ဒေးဒရဲမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၈၉) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီး

 398

(NPNews) ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၈၉) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မှ ၆နာရီ အချိန်အထိ ဒေးဒရဲမြို့နယ် ဥတိုကျေးရွာအုပ်စု၊ (ချောင်းဝ)ကျေးရွာ၊ ကျိုက်လတ်ကလေးကျေးရွာ၊ ကျုံဒူးမြောက် ကျေးရွာနှင့် ရေကန်ချောင်ကျေးရွာအုပ်စု မြလေးရုံကျေးရွာတို့တွင် အိမ်ခြေ (၈၉) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း စုစုပေါင်းအဆောက်အဦ (၉၀) ထိခိုက် ပျက်စီးသွားခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရိစ္ဆာန်ထိခိုက်ပျက်စီးမှုမရှိခဲ့ဘဲ ပြိုကျအိမ်ခြေ (၃၆) အိမ်၊ ပျက်စီးခဲ့သည့် အိမ်ခြေ (၅၃) အိမ်နှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းတို့ရှိ နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့်အိမ်ထောင်စုဝင်များကို ဆွေမျိုးသားချင်းများ နေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ယာယီပြောင်းရွေ့နိုင်ရေး နေရာချထားပေးထားသည်ဟု သိရသည်။

လေဘေးသင့်အိမ်ထောင်စုဝင်များ ပျက်ဆီးဆုံးရှုံးမှုများအတွက် ဖျာပုံခရိုင် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့မှုများစီစဉ် ဆောင်ရွက်ပေးသွားမည်ဟုလည်း သိရသည်။

Photo - We Love Dedaye

Related news

© 2021. All rights reserved.