အတိုက်အခံခေါင်းဆောင်၏ အဖွဲ့အစည်းကို အစွန်းရောက်အဖွဲ့အဖြစ် ရုရှားကသတ်မှတ်

806

ဝတီ (NP News) - ဇွန် ၁၁
အတိုက်အခံနိုင်ငံရေးခေါင်းဆောင်ဦးစီးသည့် နိုင်ငံရေးအဖွဲ့အစည်းများကို မော်စကိုတရားရုံးတစ်ခုက အစွန်း ရောက်အဖွဲ့အဖြစ် သတ်မှတ်လိုက်သဖြင့် ယင်းအဖွဲ့အစည်းများ ဆက်လက်လည်ပတ်ခွင့်ရမည်မဟုတ်တော့ဘဲ ယင်းမှဝန်ထမ်းများသည်လည်း ရာဇဝတ်မှုစွဲချက်များဖြင့် စွဲချက်တင်ခံရနိုင်ခြေရှိကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။
အဆိုပါအဖွဲ့များသည် ထိပ်ပိုင်းအစိုးရဝန်ထမ်းများအပေါ် လူထုအမုန်းပွားလာစေပြီး ရန်သူဟုထင်မြင်လာနိုင်သည့် သတင်းအချက်အလက်များကို လိုက်ဖြန့်နေရုံသာမက အစွန်းရောက်လုပ်ရပ်များလည်း လုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု အစိုးရရှေ့နေအဖွဲ့မှပြောရေးဆိုခွင့်ရှိသူက တရားရုံးအပြင်ဘက်တွင် ပြောကြားခဲ့သည်။
အသက် ၄၅ နှစ်အရွယ် အတိုက်အခံခေါင်းဆောင် အယ်လက်စီနဗယ်လ်နီကို ရုရှားအစိုးရက ထောင်ချထားပြီး ၎င်း၏ဒေသဆိုင်ရာကွန်ရက်ရုံးများနှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းကို ချက်ချင်းပိတ်ခိုင်းလိုက်ပြီဖြစ်သည်။ ထိပ်တန်းအစိုးရဝန်ထမ်းနိုင်ငံရေးသမားများ အဂတိလိုက်စားထားခြင်း ရှိ၊ မရှိကို ၎င်း၏ဖောင်ဒေးရှင်းအဖွဲ့က စုံစမ်းစစ်ဆေးကာ စုံစမ်းသိရှိရသည့်အချက်များကိုလူထုအား တင်ပြလေ့ရှိသည်။ ထို့ကြောင့်လည်း လူထုက အစိုးရထိပ်တန်းအရာရှိနိုင်ငံရေးသမားများကို မကျေမနပ်ဖြစ်ကာ လမ်းပေါ်ထွက်ပြီး တစ်ခဲနက်ဆန္ဒပြကြခြင်းဖြစ်သည်။ စက်တင်ဘာလ ပါလီမန်ရွေးကောက်ပွဲ မတိုင်မီတွင်ပင် တရားရုံး၏ အဆိုပါဆုံးဖြတ်ချက်ထွက်လာခြင်းဖြစ်ပြီး ယင်းရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ အခြေအနေ ကောင်းနိုင်ချေနည်းလှသည်။
ပူတင်ကို တစိုက်မတ်မတ်ဝေဖန်ပြောဆိုလေ့ရှိသူ နဗယ်လ်နီသည် ပြီးခဲ့သည့် နွေရာသီတွင်အဆိပ်ခတ်ခံရသဖြင့် သေလုမျောပါးဖြစ်သွားခဲ့သည်။ ယင်းအဆိပ်ခတ်မှုကို ရုရှားအစိုးရအဖွဲ့ကလုပ်သည်ဟူသော စွပ်စွဲချက်များရှိသော် လည်း ရုရှားအစိုးရက ယင်းစွပ်စွဲချက်ကို ငြင်းဆိုထားသည်။
#NPNews