ကင်းမရွာမီးလောင်မှုကို ကင်းမရွာ PDF နှင့် ချင်းပြည်နယ်မှရောက်လာသည့် လက်နက်ကိုင်အဖွဲ့တို့က လုပ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီပြော

 849

NP News - ဇွန် ၁၈
ကင်းမရွာမီးလောင်မှုဖြစ်စေရန် ကင်းမရွာ PDF အဖွဲ့ဝင်များနှင့် ချင်းပြည်နယ်မှ ရောက်လာသည့် လက်နက်ကိုင် အဖွဲ့တို့က လုပ်ခြင်းဖြစ်သည်ကြောင်း စစ်ကောင်စီက ဇွန်လ ၁၇ရက်တွင် ထပ်မံထုတ်ပြန်လိုက်သည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ကင်းမကျေးရွာရှိ ရွာသူ၊ ရွာသားများသည် ဇွန်လ ၁ရက်နေ့က စစ်ကောင်စီနှင့် ကျေးရွာရှိ PDF အဖွဲ့တို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ရွာသူ၊ရွာသားအများစုသည် ကျေးရွာတွင် နေထိုင်ခြင်းမရှိတော့ဘဲ ပြောင်းရွှေ့နေထိုင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။ ထို့ကြောင့် ဇွန်လ ၁၅ ရက် ညနေပိုင်းမှစတင်၍ ညပိုင်းထိ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးငြှိမ်းသတ်ရန် ရွာသူ၊ ရွာသားများမရှိခြင်းကြောင့် မီးကူးစက်လောင်မှုဖြစ်ပွားခဲ့ကာ ရွာအတွင်း နေအိမ်တွင် ကျန်ရစ်နေခဲ့သော အသက်ကြီး အဖိုးအဖွား ၂ ဦးလည်း မီးလောင်ကာ သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ကင်းမကျေးရွာ PDF အဖွဲ့ဝင်တွေနဲ့ ချင်းပြည်နယ်ဘက်ကနေ ရောက်ရှိလာတဲ့ လက်နက်ကိုင်သောင်းကျန်းသူ တွေက အဲဒီကျေးရွာက USDP ပါတီဝင်ရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ရာကနေ ရွာထဲက နေအိမ်တွေကို မီးကူးစက်လောက်ကျွမ်းခဲ့တာဖြစ်ပါတယ်” ဟု စစ်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ကင်းမရွာ မီးလောင်မှုသည် PDF အဖွဲ့များ၏ လုပ်ရပ်ဖြစ်သည်ဟုဆိုသော်လည်း ပြည်တွင်းမီဒီယာအချို့၏ ဖော်ပြမှုများတွင် စစ်ကောင်စီအဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုနေကြသည်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာတွင် အိမ်ခြေ ၂၅ဝ ဝန်းကျင်ရှိပြီး လူဦးရေ ၁ဝဝဝ ကျော် နေထိုင်လျက်ရှိကာ မီးလောင်မှုဖြစ်စဉ်ကြောင့် အိမ်ခြေ ၁ဝဝ ခန့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.