စစ်ဖြစ်ပွားနေသည့်အချိန်အတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရခြင်းက ပိုပြီးဆိုးရွားကြောင်း ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ပြော

 900

NP News- ဇွန် ၁၇
အမျိုးသမီးများအနေဖြင့် သာမန်အချိန်တွင် မုဒိမ်းမှုကျူးလွန်ခံရခြင်းထက် စစ်ဖြစ်ပွားနေသည့်အချိန်အတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရခြင်းသည် ပိုပြီးဆိုးရွားအခြေအနေတစ်ခုဖြစ်ကြောင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်က “စစ်ကောင်စီမှ ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာပြစ်မှုများ” ခေါင်းစဉ်ဖြင့် ဇွန်လ ၁၆ရက်ကပြုလုပ်သည့် ဆွေးနွေးပွဲစကားဝိုင်းတွင်ပြောသည်။

အဆိုပါလိင်ပိုင်းဆိုင်ရာကျူးလွန်မှုများသည် အကြောက်တရား၊လက်နက်နှင့် အာဏာအား အသုံးချကာ လိင်အကြမ်းဖက်မှုကျူးလွန်မှုများဖြစ်ကြောင်း၊ ကူရာကယ်ရာမဲ့သည့်အချိန်တွင် အခွင့်ကောင်းယူပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာတွင် အဆိုပါလုပ်ရပ်သည် စစ်ရာဇဝတ်မှုမြောက်ကြောင်း ဒုဝန်ကြီးက ပြောသည်။

သိသာထင်းရှားသည့် အမှုများအနေဖြင့် ကချင်ပြည်နယ်မှ စစ်ဘေးရှောင်ဒေသတွင် ကလေးငယ်များအားစာသင်ကြားပေးနေသည့် ဆရာမနှစ်ဦး မတရားမုဒိမ်းကျင့်သတ်ဖြတ်ခံရမှု၊ ရခိုင်ပြည်နယ်တွင် စစ်ဖြစ်ပွားနေခြင်းကို အခွင့် ကောင်းယူကာ ရခိုင်အမျိုးသမီးငယ်များကို မုဒိမ်းကျင့်ခြင်းအပါအဝင် အခြားစစ်ဖြစ်ခဲ့သည့် ကရင်ပြည်နယ်၊ ချင်းပြည် နယ်များတွင်လည်း အလားတူလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ မရေမတွတ်နိုင်အောင်ရှိခဲ့ကြောင်း ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ကပြောသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်များဖြစ်ပွားလျက်ရှိပြီး နိုင်ငံရေးပဋိပက္ခဖြစ်ပွားနေသည့် ဒေသများဖြစ်သည့် မင်းတပ်၊ ကယားပြည်နယ်အစရှိသည့် ဒေသများမှ အမျိုးသမီးများ၊ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊စော်ကား၊အနိုင်ကျင့်မှုများစွာရှိကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.