တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရက်ပေါင်း(၃၀၀)ကျော်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ(၁၆၀၀)ကျော်ရှိ
229
စော (NP News) - နိုဝင်ဘာ ၁၇
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရက်ပေါင်း (၃၀၀)ကျော်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၁၆၀၀) ကျော်ရှိ ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယာဉ်တိုက်မှုပေါင်း (၃၂၃၄)ကြိမ်ဖြစ်ပွားခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှ အားဖြင့် (၁၀)ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၄၇၀၆) ဦး နှင့် သေဆုံးသူ (၁၆၇၆) ဦး ရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုအကြိမ်ရေ (၆၉၀)ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၃၅၄)ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၈၃၈)ဦး ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း (၄၈၇)ကြိမ်ဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့ရာ သေဆုံးသူ (၁၆၉)ဦး နှင့် ဒဏ်ရာရရှိသူ (၇၆၁)ဦး ရှိခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုပေါင်း (၁၇၄)ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၂၅)ဦး နှင့် သေဆုံးသူ ( ၈၂)ဦးရှိခဲ့ကြောင်း သိရသည်။ယခင်နှစ် (၂၀၂၃)ခုနှစ်၊ အလားတူကာလ၌ ယာဉ်တိုက်မှုပေါင်း (၄၀၅၀) ကြိမ်ဖြစ်ပွားခဲ့ရာ ယခုနှစ်နှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှုအကြိမ်ရေ (၈၀၀)ကျော်လျော့ကျသွားကြောင်း သိရသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ယမန်နေ့ (နိုဝင်ဘာ ၁၆ရက်)၊ နံနက် (၄)နာရီခွဲဝန်းကျင်အချိန်က MITSUBISHI CANTER အမျိုးအစား(၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော HINO(၂၂) ဘီး ကုန်တင်ယာဉ်အား တိုက်မိခဲ့သဖြင့် အမျိုးသမီး (၃)ဦးသေဆုံးခဲ့ပြီး လူ(၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။