ဈေးကွက်လိုအပ်ချက်အရ ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ရရှိရေးကို BAP ကျင့်စဥ်နှင့်အညီဆောင်ရွက်ရန် အသိပေး

208

ယွန်း (NP News) - မတ် ၁၇
ဈေးကွက်လိုအပ်ချက်အရ ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ရရှိရေးကို BAP ကျင့်စဥ်နှင့်အညီဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အသိပေးပြောထားသည်။
ဒုဝန်ကြီး၊ ဒေါက်တာအောင်ကြီးက မတ်လ(၁၆)ရက်တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ရာစံအေးငါးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရာစံအေးငါးမွေးမြူရေးစခန်း၌ ဆော်ဒီအာရေဗျနိုင်ငံသို့ အဓိကတင်ပို့နိုင်ရန်အတွက် ငါးများကိုမွေးမြူနေခြင်းဖြစ်ပြီး အကောင်းဆုံးရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (BAP) ဖြင့် မွေးမြူနိုင်ရေးအတွက် ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်းရှင်များအား BAP Pre-Audit Team ၏ စစ်ဆေးဆောင်ရွက်ခဲ့သည့် အချက် ၁၀၃ ချက်အတိုင်း တိကျစွာလိုက်နာရန် အသိပေးပြောကြားခဲ့သည်။
ထို့ပြင် ဈေးကွက်လိုအပ်ချက်အရ ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေးရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ရရှိရေးအတွက် BAP ကျင့်စဉ်နှင့်အညီ ဆောင်ရွက်ရေးနှင့် ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျလိုက်နာကျင့်သုံးရေးကိုလည်း အသိပေးထားသည်။
အလားတူ မွေးမြူသည်မှ ကုန်ချောထုတ်လုပ်သည်အထိ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် တင်သွင်းနိုင်ငံများမှချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်လုပ်နိုင်ရေးနှင့် အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးကို ဒုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။