စင်ကာပူတွင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူ ၃.၇ သန်းတွင် ပြင်းထန်သည့် ကာကွယ်ဆေး တုံ့ပြန်မှု ခံစားရသူ ၁၅၇ ဦးရှိနေ

 374

ရောင်နီ (NP News) - ဇွန် ၁၄

စင်ကာပူတွင် Covid-19 ကာကွယ်ဆေး ထိုးနှံပြီးနောက် သံသယဖြစ်ဖွယ် တုံ့ပြန်မှုများ ပေါ်ပေါက် လာသူ ၁၅၇ ဦးရှိနေပြီး ၎င်းတို့သည် အသက်အန္တရာယ် ထိခိုက်နိုင်ခြင်းကြောင့် ဆေးရုံတက်နေ ရကာ အခြေအနေ ပြင်းထန်နေကြောင်းသိရသည်။သို့သော်ယင်းတုံ့ပြန်မှုကြောင့် သေဆုံးမှု ဖြစ်စဉ် မရှိသေးကြောင်း ကျန်းမာရေး သိပ္ပံဌာန (Health Sciences Authority )မှ ပြောသည်။

Pfizer-BioNTech နှင့် Moderna jab ကာကွယ်ဆေးများကို မေလ ၂၃ ရက်နေ့ထိ ထိုးနှံပြီးစီးခဲ့ပြီး နောက် ပြင်းထန်သည့် တုံ့ပြန်မှုများ ပေါ်ပေါက်လာသူများသည် ကာကွယ်ဆေး ထိုးပြီးသူ ၃.၇ သန်း၏ ဝ.၀၀၄ ရာခိုင်နှုန်းအထိရှိ ကြောင်းသိရသည်။ ပြင်းထန်သည့် ဓာတ်မတည့်မှုများဖြစ်စေသည့် anaphylaxis ကို ယင်းကာကွယ်ဆေး တုံ့ပြန်မှု အဖြစ်အပျက် ၂၆ ဦးတွင် တွေ့ရှိရပြီး ၎င်းသည် အခြားတုံ့ပြန်မှု ခံစားရသူများထက် အဆိုးရွားဆုံးဖြစ်သည်။

သို့သော် ၎င်းတို့အားလုံးသည် ဆေးကုသမှု ခံယူပြီးနောက် ပြန်လည် နာလန်ထူနိုင်ခဲ့ကြောင်း HSA မှပြောသည်။ Pfizer-BioNTech နှင့် Moderna ကာကွယ်ဆေး ထိုးနှံ့မှုတွင် ခန္ဓာကိုယ် တုန့်ပြန်မှုနှုန်းသည် လူအယောက် ၁၀၀၀၀၀ စီတွင် ဝ.၈၅ ရာခိုင်နှုန်းရှိပြီး ယင်းပမာဏသည် အခြားနိုင်ငံများတွင် ဝ.၅ မှ ၂ ရာခိုင်နှုန်းထိ ရှိနေခြင်းနှင့်ဆင်တူကြောင်းHSA က ပြောသည်။

အခြားပြင်းထန်သည့် တုံ့ပြန်မှုအရေအတွက် ၂၃ ဦးရှိပြီး ၎င်းတို့သည် အသက်ရှူကျပ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ချိန်တိုးခြင်း၊ ရင်ဘက်အောင့်ခြင်းနဲ့ နာကျင်ခြင်း၊ မောခြင်း၊ ခြေလက် ထုံကျင်ခြင်း၊ အားနည်းခြင်း၊ အသည်းအင်ဇိုင်းများ တိုးလာခြင်း၊ အဆစ်အမြစ်များ နာကျင်ခြင်း၊ နားအူခြင်း စသည့်လက္ခဏာများ တွေ့ရှိရကြောင်းသိရသည်။

၎င်းတို့အားလုံး အခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ ဆိုးရွားသည့် ကာကွယ်ဆေး တုံ့ပြန်မှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း အာဏာပိုင်များကပြောသည်။ ကာကွယ်ဆေး ထိုးပြီးနောက် အများဆုံး တွေ့ရလေ့ရှိသည့် တုံ့ပြန်မှုများသည် အဖုအပိန့်များထွက်ခြင်း၊ မျက်ခွံ၊ မျက်နှာ ( သို့မဟုတ် ) နှုတ်ခမ်းသားများ ရောင်ရမ်းခြင်းများ ဖြစ်ပြီး ၇ ဦးတွင် ၁ ဦးခန့်သာ ယင်းလက္ခဏာများ တွေ့ရကြောင်းသိရသည်။ ၎င်းတို့သည် ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားလေ့ရှိပြီး တုံ့ပြန်မှုစုစုပေါင်း၏ ၆၈ ရာခိုင်နှုန်းသည် အသက် ၆၀ နှစ်အောက် များဖြစ် ကြောင်းသိရသည်။

HSA မှ ထောက်ပြချက်အရ Pfizer-BioNTech နှင့် Moderna ကာကွယ် ဆေးများ၏ စမ်းသပ်မှုတွင် အသက် ၆၀ နှစ်အောက် လူငယ်များသည် အသက်ကြီးသူ များနှင့် နှိုင်းယှဉ်ပါက ကာကွယ်ဆေးထိုးပြီးမကြာမီ ပိုမိုဆိုးရွားသည့် အကျိုးသက်ရောက်မှုများ ခံစားရလေ့ရှိ ကြောင်း၊ ယေဘုယျအားဖြင့် လူငယ်များသည် ပိုမိုတက်ကြွသည့် ကိုယ်ခံအား တုံ့ပြန်မှုများရှိခြင်းကြောင့် ကာကွယ်ဆေးများအပေါ် ဆိုးကျိုးသက်ရောက်နိုင်ပြီး ၎င်းသည် Covid-19 ရောဂါကူးစက်မှုကို ကာကွယ်ရန် ခန္ဓာကိုယ်၏သဘာဝအလျောက် တုန့်ပြန်မှု အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း HSA က ထောက်ပြခဲ့သည်။

ယင်းတုံ့ပြန်မှု ခံစားရသူ ၆၄ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြောင်းအာဏာပိုင်များက ပြောသည်။သို့သော်လည်း ယေဘုယျအားဖြင့် Pfizer-BioNTech နှင့် Moderna ကာကွယ်ဆေးများ၏အကျိုးကျေးဇူးများသည် Covid-19 ရောဂါနှင့် ပြင်းထန်သည့် အခြားရောဂါများ၏ အန္တရာယ်များကို သိသိသာသာ ဆက်လက်ကျော်လွှားနိုင်မည်ဖြစ်ကြောင်း HSA မှ ပြောသည်။

#NPNews

Related news

© 2021. All rights reserved.