အိန္ဒိယတွင် ခြင်္သေ့တစ်ကောင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကာသေဆုံးပြီးနောက် ဆင်များကိုလည်း ဗိုင်းရပ်စ်စစ်ဆေးမှုများပြုလုပ်လာ

 782

ရောင်နီ (NP News) - ဇွန် ၁၁

အိန္ဒိယတွင် အသက် ၉နှစ်အရွယ် ရှားပါးအာရှခြင်္သေ့တစ်ကောင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဇွန်လအစောပိုင်းကသေဆုံးခဲ့ပြီးနောက် နိုင်ငံတောင်ပိုင်းရှိ သစ်တောကြိုးဝိုင်းတစ်ခုမှ ဆင် ၂၈ ကောင် ကိုလည်း ဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးခဲ့ကြောင်း အာဏာပိုင်များကပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပထမဆုံးသေဆုံးခဲ့သည့် တိရိစ္ဆာန်ဖြစ်ကြောင်းယူဆသည်ဟု အိန္ဒိယ နိုင်ငံ၊ Tamil Nadu ပြည်နယ်ရှိ Vandalur တိရိစ္ဆာန်ရုံမှပြောသည်။ ယင်းတိရိစ္ဆာန်ရုံမှ ခြင်္သေ့ ၉ ကောင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ၎င်းတို့ထဲမှ ၂ ကောင်သည် အခြေအနေပြင်းထန်ခဲ့ကာ ၁ ကောင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Vandalur တိရိစ္ဆာန်ရုံရှိ ခြင်္သေ့များကို ဗိုင်းရပ်စ်စမ်းသပ်တွေ့ရှိခဲ့ပြီးနောက် ဆင်များကိုလည်း ကြိုတင် ကွယ်ထားနိုင်ရန်အတွက် ဗိုင်းရပ်စ်စစ်ဆေးရန် တောင်းဆိုခဲ့ကြောင်း Tamil Nadu တောင်ပိုင်းရှိ Mudumalai ကျားဘေးမဲ့တောမှ အရာရှိတစ်ဦးက ပြောသည်။

ဆင် ၂၈ ကောင်၏ နှာခေါင်းနှင့်စအိုမှ နမူနာများကို ဇွန်လ ၈ရက်ကရယူခဲ့ပြီး နိုင်ငံမြောက်ပိုင်းပြည်နယ် Uttar Pradeshရှိ အိန္ဒိယဆေးဘက်ဆိုင်ရာ သုတေသနဌာနကို ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ဗိုင်း ရပ်စ်စစ်ဆေးမှုအဖြေများကို လာမည့်အပတ်တွင်ရရှိမည်ဖြစ်ပြီး ယင်းဆင်များတွင် ဗိုင်းရပ်စ်ကူးစက်မှု လက္ခဏာမရှိသော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် စမ်းသပ်စစ်ဆေးခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် Jharkhand ပြည်နယ်အရှေ့ပိုင်းပြည်နယ်တွင် အသက် ၁ဝ နှစ်အရွယ် ကျားတစ်ကောင်အဖျား ရောဂါကြောင့် သေဆုံးခဲ့ပြီးနောက် ယင်းတိရိစ္ဆာန်ရုံရှိ ကျား ၂၁ ကောင်ကို ဗိုင်းရပ်စ်စစ်ဆေးစမ်းသပ်မှု များပြုလုပ်ခဲ့ရာ ကျားများအားလုံး စမ်းသပ်မှုအဖြေ Negative ထွက်ရှိခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာ များတွင်ဖော်ပြထားသည်။
#NPNews

Related news

© 2021. All rights reserved.