အိန္ဒိယတွင် နှစ်လအတွင်း နေ့စဉ်ကိုဗစ်ကူးစက်မှု အနိမ့်ဆုံးကို ကျဆင်းသွားသည်နှင့်အမျှ Covid-19 စည်းမျဉ်းစည်းကမ်းများကို လျှော့ပေါ့လာခဲ့

 373

ရောင်နီ ( NP News ) - ဇွန် ၁၅

အိန္ဒိယသည် ဒေလီမြို့တော်အပါအဝင် ပြည်နယ်တော်တော်များများကို ဇွန်လ ၁၄ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် ဆိုင်များနှင့်ကုန်တိုက်များအားလုံးကို ပြန်ဖွင့်ရန် ခွင့်ပြုခဲ့ကြောင်းသိရသည်။

နိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ အရေအတွက်သည် လူဦးရေသန်း ၉၅၀ တွင် ၅ ရာခိုင်နှုန်းခန့်သာရှိနေခြင်းကြောင့် ကျွမ်းကျင်သူများကအပြည့်အ၀ ပြန်လည်ဖွင့်လှစ်ခြင်းကို အားမပေးခဲပေ။ မေလက နေ့စဉ်ကူးစက်မှုနှုန်း ၄၀၀၀၀၀ ခန့်ရှိသော်လည်း ယခုအခါတွင် ၇၀၄၂၁ ဦးထိ ကျဆင်းသွားပြီး မတ်လ ၃၁ ရက်နေ့နောက်ပိုင်း အနိမ့်ဆုံး နေ့စဉ်ကူးစက်မှုနှုန်း ဖြစ်ကြောင်းကျန်းမာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် အမေရိကန် ပြည်ထောင်စုပြီးပါက Covid-19 ကူးစက်မှု ဒုတိယအများဆုံးဖြစ်ကာ လူပေါင်း ၂၉.၅၁ သန်း ပိုးကူးစက်ခံခဲ့ရပြီး ၃၇၄၃၀၅ ဦး သေဆုံးခဲ့ကြောင်းသိရသည်။ အရက်ဆိုင်များ၊ အားကစားရုံများ၊ အလှပြင်ဆိုင်များ၊ ရုပ်ရှင်ရုံများနှင့်ပန်းခြံများကိုပိတ်ထားဆဲဖြစ်သော်လည်း ဒေလီမှ အာဏာပိုင်များက ဆိုင်များနှင့်ကုန်တိုက်များအားလုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်းသိရသည်။

မြို့တော်ဝန်ကြီးချုပ် Arvind Kejriwal က "ယခုသီတင်းပတ်အတွင်း ဈေးကွက်နဲ့ စားသောက်ဆိုင်များမှာ ကိုဗစ်ကူးစက်မှု အခြေအနေကို ဂရုတစိုက်စောင့်ကြည့်ရမယ်။ coronavirus ရောဂါ ဖြစ်ပွားမှုတွေ များလာပြီဆိုရင် ကျွန်တော်တို့ တင်းကျပ်တဲ့ကန့်သတ်ချက်တွေကို ပြန်လည်ချမှတ်ရလိမ့်မယ်" ဟုပြောသည်။

ဒေလီရှိဆေးရုံများသည် ရောဂါကူးစက်မှုများ မြင့်တက်လာသည်နှင့်အမျှ လူနာများကို အောက်စီဂျင်များနှင့်ကုတင်များပေးနိုင်ရန် ပြီးခဲ့သည့်လက ရုန်းကန်ခဲ့ရသည်။ ယခုလအစောပိုင်းတွင် မြို့ရှိ စီးပွားရေးလုပ်ငန်းများကို ၀ န်ထမ်း ၅၀ ရာခိုင်နှုန်းထိ ပြန်လည်တိုးမြှင့် လုပ်ကိုင်ခွင့်ပြုပေးခဲ့ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကို ပြန်လည်စတင်ခဲ့သည်။

တောင်ပိုင်းပြည်နယ် တမီလ်နာဒူးတွင်လည်း စီးပွားရေးလုပ်ငန်းအချို့၊ အလှပြင်ဆိုင်များနှင့်အရက်ဆိုင်များကို ၅၀ ရာခိုင်နှုန်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဘတ်စ်ကားဝန်ဆောင်မှုကိုတစ်စိတ်တစ်ပိုင်း ပိတ်ထားဆဲ ဖြစ်ကြောင်းသိရသည်။ အိမ်နီးချင်း Karnataka ပြည်နယ်၏ အဓိကနည်းပညာအချက်အချာနေရာဖြစ်သည့် Bengaluru မြို့တွင်လည်း အာဏာပိုင်များက စီးပွားရေးလုပ်ငန်းများကို တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုခဲ့ကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.