ဆန် နှင့် ဆန်ကွဲကို မန္တလေး-ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်းမှ တရုတ်ပြည်သို့ တစ်ရက်လျှင် အိတ် ရေ ၂ဝဝဝဝခန့် တင်ပို့နေရဟုဆို

 781

ဖူးပြည့် (NP News)- ဇွန် ၁၈

ဆန်နှင့်ဆန်ကွဲကို တရုတ်ပြည်အတွင်း တင်ပို့ရာတွင် မူဆယ်(၁ဝ၅)မိုင်- ကျင့်စန်းကျော့ဂိတ်တစ်ခု တည်းကသာ သွားနေရသည့်အတွက် အချိန်ကြန့်ကြာမှုများရှိခဲ့ပြီး တစ်ရက်လျှင် ဆန်နှင့်ဆန်ကွဲအိတ် ရေ ၁၅ဝဝဝ ခန့်သာတင်ပို့ရကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းကပြောသည်။
ထို့ကြောင့် ဇွန်လဆန်းပိုင်းမှစတင်ပြီး ဆန်နှင့်ဆန်ကွဲကို မန္တလေး-ဗန်မော်-လွယ်ဂျယ်လမ်းမှတစ်ဆင့် တရုတ်ပြည်သို့တင်ပို့လျက်ရှိသည့်အတွက် တစ်ရက်လျှင် ဆန် နှင့် ဆန်ကွဲ အိတ်ရေ ၂ဝဝဝဝ ခန့်တင်ပို့ နေရကြောင်းသိရသည်။ အဆိုပါလမ်းပိုင်းကို ၂ဝ၁၇၊ ၂ဝ၁၈ ခုနှစ်က ဖွင့်ပေးခဲ့ သော်လည်း ၂ဝ၁၉ ခုနှစ်က ပြန်လည်ပိတ်ထားခဲ့ကာ ယခု ၂ဝ၂၁ ခုနှစ်မှပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

“တရုတ်ပြည်ထဲကို ကုန်စည်ပို့ဖို့ မူဆယ်(၁ဝ၅)မိုင် - ကျင့်စန်းကျော့ဂိတ်တစ်ပေါက်ကပဲဝင်လို့ရတော့ ကုန်စည်ကားမျိုးစုံက အဲဒီတစ်ပေါက်ကပဲ စုပြုံပြီးတော့ဝင်နေတဲ့အတွက် တရုတ်ပြည်ထဲ ကားရောက်ဖို့ ဆိုရင် ရက်ပေါင်း ၂ဝ၊ တစ်လလောက်ကြာတယ်။ အဲဒီတော့ စရိတ်တွေကလည်း ပိုတက်နေတယ်”ဟု ၎င်းကပြောသည်။
မန္တလေး-ဗန်မော်-လွယ်ဂျယ်လမ်းမှတစ်ဆင့် တရုတ်ပြည်သို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် မန္တလေးမှ ဗန်းမော်ကို သင်္ဘောဖြင့်တင်ပို့ပြီး ဗန်းမော်မှတစ်ဆင့် ၁၂ ဘီးကားများဖြင့် ကချင်ပြည်နယ်လွယ်ဂျယ်သို့ တင်ပို့ကာ ယင်းမှတစ်ဆင့် တရုတ်ပြည်သို့တင်ပို့ကြောင်းသိရသည်။ ထို့ကြောင့်အဆိုပါလမ်းကြောင်း သည် တရုတ်ပြည်သို့ပစ္စည်းရောက်ရန် အများဆုံး ၁၂ရက်ခန့်သာကြာမြင့်ကြောင်း သိရသည်။

ဆက်လက်၍ ဦးမင်းသိန်းက “စရိတ်ကလည်း မန္တလေး-ဗန်းမော်-လွယ်ဂျယ်ကနေသွားမယ်ဆိုရင် ဆန်နဲ့ဆန်ကွဲ တစ်ပိဿကို ငွေကျပ် ၁ဝဝလောက်ပဲကျတယ်။ မန္တလေး-မူဆယ်-ကျင့်စန်းကျော့ဂိတ်က သွားမယ်ဆိုရင် တစ်ပိဿကို ၂၄ဝ ကျပ်လောက်ကျတယ်။ ဒီတော့တန်ဆာခမှာ ကွာတယ်”ဟု ပြော သည်။

လွယ်ဂျယ်တွင် အကောက်ခွန်၊ နယ်စပ်ကုန်သွယ်ရေး၊ လဝကရှိသည့်အတွက် ဆန်နှင့်ဆန်ကွဲကို တရား ဝင်အခွန်အခပေးဆောင်ကာတင်ပို့နေကြောင်း သိရသည်။ တရုတ်ယွမ်ငွေတန်ဖိုး မြင့်တက်နေသည့် အချိန်ဖြစ်သည့်အပြင် တရုတ်ပြည်၏ဆန်လိုအပ်ချက်အရ ကီလို ၅ဝရှိ ဆန်ကွဲ တစ်အိတ်လျှင် ယွမ် ၁၅ဝ၊ သုခဆန်တစ်အိမ်လျှင် ယွမ် ၁၇ဝ၊ ငစိန်ဆန်တစ်အိတ်လျှင် ယွမ် ၁၇ဝ ရရှိကြောင်း သိရသည်။

#NPNews

Related news

© 2021. All rights reserved.