တရုတ်နိုင်ငံသို့သွားမည့် မြန်မာနိုင်ငံသားများအတွက် ဗီဇာကြေးကာလတိုလျှော့ချထားခြင်းကို အချိန်ကာလ ထပ်မံတိုးမြှင့်
412
ယွန်း (NP News) - ဒီဇင်ဘာ ၂၉
တရုတ်နိုင်ငံသို့သွားမည့် မြန်မာနိုင်ငံသားများအတွက် ဗီဇာကြေးကာလတို လျှော့ချထားခြင်းကို အချိန်ကာလ ထပ်မံတိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယခုရက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံသားများ အပြန်အလှန်သွားလာမှု အဆင်ပြေစေရန်အတွက် ပြည်ပအခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံး၏ ဗီဇာကြေးလျှော့ချခြင်းအစီအမံကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်အထိ အချိန်ကာလ ထပ်မံ တိုးမြှင့်လိုက်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသို့သွားမည့် မြန်မာနိုင်ငံသားများအတွက် (၁)ကြိမ်ပြည်ဝင်ခွင့်အတွက် အမေရိကန် ဒေါ်လာ (၃၇)ဒေါ်လာ၊ (၂) ကြိမ်ပြည်ဝင်ခွင့်အတွက် အမေရိကန်ဒေါ်လာ (၅၆)ဒေါ်လာ၊ (၆)လအတွင်းအကြိမ် များစွာပြည်ဝင်ခွင့်အတွက် အမေရိကန်ဒေါ်လာ (၃၀၀)၊ (၁) နှစ်အထက် အကြိမ်များစွာပြည်ဝင်ခွင့်အတွက် အမေရိကန်ဒေါ်လာ (၄၅၀)သာ ကျသင့်မည်ဖြစ်ပြီး အမြန်ကြေးအဖြစ် အမေရိကန်ဒေါ်လာ (၂၅) ဒေါ်လာဖြစ် ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်သည် မြန်မာနိုင်ငံသားများအတွက်သာဖြစ်ပြီး မျှတခြင်းဆိုင်ရာအခြေခံသဘောတရားအရ မြန်မာနိုင်ငံရှိ အခြားနိုင်ငံသားများအတွက် ဗီဇာကြေးသတ်မှတ်ချက်မတူညီဘဲ အသေးစိတ်ဗီဇာကြေးသည် ဗီဇာ ထုတ်ယူရန် သံရုံးမှပေးသည့် ပြေစာပေါ်ရှိ ငွေကြေးပမာဏသည်သာအမှန်ဖြစ်ကြောင်း သိရသည်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ဖုန်း ၀၀၉၅- ၉၈၉၄၈၅၃၁၈၈ သို့ ရုံးချိန်ဖြစ်သည့် မွန်းလွဲ ၂ နာရီမှ ည ၆ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ကာ Email : [email protected] သို့လည်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။