သာကေတနှင့် သုဝဏ္ဏတို့တွင် စစ်ကောင်စီ၏ တပ်သားများတိုက်ခိုက်ခံရသည်ကို စစ်ကောင်စီ အတည်ပြု သေဆုံးသူမရှိခဲ့ဟုဆို

 491

ဇွဲပြည့် (NPNews) မေ ၃၁

သာကေတနှင့် သုဝဏ္ဏတို့တွင် စစ်ကောင်စီ၏ တပ်သားများတိုက်ခိုက်ခံရသည်ကို စစ်ကောင်စီ သတင်းပြန်ကြားရေးဘက်က မေလ ၃၁ ရက်တွင် အတည်ပြုသည်။

မေလ ၂၈ ရက် ညပိုင်းက သာကေတ၊ ဇိနမာန်အောင် ဘုရားဝင်းအတွင်းတပ်စွဲထားသည့် တပ်သားများကို ဝင်ရောက်ပစ်ခတ်ခြင်းနှင့် မေလ ၂၂ ရက်တွင် အထက (သုဝဏ္ဏ) ကျောင်းတွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီ၏ တပ်သားများကို ကားဖြင့်လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သာကေတ၊ ဇိနမာန်အောင် ဘုရားဝင်းထဲသို့ ဆူပူသူများသည် မီးရှူးမီးပန်း၊ ဗျောက်အိုးပုံစံ၊ လက်လုပ်သေနတ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲပုံစံဖြစ်ပွားခဲ့ခြင်းမဟုတ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း၊ အထက (သုဝဏ္ဏ) ကျောင်းဖြစ်စဉ်တွင် ကားဖြင့်လာရောက်ပစ်သွား ခြင်းမှာ မှန်ကန်ကြောင်း၊ အနည်းငယ်ထိခိုက်ဒဏ်ရာ ရရှိသူရှိကြောင်း၊ အထက်ပါဖြစ်စဉ်များကြောင့် သေဆုံးသူမရှိကြောင်း အကြမ်းဖက်လုပ်ဆောင်နေသူများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပြီး ထိရောက် ပြင်းထန်စွာအရေးယူသွားမည်ဟု စစ်ကောင်စီဘက်ကပြောသည်။

အထက (သုဝဏ္ဏ) ကျောင်းပစ်ခတ်မှုတွင် ကင်းစောင့်နေသည့်စစ်သားတစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကာ ဇိနမာန်အောင် ဘုရားဝင်းအတွင်းတပ်စွဲထားသည့် တပ်သားများကို ဝင်ရောက်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြထားသည်။

Related news

© 2021. All rights reserved.