အာဏာသိမ်းပြီး ၄ လ ကျော်အတွင်း ဌာနဆိုင်ရာရုံး/အဆောက်အဦး (၂၆၀)ကျော် နှင့် လူနေအိမ်/ အခြားပစ္စည်း (၁၀၀)ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နစက ထုတ်ပြန်

 496

ဟိန်း (NP News) ဇွန် ၁၄

အာဏာသိမ်းပြီး ၄ လ ကျော်အတွင်း မြို့နယ်အသီးသီးရှိ ဌာနဆိုင်ရာရုံး/အဆောက်အဦး (၂၆၀)ကျော် နှင့် လူနေအိမ် အပါအဝင် အခြားပစ္စည်း (၁၀၀)ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နစကသတင်းမှန်ပြန်ကြားရေး က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုထုတ်ပြန်ခဲ့သည့် စာရင်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှ ဇွန်လ ၁၀ နေ့အထိ ဖြစ်ပြီး ထုတ်ပြန်ချက်တွင် စာသင်ကျောင်းတိုက်ခိုက်ခံရမှုများ ပါဝင်ခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။

ယင်းကဲ့သို့ တိုက်ခိုက်ခံရမှုများအပေါ် နစကသတင်းမှန်ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် “ ပြည်တွင်းမှာ အကြမ်းဖက်မှု ကာကွယ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် တွေမှာ တာဝန်ရှိတယ်လို့ ခံယူပြီးသားဖြစ်တယ်။ ခံယူတဲ့အတိုင်းလုပ်နေပါတယ်။ သို့သော် ခြိမ်းခြောက်မှုတိုင်းကို ကြောက်ပြီးတော့ လိုက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ အလုပ်မဖြစ်နိုင်ဘူး။

တိုင်းပြည်ရဲ့အချိုးအရ လက်နက်ကိုင်တပ်ဖွဲ့အင်အားသည် လူဦးရေအချိုးထက် ၂ ရာခိုင်နှုန်းဆိုတာ အမြင့်ဆုံးပဲ၊ အဲ့တာကြောင့် ဒီလိုမျိုး တစ်ယောက်ချင်းအတွက် လိုက်လုပ်ပေးနိုင်ဖို့ဆိုတာ စဉ်းစားဖို့ ပြောချင်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပဲ တာဝန်ရှိတာမဟုတ်ဘူး၊ ဒီနေရာမှာတော့ ပြည်သူများပါဝင်မှ ရမယ်လို့ ပြောခြင်းပဲဖြစ်ပါတယ် ” ဟု ပြည်သူများ ပူးပေါင်းပါဝင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ် ၂ ခု၊ မြို့နယ် ၅ ခုတို့တွင် စက်ရုံ/အလုပ်ရုံ/စူပါမားကတ်များအား မီးရှို့ဖျက်ဆီး ခံရမှု ၂၁ ခု ရှိကြောင်းနှင့် လမ်း/တံတား ၃၂ ခု အပါအဝင် ရဲစခန်း/ရဲကင်း/ရုံး/အဆောက်အဦး စုစုပေါင်း (၁၉၄)ခု တွင်လည်း အကြမ်းဖက်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

#NPNews

Related news

© 2021. All rights reserved.