မင်းတပ်စစ်ဘေးရှောင်အများစုနေသည့် ရွာများကို စစ်ကောင်စီတပ်များက စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်နေ

 827

ဇွဲပြည့် (NPNews) ဇွန် ၆

မင်းတပ်မြို့နယ်၊ စစ်ဘေးရှောင်အများစုနေသော ရွာများရှိရာကို စစ်ကောင်စီ၏ တပ်များက အင်အားများအသုံးပြု၍ စစ်ကြောင်း ၃ ကြောင်းဖြင့် ယနေ့ နံနက်ပိုင်းက စတင်ကာ ထိုးစစ်ဆင်နေကြောင်း CDF မင်းတပ် ထံမှ သိရသည်။

ယနေ့ (ဇွန် ၆) ရက် နံနက် ၁၀ နာရီ ဝန်းကျင်မှစ၍ စစ်ကောင်စီ၏ တပ်များသည် စစ်ဘေးရှောင်များ ရှိရာသို့ ထိုးစစ် ဆင်လာခဲ့ခြင်းဖြစ်ပြီး မင်းတပ်မြို့ စိချဲ့ ရပ်ကွက်ဘက်မှ ဆင်းလာသော အင်အား ၈၀ ခန့်ရှိသည့် တပ်ကြောင်းသည် ရှက်ရွာဘက်ကို တက်လာပြီး ဒေသခံ CDF များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း နောက်ထပ် စစ်ကြောင်းမှာ မင်းတပ်မြို့ အရှေ့ဘက်ရှိ ဘောင်ထဲရွာသို့ ဆင်းလာ၍ ချောင်းဆုံမှတဆင့်တက်လာသည့် စစ်ကြောင်းသည် အင်အား ၉၀ ကျော်ပြီး လက်ရှိအချိန်တွင် CDF တပ်ဖွဲ့ဝင်များနှင့် ချောင်းဆုံအနီး တိုက်ပွဲဖြစ်ပွားလျက်ရှိသည် ဟု သတင်းထုတ်ပြန်ထားသည်။

ထို့အတူ CDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ရွှေအောင်သာရွာဘက်မှ ထိုးစစ်ဆင်လာသော အင်အား ၁၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်များနှင့် CDF တပ်များ ယခုအချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

အပြန်အလှန်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များသည် ရိက္ခာ ပြတ်လပ်မှု ကြုံနေရပြီး လတ်တလောအခြေအနေတွင် စစ်ဘေးရှောင်များအတွက် ရိက္ခာအပြင် မိုးကာ တာလပတ်များလည်း လိုအပ်မှုရှိနေသည်ဟု သိရသည်။

စစ်ကောင်စီ၏ တပ်များသည် လက်နက်ကြီးများကို တောက်လျှောက်အသုံးပြုလာပြီး ယနေ့ နံနက် ရှက်ရွာတိုက်ပွဲမှ ဒဏ်ရာရလာသူတစ်ဦးသည် ဓာတုလက်နက်များရှုရှိုက်မိ၍ မူးဝေသတိ လစ်ခြင်း၊ အော့အန်ခြင်း၊ ရုတ်ချည်းအားပြတ်ခြင်း စသည့် အဆိပ်သင့် လက္ခဏာများ ခံစားရသည်ဟု သတင်းထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

Related news

© 2021. All rights reserved.