ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်တွင်မြန်မာနိုင်ငံ၏ မြန်မာ့ယဉ်ကျေးမှု နှင့် လက်မှုပညာများကို ပြသမည်

234

Pearl (NP News) - သြဂုတ် ၂၈
ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်တွင်မြန်မာနိုင်ငံ၏ မြန်မာ့ယဉ်ကျေးမှု နှင့် လက်မှုပညာများကို ပြသမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်ပြီး ဝန်ကြီးဌာနခြောက်ခုမှ ဝန်ထမ်းများတက်ရောက်ကြမည်ဖြစ်ရာ အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံပွဲကို ယမန်နေ့ (သြဂုတ်လ ၂၇ရက်) က နေပြည်တော် ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုခရီးစဉ်သည် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ဖြစ်၍ အရေးကြီးကြောင်းပြောကြားခဲ့သည်။
ယခင်ရှိပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး၊ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ခရီးစဉ်တွင် လိုက်ပါကြမည့် ကိုယ်စားလှယ်များအနေဖြင့် တစ်ဦးချင်း၊ အဖွဲ့လိုက်ကျရာတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြစေ လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ခရီးစဉ်တွင် ဝန်ကြီးဌာနခြောက်ခုမှ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိက ပြင်ပမီဒီယာနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလိုက်ပါကြမည်ဖြစ်၍ မီဒီယာကဏ္ဍပူးပေါင်း ဆောင်ရွက်မှုအပြင် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝနှင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရိုးရာအကအလှနှင့် ရုပ်သေးအက၊ မြန်မာ့လက်မှုပညာများကို မိတ်ဆက်ပြသသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် အောင်မြင်သော ခရီးစဉ်တစ်ခုဖြစ်စေရေးအတွက် အားလုံးပူပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ကူမင်းမြို့တွင် စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာတောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်သို့ ဝန်ကြီးဌာနများမှ ၃၆ ဦးနှင့် ပြင်ပမီဒီယာနှင့်အဖွဲ့အစည်းများမှ ၁၇ ဦး စုစုပေါင်း ၅၃ ဦးတို့ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။