G7 ထိပ်သီးအစည်းအဝေး၏ ကြေညာချက်သည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ဟု စစ်ကောင်စီဘက်ကပြန်လည်တုန့်ပြန်

 675

NP News - ဇွန် ၁၆
G7 ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ်မမှန်ကန်စွာဖော်ပြထားခြင်းသည် မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့်အတွက် စစ်ကောင်စီ၏လက်အောက်ခံဝန်ကြီးဌာနဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာကန့်ကွက်ကြောင်း ဇွန်လ ၁၅ရက်ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ဇွန်လ ၁၃ ရက်က ထုတ်ပြန်ခဲ့သည့် G7 ထိပ်သီးအစည်းအဝေးကြေညာချက်တွင် အတည်ပြု၍မရသော သတင်းအရင်းအမြစ်များမှ ထွက်ပေါ်လာသော ဘက်လိုက်မှုရှိသည့် သတင်းမှားများအပေါ်အခြေခံ၍ မြန်မာနိုင်ငံ၏ ပြည် တွင်းနိုင်ငံရေးကိစ္စရပ်အား ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်လွှဲပြောင်းရ ယူခြင်းကို အာဏာသိမ်းမှုအဖြစ် G7 ထိပ်သီးအစည်းအဝေးကြေညာချက်တွင် မှားယွင်းစွာဖော်ပြခဲ့ကြောင်း၊ ကုလ သမဂ္ဂပဋိညာဉ်စာတမ်းပါ အပိုဒ် (၂) အရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြားနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိစေရဟူသော အချက် ကို လိုက်နာရန်အရေးကြီးကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

NUG ၏ ဒုတိယသမ္မတ ဒူဝါလရှီလကလည်း G7 အစည်းအဝေးက ထွက်ပေါ် လာချက်များသည် အကျိုးရှိပြီး ပိုမိုထိရောက်မှုရှိရန်လိုအပ်ကြောင်း ဇွန်လ ၁၅ရက်က ကျင်းပသည့် အမျိုးသားညီ ညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၁ဝ/၂ဝ၂၁)တွင်ပြောသည်။

၄၇ကြိမ်မြောက် G7 ထိပ်သီးအစည်းအဝေးတွင် G7အဖွဲ့ခေါင်းဆောင်များက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အာ ဏာသိမ်းမှုနှင့် အရပ်သားများအပေါ်အကြမ်းဖက်ဖြိုခွင်းမှုများအပေါ် ပြစ်တင်ရှုတ်ချ လိုက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများ အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်ရရှိရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့သဘောတူညီထားသည့် အချက်ငါးချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း ၊ စစ်ကောင်စီကို အကျိုးဖြစ်စေမည့် ဖွံ့ဖြိုးတိုးတက်ရေး ကူညီထောက်ပံ့မှုနှင့် လက်နက်ရောင်းချခြင်းမျိုးလုပ်ဆောင်မည်မဟုတ်ကြောင်း၊ စစ်ကောင်စီနှင့်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ မလုပ်ဆောင်ရန် စီးပွားရေးလုပ်ငန်းရှင်များကို တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

#NPNews

Related news

© 2021. All rights reserved.