ကျန်းမာရေးအခြေအနေကောင်းလာပြီလို့ အဲရစ်ဆင်က ကမ္ဘာတစ်လွှားကို သတင်းစကားပါး

 627

မိုးတိမ် (NP News) - ဇွန် ၁၃
ကျန်းမာရေးပြန်လည်ကောင်းမွန်စပြုလာပြီလို့ ကွင်းတွင်းမှာလဲကျခဲ့တဲ့ ကမ္ဘာကျော်ဘောလုံးသမား အဲရစ်ဆင်က အသင်းဖော်တွေ၊ ပရိသတ်တွေနဲ့ ကမ္ဘာတစ်လွှားကို သတင်းစကားပါးလိုက်ပါတယ်။

ဇွန်လ(၁၂)ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒိန်းမတ်နဲ့ ဖင်လန်အသင်းတို့ရဲ့ပွဲမှာ ပါဝင်ကစားနေရင်းနဲ့ အဲရစ်ဆင်ဟာ ကွင်းထဲမှာ လဲကျသွားခဲ့ပြီး နှလုံးခုန်ရပ်မတန့် အဖြစ်အပျက်မျိုးဖြစ်ခဲ့ရတာပါ။ ဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာပဲ ယှဉ်ပြိုင်ကစားနေတဲ့ပွဲကို ခေတ္တရပ်ထားခဲ့သလို ကွင်းအတွင်းမှာ ကြည့်ရှုနေတဲ့ပရိသတ်တွေရော ကမ္ဘာတစ်လွှားက ကြည့်နေတဲ့ပရိသတ်တွေကပါ အဲရစ်ဆင်ကို အမြန်ဆုံးပြန်ထလာစေဖို့ ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။ အဲရစ်ဆင်ဟာ ဒိန်းမတ်အသင်းအတွက် အားကြိုးမာန်တက်ကစားပေးခဲ့ရင်းနဲ့ မတော်တဆမှုဖြစ်ပြီးတဲ့နောက် နာရီပိုင်းမှာပဲ ပြန်လည်အသက်ရှုလာခဲ့တဲ့အတွက် ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရတာလည်း ဖြစ်ပါတယ်။ “ ဒီမနက်မှာပဲ ခရစ္စတီယန်နဲ့ ကျွန်တော်တို့ ဆေးရုံမှာ စကားပြောဖြစ်ခဲ့ပါတယ်။ သူ့အခြေအနေက အကောင်းဘက်ကို ပြန်ရောက်လာပါပြီဆိုတဲ့ သတင်းစကားမျိုး ပါးလိုက်ပါတယ် ” ဟု ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က တွစ်တာကနေတစ်ဆင့် အဲရစ်ဆင်ရဲ့သတင်းစကားကို ကမ္ဘာတစ်လွှားဆီ ဖြန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရုံမှာပဲ ဆက်လက်ထားရှိပြီး အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ကို ဆက်လက်ဆောင်ရွက်မယ်လို့လည်း အဖွဲ့ချုပ်ဘက်က ပြောပါတယ်။ အဲရစ်ဆင်ဟာ အသက်(၂၉)နှစ်အရွယ် ရှိပြီဖြစ်ပြီး စပါးအသင်းမှာ ကစားခဲ့သလို လက်ရှိအင်တာမီလန်အသင်းမှာ ကစားနေတဲ့ ထိပ်တန်းကွင်းလယ်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒိန်းမတ်နဲ့ ဖင်လန်တို့ရဲ့ပွဲမှာ ဖင်လန်အသင်းက တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပေမယ့် အဲရစ်ဆင်ကို တန်ဖိုးထားတဲ့အနေနဲ့ ဖင်လန်အသင်းဘက်က လုံးဝအောင်ပွဲမခံခဲ့ပါဘူး။

အလားတူပဲ အင်တာမီလန်အသင်းဖော်လည်း ဖြစ်တဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက ရုရှားအသင်းကို သွင်းဂိုးနှစ်ဂိုးသွင်းခဲ့ချိန်မှာ ဒီသွင်းဂိုးတွေကို အဲရစ်ဆင်အတွက် ရည်ညွှန်းတယ်လို့ ဂုဏ်ပြုခဲ့ပါတယ်။ အဲရစ်ဆင်ရဲ့အဖြစ်အပျက်ကို ကမ္ဘာတစ်လွှားက ပရိသတ်တွေက စိတ်မကောင်းဖြစ်စွာနဲ့ အသားအရောင်၊ လူမျိုးဘာသာ မခွဲခြားဘဲ တူညီစွာ ဆုတောင်းမှုတွေ လုပ်ပေးခဲ့ကြပါတယ်။

Related news

© 2021. All rights reserved.