အီရန်စစ်ပွဲက ဗီယက်နမ်စစ်ပွဲလိုမျိုးဖြစ်လာမည်ကို စိုးရိမ်ကြောက်ရွှံ့မှုမရှိဟု အမေရိကန်သမ္မတ ပြော

200

ဂျန်ဇက် (NP News) - မတ် ၁၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအတွင်း မြေပြင်စစ်ဆင်ရေးများပြုလုပ်လာပါက အမေရိကန်တို့ အနေဖြင့် နောက်ထပ် "ဗီယက်နမ်စစ်ပွဲ" သံသရာထဲ ကျွံဝင်သွားနိုင်သည်ဆိုသောသတိပေးချက်များအပေါ် ၎င်းအနေဖြင့် "မည်သည့်အရာကိုမျှ မကြောက်ရွံ့ကြောင်း"တုံ့ပြန်ပြောကြားလိုက်သည်။
မတ်လ (၁၇) ရက်က အိမ်ဖြူတော်ရုံးခန်းမှာ အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ်မာတင်နှင့်တွေ့ဆုံစဉ် သတင်းထောက်များ၏ အမေးကို သမ္မတထရမ့်က ယင်းကဲ့သို့ တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။ အီရန်မြေပြင်ပေါ်သို့ အမေရိကန်တပ်များ စေလွှတ်ရန် စဉ်းစားနေမှုနှင့်ပတ်သက်ပြီး အီရန်အစိုးရဘက်က "ဗီယက်နမ်စစ်ပွဲလို အခြေအနေမျိုး ကြုံရလိမ့်မည်" ဟု သတိပေးထားမှုအပေါ် စိုးရိမ်သလားဆိုသည့်မေးခွန်းကို အမေရိကန်သမ္မတက တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတထရမ့်က "ကျုပ် အဲဒါကို တကယ်မကြောက်ပါဘူး။ ဗီယက်နမ်စစ်ပွဲလိုမျိုးဖြစ်လာမှာကို ကျုပ် ဘာကိုမှ မကြောက်ဘူး" ဟု ပြောခဲ့သည်။
အမေရိကန်နှင့်အစ္စရေးတို့ပူးပေါင်းဆင်နွှဲနေသည့် အီရန်စစ်ပွဲသည် တတိယမြောက် သီတင်းပတ်ထဲသို့ ရောက်ရှိ လာပြီဖြစ်ရာ အမေရိကန်စစ်တပ်၏ စစ်ဆင်ရေးများကြောင့် အီရန်၏ လေတပ်နှင့် ရေတပ်စွမ်းရည်များ လုံးဝနီးပါး ပျက်စီးသွားပြီဖြစ်ကြောင်း သမ္မတထရမ့်က ဆိုသည်။
အမေရိကန်သမ္မတက "အခုချက်ချင်း ကျွန်တော်တို့ ထွက်သွားရင်တောင် ပျက်စီးသွားတာတွေကို ပြန်တည် ဆောက်ဖို့ အီရန်အနေနဲ့ (၁၀) နှစ်လောက် အချိန်ယူရလိမ့်မယ်။ လက်ရှိမှာ တပ်တွေဖြန့်ကြတ်ချထားဖို့ အဆင်သင့် မဖြစ်သေးပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ တပ်တွေ ထွက်ခွာမယ်" ဟု ပြောသည်။
ထို့ပြင် အမေရိကန်သမ္မတသည် အီရန်စစ်ပွဲနှင့်ပတ်သက်ပြီး နေတိုးအုပ်စုကို မလိုအပ်ကြောင်းနှင့် နေတိုး မဟာမိတ်များ၏ လုပ်ရပ်မှာ မိုက်မဲသောအမှားဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

Zawgyi Version;
အီရန္စစ္ပြဲက ဗီယက္နမ္စစ္ပြဲလိုမ်ိဳးျဖစ္လာမည္ကို စိုးရိမ္ေၾကာက္႐ႊံ႕မႈမရွိဟု အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁၈
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အီရန္ႏိုင္ငံအတြင္း ေျမျပင္စစ္ဆင္ေရးမ်ားျပဳလုပ္လာပါက အေမရိကန္တို႔ အေနျဖင့္ ေနာက္ထပ္ "ဗီယက္နမ္စစ္ပြဲ" သံသရာထဲ ကြၽံဝင္သြားႏိုင္သည္ဆိုေသာသတိေပးခ်က္မ်ားအေပၚ ၎အေနျဖင့္ "မည္သည့္အရာကိုမွ် မေၾကာက္႐ြံ႕ေၾကာင္း"တုံ႔ျပန္ေျပာၾကားလိုက္သည္။
မတ္လ (၁၇) ရက္က အိမ္ျဖဴေတာ္႐ုံးခန္းမွာ အိုင္ယာလန္ဝန္ႀကီးခ်ဳပ္ မိုက္ကယ္မာတင္ႏွင့္ေတြ႕ဆုံစဥ္ သတင္းေထာက္မ်ား၏ အေမးကို သမၼတထရမ့္က ယင္းကဲ့သို႔ တုံ႔ျပန္ေျဖၾကားခဲ့ျခင္းျဖစ္သည္။ အီရန္ေျမျပင္ေပၚသို႔ အေမရိကန္တပ္မ်ား ေစလႊတ္ရန္ စဥ္းစားေနမႈႏွင့္ပတ္သက္ၿပီး အီရန္အစိုးရဘက္က "ဗီယက္နမ္စစ္ပြဲလို အေျခအေနမ်ိဳး ႀကဳံရလိမ့္မည္" ဟု သတိေပးထားမႈအေပၚ စိုးရိမ္သလားဆိုသည့္ေမးခြန္းကို အေမရိကန္သမၼတက တုံ႔ျပန္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အေမရိကန္သမၼတထရမ့္က "က်ဳပ္ အဲဒါကို တကယ္မေၾကာက္ပါဘူး။ ဗီယက္နမ္စစ္ပြဲလိုမ်ိဳးျဖစ္လာမွာကို က်ဳပ္ ဘာကိုမွ မေၾကာက္ဘူး" ဟု ေျပာခဲ့သည္။
အေမရိကန္ႏွင့္အစၥေရးတို႔ပူးေပါင္းဆင္ႏႊဲေနသည့္ အီရန္စစ္ပြဲသည္ တတိယေျမာက္ သီတင္းပတ္ထဲသို႔ ေရာက္ရွိ လာၿပီျဖစ္ရာ အေမရိကန္စစ္တပ္၏ စစ္ဆင္ေရးမ်ားေၾကာင့္ အီရန္၏ ေလတပ္ႏွင့္ ေရတပ္စြမ္းရည္မ်ား လုံးဝနီးပါး ပ်က္စီးသြားၿပီျဖစ္ေၾကာင္း သမၼတထရမ့္က ဆိုသည္။
အေမရိကန္သမၼတက "အခုခ်က္ခ်င္း ကြၽန္ေတာ္တို႔ ထြက္သြားရင္ေတာင္ ပ်က္စီးသြားတာေတြကို ျပန္တည္ ေဆာက္ဖို႔ အီရန္အေနနဲ႔ (၁၀) ႏွစ္ေလာက္ အခ်ိန္ယူရလိမ့္မယ္။ လက္ရွိမွာ တပ္ေတြျဖန႔္ၾကတ္ခ်ထားဖို႔ အဆင္သင့္ မျဖစ္ေသးေပမယ့္ မေဝးေတာ့တဲ့ အနာဂတ္မွာ တပ္ေတြ ထြက္ခြာမယ္" ဟု ေျပာသည္။
ထို႔ျပင္ အေမရိကန္သမၼတသည္ အီရန္စစ္ပြဲႏွင့္ပတ္သက္ၿပီး ေနတိုးအုပ္စုကို မလိုအပ္ေၾကာင္းႏွင့္ ေနတိုး မဟာမိတ္မ်ား၏ လုပ္ရပ္မွာ မိုက္မဲေသာအမွားျဖစ္ေၾကာင္း ေဝဖန္ခဲ့သည္။