မလေးရှားနယ်စပ်ကိုဖြတ်ကျော်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး
959
ဂျန်ဇက်(NP News) - ဇွန် ၁ဝ
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် မလေးရှားနယ်စပ်ဒေသကို ဖြတ်ကျော်ရန်ကြိုးပမ်းသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားလေးဦး နှင့် ၎င်းတို့၏လမ်းပြမြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း Sadao ဒေသတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
လမ်းပြဖြစ်သည့် အသက် ၃၄နှစ်အရွယ်ရှိ MongFiewသည် လိုအပ်သည့်ပစ္စည်းများဝယ်ယူရန် Sadao ဒေသရှိ စတိုးဆိုင်ရှေ့ကိုရောက်ရှိလာခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ၎င်းကို ဖမ်းဆီးပြီးနောက်တွင် ပုန်းအောင်နေသည့်မြန်မာရွှေ့ပြောင်းအလုပ်သမားလေးဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူမြန်မာရွှေ့ပြောင်းအလုပ်သမားလေးဦးအနက် သုံးဦးသည်အမျိုးသားများဖြစ်ပြီး ကျန်တစ်ဦးသည် အမျိုးသမီးဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးခံရသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲမှ နှစ်ဦးသည် နိုင်ငံကူးလက်မှတ်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် ဖမ်းဆီးခဲ့သူအားလုံးကို ကိုရိုနာဗိုင်းရပ်စ် Covid19 ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမေးမြန်းခဲ့ကြောင်းသိရသည်။ အဆိုပါမြန်မာရွှေ့ပြောင်းအလုပ်သမားလေးဦးသည် မလေးရှားနိုင်ငံတွင် အလုပ်သွားလုပ်ရန် ထိုင်းနယ်စပ်ဒေသ၌စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ချိန် ဖေဖော်ဝါရီလ၁ရက်နေ့ နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ ထိုင်းနယ်စပ်ဒေသကို ဖြတ် သန်းရန်ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံသားများဖမ်းဆီးခံရမှုမြင့်တက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်သန်းရန် ကြိုးပမ်းသူမြန်မာနိုင်ငံသားအနည်းဆုံး ၅ဝဝဝ ထက်မနည်းဖမ်းဆီးခံထားရကြောင်းသိရသည်။
#NPNews