မြန်မာစစ်သွေးကြွငါးဦးကို အိန္ဒိယက နယ်စပ်ရွာတစ်ရွာမှာ လက်နက်များနဲ့အတူ ဖမ်းဆီး

905

မိုးတိမ် (NP News) - ဇွန် ၁၃
မြန်မာနိုင်ငံဘက်ကနေ ရောက်လာတဲ့ စစ်သွေးကြွငါးဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားလိုက်နိုင်တယ်လို့ အိန္ဒိယသတင်းမီဒီယာတွေက ရေးသားဖော်ပြလာပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသ လောင်လဲ့ခရိုင်မှာရှိတဲ့ ကာကစ်ဟွာရွာမှာ မြန်မာစစ်သွေးကြွငါးဦးကို လက်နက်ပစ္စည်းမျိုးစုံနဲ့ ဇွန်လ(၁၁)ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အာသံရိုင်ဖယ်တပ်နဲ့မီဇိုရမ်အခြေစိုက်ရဲတပ်ဖွဲ့တို့က နယ်မြေအတွင်းလုံခြုံရေးလုပ်ငန်းများလုပ်ဆောင်နေစဉ်အတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ ကြိုးစားနေတဲ့သူတွေ ရှိထားကြောင်း သတင်းမျိုးစုံကြောင့် အိန္ဒိယဘက်ကလည်း ပိုင်နက်နယ်မြေအတွင်း အကြမ်းဖက်လက်နက်ကိုင်တွေ လှုပ်ရှားလာမှာစိုးရိမ်တဲ့အတွက် နယ်မြေလုံခြုံရေးကို တင်းကြပ်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ဇွန်လ(၁၂)ရက်မှာ မီဒီယာတွေကို ပြောပါတယ်။ လောင်လဲ့ခရိုင်ဟာ မြန်မာနိုင်ငံက ချင်းပြည်နယ်နဲ့ နယ်စပ်ဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းရင် နာရီပိုင်းအတွင်း ရောက်နိုင်တဲ့ဒေသမျိုးလည်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဘက်က အသိပေးချက်အရ ဖမ်းဆီးရမိထားသူတွေဟာ ALA(Arakan Liberation Army)က အရာရှိနဲ့ငယ်သားတွေ ဖြစ်သလို အရာရှိဆီမှာ (၉)မီလီမီတာပစ္စတိုတစ်လက်နဲ့ဆက်စပ်ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ငါးဦးနဲ့လက်နက်ပစ္စည်းတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းပြီး အမှုရေးဖွင့်ကာ တရားရုံးဆီ ပို့ဆောင်ထားတယ်လို့ သိရသလို မြန်မာဘက်ခြမ်းက တာဝန်ရှိသူတွေဆီကို ဆက်သွယ်အကြောင်းကြားတာမျိုး လုပ်ဆောင်မလားဆိုတာက သေချာမသိရသေးဘူးလို့လည်း ဖော်ပြထားပါတယ်။