မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတင်သွင်းရောင်းချခြင်းဆိုင်းငံ့ရန်တောင်းဆိုချက်ကို ပြင်ဆင်ပယ် ဖျက်ပေးရန် အာဆီယံအဖွဲ့လိုလားနေ
452
ဂျန်ဇက် (NP News)- မေ ၂၈
မြန်မာအရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်းထဲတွင် မြန်မာနိုင်ငံ အပေါ်စစ်လက်နက်ပစ္စည်းတင်သွင်းရောင်းချခြင်းများ ချက်ချင်းဆိုင်းငံ့ထားရန် တောင်းဆိုမှုများရှိခဲ့ပြီး အဆိုပါ အချက်ကို အာဆီယံအဖွဲ့ကြီးက ပြင်ဆင်ရန်လိုလားနေကြောင်း BenarNews တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂဆိုင်ရာ လီချင်စတိန်းသံတမန်အဖွဲ့ ဒုတိယအမြဲတမ်းကိုယ်စားလှယ် Georg Sparber က “ အာဆီယံဟာ ကုလသမဂ္ဂညီလာခံဆုံးဖြတ်ချက် မူကြမ်းထဲမှာ မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်း တင်သွင်းရောင်းချတာတွေ ရပ်တန့်ဖို့အပိုဒ်ကိုပြင်ဆင်ပယ်ဖျက်ပေးဖို့ စာပို့တောင်းဆိုခဲ့တယ်။ စာထဲမှာတော့ ဘာကြောင့်ပြင်ဆင်ပြောင်းလဲပေးရမလဲဆိုတဲ့အကြောင်း ပြချက်မပါဝင်ဘူး။ ကုလသမဂ္ဂထံ ပေးပို့တဲ့စာဟာအာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံကပေးပို့တာမျိုးမဟုတ်ဘဲအခြားအဖွဲ့ဝင်ကိုးနိုင်ငံကပေးပို့တာဖြစ်ပါတယ်”ဟု ပြောသည်။ လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း အဆိုပါတောင်းဆိုချက်ကို တင်ပြခဲ့သည့် အာဆီယံအဖွဲ့ကြီးကို ပြစ်တင်ရှုတ်ချထားသည်။
ကုလသမဂ္ဂညီလာခံတွင် မြန်မာနိုင်အပေါ်စစ်လက်နက်ပစ္စည်းတင်ပို့ခြင်း ချက်ချင်းဆိုင်းငံ့ရန် တောင်း ဆိုချက်ကို အဖွဲ့ဝင်၄၈နိုင်ငံက ထောက်ခံခဲ့ကြောင်းသိရသည်။
မြန်မာအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဆုံးဖြတ်ချက်မူကြမ်းရေးဆွဲသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏အဆင့်မြင့်အရာရှိတစ်ဦးက “အာဆီယံအဖွဲ့ကြီးဟာ မြန်မာအရေးကို ဖြေရှင်းရာမှာဦးဆောင်အခန်းကဏ္ဍကပါဝင်ရမယ်လို့ယုံကြည်ထားတဲ့အတွက် မြန်မာနိုင်ငံကို စစ်လက် နက်ပစ္စည်းတင်ပို့ရောင်းချတာဆိုင်းငံ့ဖို့ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ပြင်ဆင်ပေးဖို့ဆန္ဒရှိနေခဲ့တယ်” ဟုပြောသည်။
အာဆီယံအဖွဲ့ကြီးသည် မြန်မာနိုင်ငံတွင် ဖြစ်နေသည့်အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဘုံသဘောတူ ညီချက်ငါးချက်ရရှိခဲ့ပြီး အဆိုပါအချက်အတွင်း မြန်မာနိုင်ငံထံ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ် စေလွှတ်ရေး အချက်ပါဝင်သည်။