ယာယီရပ်ဆိုင်းထားသည့် OWIC ကတ်များကို အကန့်အသတ်ဖြင့်သာ ပြန်ထုတ်ပေးနေခြင်းကြောင့် အေဂျင်စီများ အခက်တွေ့နေ

 576

ယွန်း (NP News) - မတ် ၁၁

ယာယီရပ်ဆိုင်းထားသည့် OWIC ကတ်များကို အကန့်အသတ်ဖြင့်သာ ပြန်ထုတ်ပေးနေခြင်းကြောင့် အေဂျင်စီ များအနေဖြင့် အခက်အခဲများရှိနေကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။
ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာရန် အဓိကကျသည့် OWIC ကတ်များထုတ်ပေးမှုကို ပြီးခဲ့သည့် ‌ဖေဖော်ဝါရီ(၁၄) ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရာ လက်ရှိတွင် အကန့်အသတ်များဖြင့် ပြန်လည်ထုတ်ပေးနေကြောင်းသိရသည်။ “လောလောဆယ်တော့ OWIC ကတ်ကို နည်းနည်းစီပေးလုပ်နေတယ်။ လူကအများကြီး ကျန်သေးတယ်။ ဒါပေမဲ့ ဘာစာမှလည်း မထွက်ဘူး။ သတ်မှတ်ချက်လည်းမထွက်ဘူး။ သူတို့ခေါ်ချင်တဲ့ ကုမ္ပဏီကိုခေါ်ပြီးတော့ သင်တန်း တက်ခိုင်းတယ်။ OWIC ကတ်လုပ်ခိုင်းတယ်။ နည်းနည်းစီပဲပေးလုပ်တယ်။ အခုဆို ဂျပန်အေဂျင်စီတွေ တော်တော်ဒု က္ခရောက်တယ်။ လက်မှတ်တွေဆုံး၊ စာချုပ်တွေပျက်နဲ့ ဒုက္ခတွေ ရောက်ကုန်တာ။ ဟိုတစ်လောက စာဝင်လာတယ်။ (၁၃၈) ယောက်ဆိုပြီး အဲဒီ (၁၃၈)ယောက်က ကျွန်တော်တို့ပါလို့သိရတယ်။ ကျွန်တော်တို့မပါရင် မသိရဘူး။ (၁၃၈) ယောက်ဆိုတာ ကိုယ်တစ်ခုတည်းမဟုတ်ဘူး သူများဟာတွေပါပါတယ်”ဟု ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကိုပြောသည်။ OWIC များကို အထက်ပါကဲ့သို့ အကန့်အသတ် ဖြင့်သာထုတ်ပေးနေခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများကလည်း လက်ရှိအချိန်အထိ အကြောင်းအရာ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိကြောင်း သိရသည်။ “ဘာကြောင့်ဆိုတာလည်းမပြောဘူး။ သတ်မှတ်ချက်ထွက်လာမယ်လို့ပြောပြီး ခုချိန်ထိ မထွက်တော့ အကုန်လုံးဒုက္ခရောက်နေတာပေါ့။ ကြိုလည်း မကြေညာဘူး။ အေဂျင်စီအသစ်လေးတွေဆို ပိုဒုက္ခ‌ ရောက်တာပေါ့။ အယုံအကြည် ပျက်သွားတာပေါ့။ တခြားနိုင်ငံသားပဲခေါ်တော့မယ်ဆိုတာမျိုးဖြစ်သွားတာ။ ထိုင်းတွေ လည်း လေယာဉ်လက်မှတ်ဆုံးတာတွေ အများကြီးပဲ။ ဂျပန်ကတော့အဆိုးဆုံးပဲ။ ဂျပန်ကတော့ အဲဒီလို မတားသင့်ဘူး လုပ်ခလစာလည်းများတယ်လေ။ နှစ်နိုင်ငံသဘောတူစာချုပ်လည်းရှိတယ်လေ။ လက်ရှိထွက်နေတဲ့သူတွေဆိုရင် အရင်တည်းက ရပြီးသားလူတွေ။ ဟိုဘက်က ခေါ်မယ့်ရက် မရောက်သေးလို့ OWIC ကတ်ကိုင်ပြီးစောင့်နေရတာ။ ဖေဖော်ဝါရီ(၁၄)ကတည်းက OWIC ကတ်အခက်အခဲက ဖြစ်နေတာ”ဟု အထက်ပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။ ပြည်တွင်း၌ (၁၉၉၀) ပြည့်နှစ်မှ (၂၀၂၄) ခုနှစ် မေလအထိ အေဂျင်စီအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို OWIC ထုတ်ပေးမှုအရေအတွက်မှာ နိုင်ငံပေါင်း (၉၉) နိုင်ငံသို့ (၁၈၂၅၃၈၁) ဦးရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ ပြည်တွင်း၌ ပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု ပေးနေသည့် အေဂျင်စီအရေအတွက်(၆၀ဝ)ကျော် ရှိနေပြီး တရားမဝင်ဆောင်ရွက်နေသူများလည်းရှိ နေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ပြည်ပသို့သွားရောက်လုပ်ကိုင်သောအလုပ်သမား များပြားရာနိုင် ငံတစ်ခုဖြစ် သည့်အပြင် ပြည်တွင်း၌ (၂၀၂၁) နိုင်ငံရေးအခင်းအကျင်း စတင်ဖြစ်ပွားပြီး‌ နောက်ပိုင်းကာလများတွင် စီးပွားရေး အဆင်မပြေမှုများ၊ လုပ်ခလစာ နည်းပါးမှုများနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ သွားရောက်လုပ်ကိုင် သည့်ပမာဏ ပိုမိုများပြားလာခဲ့သည်။

Related news

© 2021. All rights reserved.