ရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း ဓာတ်ပုံပညာရှင် ဒေါက်တာ ဦးမြင့်သိန်းဖေ ကွယ်လွန်

 142

သက်ပိုင်( NP News) - အောက်တိုဘာ ၂
ရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်းဖြစ်သူ ဓာတ်ပုံပညာရှင် ဒေါက်တာ ဦးမြင့်သိန်းဖေသည် ယနေ့ (အောက်တိုဘာ ၂) ရက်နံနက်ပိုင်းက ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တွဲဖက်အတွင်းရေးမှူး (၂) ဖြစ်သူ ကိုချမ်းသာကြည်စိုးက NP News သို့ပြောသည်။
ဒေါက်တာ ဦးမြင့်သိန်းဖေသည် ရုရှားနိုင်ငံမှ ရုပ်ရှင်ပညာရှင်ဖြင့် ဘွဲရရှိထားသူတစ်ဦးဖြစ်သည့်အပြင် မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာ ကြိုးပမ်းအားထုတ်ခဲ့သူ တစ်ဦးဖြစ်သည့်အတွက် ယခုကဲ့သို့ ကွယ်လွန်သွားခြင်းမှာ များစွာဆုံးရှုံးနစ်နာမှုတစ်ရပ်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သူဟာ မြန်မာပြည်မှာ ရှားပါးတဲ့ပညာရှင်စာရင်းထဲမှာပါတယ်။ အရင်တုန်းက အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မပေါ်ခင် မြန်မာပြည်မှာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ဘွဲ့ကို ရထားတဲ့သူခြောက်ယောက်ပဲ ရှိခဲ့တယ်။ ဒီအထဲမှာ သူလည်းပါတယ်။နောက်ပြီး နိုင်ငံတော်မှာလည်း ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး သူက ကျရာနေရာမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ဓာတ်ပုံပညာနဲ့ ပတ်သက်ပြီးတော့ ပညာရှင်တစ်ယောက်ဖြစ်တယ်။သူ့ရဲ့ အသိပညာတွေဟာ အဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်တယ်။ ဒါကြောင့် အခုလိုဆုံးပါးသွားတာဟာ အရမ်းကို အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ” ဟု ကိုချမ်းသာကြည်စိုးက ရှင်းပြသည်။
ဦးမြင့်သိန်းဖေသည် ရုပ်ရှင်အစည်းအရုံးဥက္ကဌအဖြစ် (၂၀၀၇-၂၀၁၂) အထိ တာဝန်ယူခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၈၄)နှစ်ရှိပြီဖြစ်ပြီး ယခုကဲ့သို့ ကွယ်လွန်ခြင်းအပေါ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံဓာတ်ပုံအသင်းကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားကြသည်။

Zawgyi Version:

Related news

© 2021. All rights reserved.