စစ်တပ်ကဖွဲ့စည်းထားသည့် တရားရုံးတွင် တရားမျှတမှု ရှာနေစရာမလို ကြောင်း ဦးမင်းကိုနိုင်ပြော

 659

ကောင်းမြတ်ရာ (NPNews) ဇွန် ၁

စစ်တပ်ကဖွဲ့စည်းထားသည့် တရားရုံးတွင် တရားမျှတမှု ရှာနေစရာမလိုကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်က ဇွန်လ ၁ ရက်တွင် သရုပ်ဆောင်ဒေါင်းနှင့် ဆွေးနွေးသည့် “ရင်ဖွင့် နားစွင့် ပန်းတိုင်ဆီ ရက်လွှင့်ကြမယ်” အမည်ရှိ အစီအစဉ်တွင် ပြောသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် တရားရုံးတွင် ရုံးထုတ်စစ်ဆေးသည့် အပေါ်တွင် ပြောကြားခြင်းလည်းဖြစ်သည်။

“ ခံစားရတဲ့အရာနဲ့ ကြည့်ရင်တော့ခံစားရမှာပေါ။ တော်လှန်ရေးလုပ်တယ်ဆိုတာ ခံစားချက်နဲ့ လုပ်ရတာ မဟုတ်ပဲ ခံယူချက်နဲ့လုပ်ရတာဖြစ်တယ်။ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံဆိုတာ လွယ်လွယ်ကူကူနဲ့ ဖမ်းချင်တိုင်းဖမ်းခွင့်ရှိတဲ့သူတွေမဟုတ်ဘူးလေ။ လွှတ်တော်ရဲ့ ခွင့်ပြုချက်ယူရတယ်။ လွှတ်တော်က ခွင့်ပြုမှ သာလျင်ဖမ်းရမှာ။ တရားရုံးဆိုတာ တရားမျှတမှုကို ရှာရမယ့်နေရာ။ တရားမျှတမှုကိုရှာမယ်ဆိုရင် တရားရုံးကရော ဘယ်သူကဖွဲ့စည်းထားတဲ့ တရားရုံးလဲ။ အာဏာကို မတရားသဖြင့် သိမ်းထားတဲ့သူတွေ တရားရုံးမှာ ဘာတရားမျှတမှု ရှာနေစရာလိုလဲ။ ဒါကြောင့်မို့လို့ အမှုသွားအမှုလာကို လိုက်စရာမလိုဘူးလို့နားလည်တယ်။ မတရားမှုကိုသာအနိုင်ယူပြီး ခေါင်းဆောင်တွေ အပါအဝင်ရင်ဆိုင်ရမယ့်သူတွေကို ပြန်ပြီးတော့ ဆွဲထုတ်နိုင်ရမယ်။ အမှုအကြောင်းတွေ ပြောမယ်ဆိုရင် မတရားမှု စီးမျောနေတဲ့ အထဲကိုလိုက်ပါသွားသလိုခံစားနေရတယ်” ဟု ဦးမင်းကိုနိုင်ကပြောသည်။

စစ်တပ်ကဖွဲ့ပေးသည့် တရားရုံးဖြင့်တွေ့ဖူးကြောင်း၊ တရားသူကြီးကိုယ်တိုင်က မလွတ်လပ် ကြောင်း၊ စစ်တပ်ကဖွဲ့စည်းထားသည့် တရားရုံးတွင် မည်သည့်တရားသူကြီးကမှ ဒါတော့ မတရား သည့်အတွက် အမှုကို လက်မခံဘူးဟု မပြောရဲကြောင်း၊ ဥပဒေအရ ဖြစ်မနေပဲ အကြောက်တရားဖြင့် ဖြစ်နေကြောင်း၊ စီရင်ချက်ချမည့်နေ့တွင်လည်း တရားသူကြီးက သူတိုယ်က ဘယ်လိုဆုံးဖြတ်ရမည်ဆို သည်ကို ပြောခွင့်မရှိကြောင်း၊ သူက ပို့လာသည့် စာအိပ်ထဲမှ ပါသည့်စာကို ဖတ်ပြရခြင်းဖြစ်ကြောင်း ထို့အတွက် အဆိုပါကိစ္စများကို တရားပါတယ်ဆိုပြီး လိုက်ကြည့်မနေစေချင်ကြောင်း ယင်းကပြောသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး မေလ ၂၄ ရက်က ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီနယ်မြေက ခြံတစ်ခု ၏အိမ်ထဲတွင် တရားခွင်ပုံစံ အခန်းတစ်ခုပြုလုပ်၍ လူတွေ့ စစ်ဆေးပြီးသည့်နောက် တရားရုံးတွင် စစ်ဆေးနေသည့်ဓါတ်ပုံများကို နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့ပြီး အဆိုပါလုပ်ရပ်သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လူသားဂုဏ်သိက္ခာကို ထိပါးခြင်းဖြစ်သည့်အတွက် နိုင်ငံခေါင်းဆောင်များသာမက မည်သူတစ်ဦးတစ်ယောက်အပေါ်တွင်မှ မကျူးလွန်သင့်သော လုပ်ရပ်ဖြစ်ကြောင်း NUG ဘက်မှ ပြစ်တင်ရှုံချထားသည်။

Related news

© 2021. All rights reserved.