အလုပ်အကိုင်ပေါင်း (၁)သောင်းခန့် ဖန်တီးပေးနိုင်မည် ဟု ဆော်ဒီ အာရေးဗျ အာဏာပိုင်များက ခန့်မှန်းထားကြသည်။ တောင်ပေါ်ခရီးသွားအပန်းဖြေစခန်း Trojena တွင် နှင်းလျှောစီးအပန်းဖြေစခန်း၊ စားသောက်ဆိုင် အမျိုးမျိုးနှင့် လက်လီစတိုးဆိုင်များ၊ ဇိမ်ခံနေရာများနှင့် ကျန်းမာရေး ဆိုင်ရာ အပန်းဖြေစခန်းများအပြင် တောင်တက်စက်ဘီးစီးခြင်း၊ နှင်းလျှောစီးခြင်း၊ ရေ နှင့်ဆိုင်သော အားကစားများနှင့် အပြန်အလှန်အကျိုး ပြုမည့် သဘာဝဘေးမဲ့တောလည်း ပါဝင်မည်ဖြစ်သည်။ ထို့ပြင် Trojena တွင် လူလုပ်ရေကန်၊ အခြား ဗိသုကာလက်ရာများနှင့် စွဲမက်ဖွယ်ကောင်းသော ရှုခင်းများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ Trojena တွင် (၂ ဒသမ ၈) ကီလိုမီတာ ရှည်လျား သော ရေချိုကန်ကို ဖန်တီးရန်အတွက် ဆည်အသစ် (၃)ခုလည်း ပါဝင်မည်ဖြစ်သည်။

ဇိမ်ခံအပန်းဖြေစခန်း Sindalah ကျွန်း
နီယွန်စီမံကိန်းသည် ၎င်း၏ကမ်းရိုးတန်း တွင် ကုဗကိုက် (၁၁၀ဝဝဝ၀) သို့မဟုတ် ကုဗပေ (၂၉၇၀ဝဝဝ၀) ရှိသည့် ဇိမ်ခံအပန်းဖြေစခန်းဖြစ်သော Sindalah ကျွန်းအတွက် အစီအစဉ်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ဇိမ်ခံအပန်းဖြေစခန်းတွင် သင်္ဘောဆိုက်ကပ်နိုင်မည့် လှေဆိပ်(၈၆)ခုနှင့် ဇိမ်ခံဟိုတည်(၃)လုံး တို့လည်း ပါဝင်မည်ဖြစ်ပြီး နေ့စဉ် ခရီးသွားဧည့်သည်ပေါင်း(၂၄၀ဝ)က လာ ရောက် တည်းခိုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် Sindalah ကျွန်းတွင် ပင်လယ်ကို အပေါ်စီးမှ မြင်နိုင်သော ကျင်း(၉)ကျင်းပါသည့် ဂေါက်ကွင်းကို ၂၀၂၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကြောင်း လည်းသိရသည်။

အနာဂတ်မြေအောက်ကမ္ဘာ အဆောက်အအုံ Aquellum
နီယွန်စီမံကိန်းသည် သဘာဝနှင့်ပေါင်းစပ် ရန်အတွက် ဗိသုကာအခြေခံမူများကို ပြောင်းပြန်လှန် ပစ်မည့် မြေအောက်ကမ္ဘာအသိုင်းအဝိုင်း၏ အနာ ဂတ်ဖြစ်သော Aquellum အဆောက်အအုံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါဇောက်ထိုးမိုးမျှော်တိုက်ပုံစံ အဆောက်အအုံကို အမြင့်(၄၅၀)မီတာရှိသော တောင်ထဲ တွင် တူးဖော်ကာ တည်ဆောက်သွားမည်ဖြစ်ပြီး ရေ အောက်မှဝင်ရောက်မှုများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အိုအေစစ်ခရီးသွားနေရာ Leyja
Leyja သည် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းအတွက် Saudi Vision ၂၀၃၀ ပြည့်နှစ် အစီအစဉ်ကို အထောက်အကူဖြစ်စေရန် ဒီဇိုင်းထုတ်ထားသော ခရီးသွားနေရာတစ်ခုဖြစ်သည်။ ထို့ပြင် Saudi Vision ခရီးသွားနေရာ မြေဧရိယာ၏ (၉၅) ရာခိုင်နှုန်းကို သဘာဝပတ်ဝန်းကျင်အတွက် ထိန်း သိမ်းထားမည်ဖြစ်ကြောင်း ဆော်ဒီသတင်းအေဂျင် စီ၏ အဆိုအရသိရသည်။ Leyja တွင် Office for Metropolitan Architecture (OMA) ကုမ္ပဏီက ဒီဇိုင်းထုတ်ထားသည့် Adventure ဟိုတယ်၊ Mario Cucinella Architects (MCA) ကုမ္ပဏီက ဒီဇိုင်းထုတ်ထားသည့် အိုအေစစ်ဟိုတည်နှင့် Killa Design ကုမ္ပဏီက ဒီဇိုင်းထုတ်ထားသည့် Wellness ဟိုတယ်တို့ပါဝင်မည်လည်းဖြစ်သည်။ အဆိုပါဟိုတယ်သုံးခုစလုံး သည် စုစုပေါင်းဇိမ်ခံအခန်း ပေါင်း(၁၂၀)ကျော်ကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

စိုက်ပျိုးရေးနဲ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်
နီယွန်စီမံကိန်းသည် အနီးပတ်ဝန်းကျင်ရှိ မြေဟက်တာ(၆၅၀ဝ)ကို လယ်ယာစိုက်ခင်းများဖြစ်လာစေရန် အတွက် စီစဉ်နေပြီး မျိုးရိုးဗီဇပြုပြင်ထားသော အသီးအနှံများအပေါ် မှီခိုအားထားနိုင်ဖွယ်ရှိနေသည်။ ထို့ပြင် နီယွန်စီမံကိန်းသည် ပြန်လည်ဖြည့် ဖြိုးမြဲစွမ်းအင်၊ အစိမ်းရောင်ဟိုက်ဒရိုဂျင်နှင့် စွန့်ပစ်ပစ္စည်းများ လုံးဝမရှိစေရန် အတွက် ကူညီပံ့ပိုးပေးမှုများလုပ်ဆောင်ရန် လက်အောက်ခံ ENOWA ကုမ္ပဏီကို တည်ထောင်ခဲ့ကြောင်းလည်းသိရသည်။

ပြစ်တင်ဝေဖန်မှုများ
နီယွန်၏ဆောက်လုပ်ရေးလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုတို့အတွက် ပြစ်တင်ဝေဖန်မှုများကို ခံနေရကြောင်းလည်းသိရသည်။ အဆိုပါကြီးမားသော စီမံကိန်း၏ ရည်မှန်းချက်များနှင့် ပတ်သက်ပြီး သံသယရှိမိကြောင်းလည်း ကျွမ်းကျင်သူအချို့က ထုတ်ဖော်ပြောဆိုထားကြသည်။ ထို့ပြင် ဒေသခံ Howeitat လူမျိုးစုက နီယွန်မြို့ပြဧရိယာအသစ် တည်ဆောက်မှုနှင့်ပတ်သက်ပြီး ၎င်းတို့ကို အတင်းအကြပ်ဖယ်ရှားခိုင်း ခြင်းကို ဆန့်ကျင်ဆန္ဒပြမှုများ ရှိခဲ့ကြောင်းသိရသည်။

Related news

© 2021. All rights reserved.