" အရိုက်အရာ "

 2491

မျိုးမင်း(မကျည်းလဟာ)

" ကျွန်မတို့ ဒီမိုကရေစီ လှုပ်ရှားမှုအတွင်းက ပေါ်ပေါက်လာတဲ့ နိုင်ငံ့တာဝန်များကို သီလ၊ သမာဓိ၊ ပညာနဲ့ ထမ်းဆောင်နိုင်မယ့် နိုင်ငံတော်သမ္မတတစ်ဦးကို ဒုတိယမျိုးဆက်လို့ ခေါ်ဆိုရမယ့် သူများအတွင်းက ခန့်အပ်နိုင်ခြင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့တဲ့ ခေါင်းဆောင်များသာမက၊ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပထမမျိုးဆက်များအားလုံးရဲ့ဂုဏ်ရောင်ပဲဖြစ်ပါတယ် " နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၁-၄-၂၀၁၈) ။

မြန်မာ့နိုင်ငံရေးလောကမှာ လွတ်လပ်ရေးရပြီးတဲ့နောက် နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ နိုင်ငံ့အာဏာကို ဆုပ်ကိုင်ရယူထားနိုင်တဲ့ အဖွဲ့အစည်းကြီး ငါးခုပဲ ရှိပါသေးတယ်။ တပ်မတော်က အာဏာသိမ်းထားတဲ့ကာလကို ဖယ်ထုတ်မယ်ဆိုရင် ပါတီအဖွဲ့ချုပ် ခေါင်းစဉ်အောက်ကနေ နိုင်ငံ့အာဏာကို ရယူနိုင်တာ လေးခုပဲ ရှိခဲ့ပါတယ်။ ဒီအထဲမှာမှ အစိုးရတွေက အသိအမှတ်ပြုခဲ့သော သမိုင်းတစ်လျှောက် အကြီးမားဆုံး အတိုက်အခံနိုင်ငံရေးပါတီကို ပြပါဆိုရင် NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် NLD ထက်ပိုပြီး အင်အားကြီးခဲ့ဖူးတဲ့ ဘယ်အစိုးရကမှ အသိအမှတ်မပြုထားသေးတဲ့ ပါတီကြီးတစ်ခုလည်း ရှိနေပါသေးတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ပါပဲ။ ဗကပဟာ နိုင်ငံ့အာဏာကို တိုက်ခိုက်ရယူနိုင်လုနီးပါးအထိ စစ်ရေးအရဖြစ်စေ၊ နိုင်ငံရေးပါတီအားဖြင့် ဖြစ်စေ အင်အားကြီးမားခဲ့ဖူးတာပါ။ ဒါပေမယ့် ဗကပဟာ ဘယ်လောက်ပဲ အင်အားကြီးမားခဲ့ပါစေ။ သမိုင်းမှာတော့ အာဏာမယူနိုင်ခဲ့သော မြန်မာ့ပထမဆုံးအင်အားကြီးပါတီတစ်ခု ဖြစ်ခဲ့ပြီးပါပြီ။
ဒီကနေ့နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခွင့်ရနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၁၉၉၀ မှာ နိုင်ငံ့အာဏာကို ရယူနိုင်မယ့် ရွေးကောက်ပွဲအနိုင်ရမှုမျိုး ဖြစ်ခဲ့ပေမယ့် ပါတီသက်တမ်း ၃၀ ပြည့်လုနီးပါး ရောက်မှသာ ၂၀၁၅ ရွေးကောက်ပွဲနဲ့အတူ နိုင်ငံ့အာဏာကို တရားဝင်ရယူနိုင်ခဲ့ကြပါတယ်။ ပါတီ တည်ထောင်မှုနဲ့လူထုအပေါ်တိုက်ရိုက်အချိုးကျမှုကို ကြည့်ရင် ဒီကနေ့ပါတီရဲ့အသက်သွေးကျောဟာ လက်ရှိနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့အသက်သွေးကျောအဖြစ် တည်ရှိနေတယ်ဆိုတာ သာမန်ပြည်သူတစ်ဦးကတောင် နားလည်ထားနေတဲ့အတွက် နိုင်ငံရေးလေ့လာသူတွေကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်အလွန် NLD ပါတီကို ဘယ်သူဦးဆောင်မလဲဆိုတာကို စိတ်ဝင်စားနေကြတာပါပဲ။

ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာတဲ့ တရုတ်နိုင်ငံမှာတော့ သမ္မတ ရှီကျင်းပင်ဟာ ၂၀၁၈ ခုနှစ် မတ်လ ၁၁ ရက်မှာပဲ Lifetime (ဘဝတစ်သက်တာ) သမ္မတအဖြစ် တာဝန်ထမ်းလိုက ထမ်းဆောင်နိုင်စေမယ့် ဥပဒေသစ်တစ်ရပ်ကို အတည်ပြု ပြဌာန်းနိုင်ခဲ့ပါတယ်။ သမ္မတတာဝန်ကို ၂၀၁၃ ခုနှစ်က စတင်ပြီး ထမ်းဆောင်ခွင့်ရခဲ့သူ သမ္မတ ရှီကျင်းပင်ဟာ လက်ရှိမှာ တရုတ်ပြည်သူတွေကြိုက်နှစ်သက်တဲ့ အသက် ၆၅ နှစ်အရွယ် ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ယူနန်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေရတဲ့ တရုတ်ထောက်လှမ်းရေးထိပ်တန်းအရာရှိကြီးတစ်ဦးက ရန်ကုန်မြေကိုရောက်တုန်း ပွင့်ပွင့်လင်းလင်းပြောလာခဲ့ဖူးတာကတော့ တရုတ်သမ္မတ ရှီကျင်းပင်ရဲ့လမ်းညွှန်မှု၊ မူဝါဒတွေနဲ့ဦးဆောင်မှုတွေဟာ တကယ့်ကို အားရကျေနပ်ရသလို နောက် ငါးနှစ်နေရင် တရုတ်ပြည်သူ
သုံးပုံနှစ်ပုံက ချမ်းသာပြီလို့အတိအလင်းကိုပဲ ဖွင့်ဟခဲ့တာပါ။ ဒေါက်တာဆွန်ယက်ဆင်ကနေ ဥက္ကဋ္ဌကြီးမော်စီတုန်းအထိဖြစ်စေ ၊ မော်စီတုန်းနောက်ပိုင်းမှာပဲ ဖြစ်စေ ကွန်မြူနစ်ပါတီရဲ့အထွေထွေညီလာခံကြီးကနေ အတည်ပြုထားတာက သမ္မတတာဝန်ထမ်းဆောင်ရမယ့်သူဟာ သက်တမ်းနှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခွင့်မရှိပါလို့အတိအလင်းပြဌာန်းထားခဲ့ပေမယ့် ခေတ်အဆက်ဆက်ခေါင်းဆောင်တွေကို ကျော်လွန်ပြီး တရုတ်သမိုင်းမှာ Lifetime ထမ်းဆောင်ခွင့်ရမယ့် ပထမဆုံးသော ခေါင်းဆောင်အဖြစ် ရှီကျင်းပင်က ပြုမူဖော်ဆောင်ခဲ့တာဟာ ကွန်မြူနစ်ပါတီအတွင်းမှာ မျိုးဆက်ပြတ်တောက်မှု ဖြစ်ပေါ်နေလို့လား။ ဒါမှမဟုတ် တည်ငြိမ်တဲ့ခေါင်းဆောင်မှုတစ်ခုရဲ့အောက်ကနေ ကမ္ဘာ့နံပါတ်တစ်ဖြစ်အောင် တရုတ်က အားထုတ်တော့မယ်လို့ပြတ်ပြတ်သားသား ဆုံးဖြတ်ထားလို့လား
ဆိုတာ စောင့်ကြည့်ရတော့မှာပါပဲ။ နောက်ထပ် အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားကလည်း သမ္မတ ပူတင်ဟာ ၂၀၂၄ ခုနှစ်အထိ သမ္မတတာဝန်ကို ထမ်းဆောင်ခွင့်ရစေမယ့် အတည်ပြုနိုင်မှုမျိုးကို မတ်လမှာပဲ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်ကတည်းက သမ္မတတာဝန်နဲ့စတင်ရင်းနှီးခဲ့သူ ပူတင်ဟာ ၂၀၁၈ ခုနှစ် မေလ ၆ ရက်မှာပဲ သမ္မတအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ကျမ်းသစ္စာကျိန်ဆိုခဲ့သလို ၂၀၂၄ အထိဆိုရင် စုစုပေါင်း ၂၄ နှစ်တိတိ ခေါင်းဆောင်မှုကို ပြသသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာပဲ အသက် ၆၆ နှစ်ပြည့်မယ့် ပူတင်ဟာ ရုရှားနိုင်ငံရေးလောကမှာ ပြည်သူတွေ အတော်ပင်နှစ်ခြိုက်ခဲ့ကြသော ခေါင်းဆောင်တစ်ဦးအဖြစ် ဖြစ်ထွန်းနေပါတယ်။ သူ့ရဲ့သမိုင်းဝင်အဖြေတစ်ခုဖြစ်တဲ့ " ရုရှားနိုင်ငံရဲ့အတိတ်သမိုင်းတွေထဲက ဘယ်အပိုင်းကို ပြင်ဆင်ခွင့်ရှိရင် ပြင်ဆင်ချင်လဲ " ဆိုတဲ့ မေးခွန်းအပေါ် ဖြေဆိုမှုဟာ ပြည်သူ့အသည်းနှလုံးကို သိမ်းကျုံးရယူလိုက်သလိုပါပဲ။ သူဖြေခဲ့တာကတော့ " ဆိုဗီယက် အင်ပါယာပြည်ထောင်စုကြီး ပြိုကွဲသွားတာကို ပြင်ဆင်ခွင့်ရှိရင် ပြင်ဆင်ချင်တယ်ဆိုတာပါပဲ " ။ အမေရိကန်မှာတော့ ဒီမိုကရက်တစ်နဲ့ရီပတ်ဘလီကန်ဟာ သူတစ်ပြန်ကိုယ်တစ်ပြန်နဲ့အနာဂတ်ခေါင်းဆောင်ကို တိတိကျကျ ထုတ်ပြနိုင်ခြင်းမရှိသေးပါဘူး။ အလားတူပဲ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယမှာလည်း ဂန္ဒီ-နေရူးမျိုးဆက် ပါတီက အာဏာတရားသေဆုပ်ကိုင်ခွင့်ရရှိခဲ့မှုကနေ လျောကျသွားခဲ့ပြီး သာမန်အရပ်သားပါတီခေါင်းဆောင်တစ်ယောက်ကို နေရာဖယ်ပေးလိုက်ရပါတယ်။ ဒီလိုပဲ လာမယ့်ရွေးကောက်ပွဲတွေမှာ ဘယ်ပါတီ ခေါင်းဆောင်က နိုင်ငံ့အာဏာကို ဆုပ်ကိုင်ရရှိသွားမလဲဆိုတာဟာ ရေရေရာရာမရှိလှသေးဘဲ အာဏာထိုင်ခုံ လှုပ်ရမ်းနေဆဲပါ။ ဂျပန်နိုင်ငံမှာလည်း အလားတူဖြစ်သလို တောင်ကိုရီးယားမှာလည်း ပုံစံတူပါပဲ။ ဒီနေရာမှာ ကမ္ဘာကျော်သူဌေးကြီး ဂျက်မာနဲ့ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒူတို့ကမ္ဘာ့စီးပွားရေးဖိုရမ်(၂၀၁၈)မှာ စကားဝိုင်းဆွေးနွေးခဲ့ကြစဉ်က အပြန်အလှန်ထောက်ပြချက်တစ်ခုကို ချပြချင်ပါတယ်။
ထရူးဒူကတော့ ကနေဒါဟာ ကျယ်ပြန့်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ဖို့အရမ်းကောင်းတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပါတယ်တဲ့။ ဂျက်မာကတော့ နိုင်ငံကြီးခြင်းသေးခြင်း၊ ဒီမိုကရေစီဖြစ်ခြင်း မဖြစ်ခြင်းထက် နိုင်ငံတစ်ခုရဲ့နိုင်ငံရေးတည်ငြိမ်မှုက အဓိကကျပါတယ်လို့ထောက်ပြပါတယ်။ ကနေဒါဟာ ကျယ်ဝန်းသလို လူဦးရေသန်းချီ ရှိပေမယ့် အလီဘာဘာပလက်ဖေါင်းပေါ်မှာလောက် လူဦးရေ များပြားမနေခြင်းက သူ့အတွက် ဈေးကွက်တစ်ခုလို မမြင်ဘူးလို့ပြောပါတယ်။ နောက်တစ်ချက်ကတော့ တရုတ်နိုင်ငံမှာ နောက်ဆယ်နှစ်ကြာရင်လည်း ဘယ်သူကခေါင်းဆောင်ဖြစ်မယ်ဆိုတာကို ခန့်မှန်းဖို့တိတိကျကျ သိနိုင်သလို ၊ မူဝါဒကလည်း ပြောင်းလဲမသွားဘူးဆိုတာ သေချာနေတဲ့အတွက် တရုတ်က ပိုပြီးတော့ ရင်းနှီးမြုပ်နှံမှုအတွက် စိတ်ချရတဲ့နိုင်ငံ မဟုတ်ဘူးလားလို့မေးခွန်းထုတ်ပါတယ်။ အမေရိကန်မှာ အခု ဒေါ်နယ်ထရမ့်ဖြစ်နေပေမယ့် နောက်ငါးနှစ်မှာ ရွေးကောက်ပွဲကနေ ဘယ်သူတက်လာမယ်ဆိုတာ ဘယ်သူပြောနိုင်လို့လဲ၊ တက်လာသူရဲ့မူဝါဒကရော ရှေ့ကလူနဲ့တစ်ထပ်တည်း ဖြစ်မယ်လို့အာမခံနိုင်ပ့ါမလားလို့ဂျက်မာက မေးခွန်းထုတ်ထားပါတယ်။

မြန်မာနိုင်ငံမှာလည်း မေးခွန်းတစ်ခု ရှိလာနေပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်အလွန် မြန်မာ့နိုင်ငံရေးကို ဘယ်သူ ဦးဆောင်မှာလဲ ဆိုတာပါ။
ဒီမေးခွန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကတည်းက နိုင်ငံရေးလေ့လာသူတွေ၊ NLD ကို အတိုက်အခံပြုသူတွေနဲ့မီဒီယာအသိုင်းအဝိုင်းအချို့မှာ မေးလာခဲ့သလို ဒီကနေ့အထိ တည်ရှိနေဆဲ မေးခွန်းပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၈ ခုနှစ်မှာ ဇွန်လ ၁၉ ရက်မှာ အသက် ၇၃ နှစ်ပြည့်ပါပြီ။ ၇၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ကျန်းမာသန်စွမ်းနေပါတယ်ဆိုသည့်တိုင် အနာဂတ်မှာ ပါတီကို ဦးဆောင်မယ့်မျိုးဆက်ကို ရွေးချယ်မပေးဘဲထားရင် ရတယ်လို့
အထင်ရှိနေဦးမယ်၊ ယုံကြည်နေဦးမယ်ဆိုရင် သိပ်ကိုသတိပြုစရာကောင်းတဲ့ အနာဂတ်တစ်ခုကို ရောက်နေတယ်လို့ဆိုရမှာပါ။ NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲကိုလည်း အနိုင်ရဦးမှာ သေချာနေသလို ၂၀၂၅ အထိ အစိုးရတာဝန်တွေကို ထမ်းဆောင်ဖို့အခွင့်အလမ်း ရှိနေပါတယ်။ ဒါကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ရေပြင်လှုပ်ရှားမှုအနေအထားတွေကြောင့် တွက်ဆထားရတာဖြစ်သလို ၂၀၂၅ ခုနှစ်အထိ အစိုးရတာဝန်တွေကို ထမ်းဆောင်နေမယ့်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၀ အရွယ် အမျိုးသမီးကြီးတစ်ဦး ဖြစ်နေတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ဟာ သူမ ကွယ်လွန်သွားရင်တောင် ပြည်သူတွေရဲ့ရင်ထဲမှာ သေချာပေါက်ကျန်ရစ်နေမယ့် လူထုခေါင်းဆောင်တစ်ဦးဖြစ်နေတဲ့အတွက် သူမဦးဆောင်ထားတဲ့ NLD ပါတီဟာ သူမရုပ်ပုံကို ထောင်ပြီး မဲဆွယ်မယ်ဆိုရင်တောင် ရလဒ်ကောင်းတစ်ခုကို ဆုပ်ကိုင်ထားနိုင်ဦးမှာ သေချာပါတယ်။ ဒါပေမယ့် ပါတီမှာ တကယ်လိုအပ်နေတာက သူမရဲ့ပုံရိပ်တစ်ခုတည်း မဟုတ်ပါ။ သူမ မရှိတော့ရင်တောင် သူမခြေရာကိုနင်းပြီး ပါတီကို ဦးဆောင်ထားနိုင်မယ့် ထက်မြက်တဲ့ မျိုးဆက်သစ် ၊ အရိုက်အရာဆက်ခံသူဆိုတာပါပဲ။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းထဲမှာ ကြိုတင်စဉ်းစားထားပြီးပြီလို့လည်း ခန့်မှန်းလို့ရနိုင်သလို သူမ မရှိရင်တောင် ပါတီက ဆက်ပြီးကောင်းမွန်စွာ လည်ပတ်နိုင်ဦးမယ်လို့ပြည်သူတွေဆီကို သတင်းစကားပါးခဲ့ပြီးသားပါ။ ဒါပေမယ့် သူမရဲ့ပုံရိပ်လောက် မဟုတ်ရင်တောင် ထက်ဝက်လောက်သော စွမ်းဆောင်မှုမျိုးနဲ့ပြည်သူတွေ အားရကျေနပ်ရမယ့် ခေါင်းဆောင်၊ ပြိုင်ဘက်တွေ လဲပြိုသွားစေနိုင်မယ့် ခေါင်းဆောင်ကိုတော့ ထုတ်ပြခဲ့တာမျိုး အရိပ်အမြွက်အဖြစ် ပြောခဲ့တာမျိုး မရှိတာဟာ နိုင်ငံရေးမျိုးဆက်ကို စောင့်ကြည့်သူတွေကြားမှာ တွေးဆရခက်စေတဲ့အကြောင်းတရား ဖြစ်လာတာပါ။ ပါတီရဲ့ထိပ်တန်းခေါင်းဆောင်တွေထဲက အချို့နဲ့စကားစမြည်ပြောဆိုခဲ့မှုအရ ဒေါ်အောင်ဆန်းစုကြည်အလွန် ပါတီရဲ့မျိုးဆက်က ဘယ်သူဖြစ်မလဲဆိုတာဟာ ရေရေရာရာမရှိသေးဘူးလို့သိခဲ့ရပါတယ်။ အထူးသဖြင့် အသက် ၆၀ ကျော်နေပြီဖြစ်သော ထိပ်တန်းဦးဆောင်သူတွေထက် အသက် ၅၀ ကျော်မျိုးဆက်တစ်ခုကိုဖြစ်စေ၊ အသက် ၄၅ အထက်မျိုးဆက်တစ်ခုကိုဖြစ်စေ လက်ရှိကာလကတည်းက စင်တင်ပေးထားသင့်ပြီလို့လည်း အတွေးချင်း တူခဲ့ဖူးပါတယ်။ ဒါပေမယ့် ၄၅ အထက် ပါတီမျိုးဆက်ထဲမှာ ဒေါ်အောင်ဆန်စုကြည်ကိုယ်တိုင် အားရကျေနပ်လှသောပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တောင် လတ်တလောမှာ မတွေ့ရသေးဘူးဆိုတဲ့ အဖြေမျိုးလည်း ထွက်ခဲ့ပါတယ်။

" သမ္မတကြီးဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်စအချိန်မှာပဲ ပါတီဝင်ဖြစ်လာပြီး၊ ကိုယ်ရောစိတ်ပါ၊ ကျွန်မတို့နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားများ အကျိုးဖြစ်စေမယ့် ပါတီလုပ်ငန်းတာဝန်များကို အကြီးအသေး၊ အမြင့်အနိမ့် မရွေးဘဲ ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဦးဆောင်ဦးရွက်ပြုသူတို့ရဲ့ ဂုဏ်ရောင်ဟာ အရည်အချင်းပြည့်ဝ၊ ယုံကြည်စိတ်ချရတဲ့ မျိုးဆက်သစ်တွေ မွေးထုတ်နိုင်ခြင်းပဲဖြစ်ပါတယ် " လို့၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်စားဖွယ် အရိပ်အမြွက်ပြသခဲ့ပါတယ်။ ဒီမိန့်ခွန်းမတိုင်မီမှာတော့ NLD ပါတီတွင်းမှာ အားပြိုင်မှုတွေနဲ့ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့တယ်လို့ပါတီတွင်းသတင်းအချို့ထွက်လာခဲ့ပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီမှာ ဦးဝင်းထိန်ဂိုဏ်းနဲ့ဦးဉာဏ်ဝင်းဂိုဏ်းဆိုပြီး နှစ်ဘက် အားပြိုင်မှုတွေ ရှိခဲ့တယ်လို့သတင်းထွက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေတ်လွန် ပါတီကို ဦးဆောင်မယ့်သူတွေအဖြစ် ဘယ်သူ့ကို ပါတီဝင်တွေက အားကိုးရမလဲဆိုတာကို အဖြေမထွက်ခင် ဒီလိုအားပြိုင်မှုတွေ ဖြစ်ပေါ်ခဲ့လေတော့ မတ်လ နောက်ဆုံးပတ်ဟာ နိုင်ငံရေးလောကမှာ အလှုပ်အခတ်အချို့ဖြစ်ပေါ်သွားခဲ့ပါတယ်။ ပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့သစ္စာတော်ခံ သမ္မတ ဦးထင်ကျော်က ရာထူးကနေ ရုတ်တရက်နှုတ်ထွက်ကြောင်း ကြေညာခဲ့သလို ၊ ဦးဝင်းထိန်ကလည်း သြစတြေးလျှမှာ အပြီးနေသွားတော့မလိုမျိုး ထွက်ခွာသွားခဲ့ပါတယ်။ ပါတီအနေနဲ့သမ္မတအသစ်ကို ထပ်မံရွေးချယ်ခဲ့ရသလို သမ္မတသစ်ဖြစ်လာတဲ့ ဦးဝင်းမြင့်နေရာမှာ လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ်လည်း ထပ်ရွေးပေးခဲ့ရပါသေးတယ်။ ဒါတွေအားလုံးဟာ လူထုကြားမှာ စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ အလှုပ်အခတ်လေးတွေလို့ပြောလို့ရနိုင်သလို မတ်လကုန်ပိုင်းက အလှုပ်အခတ်အတွင်းမှာပဲ ပါတီရဲ့ဒေါ်အောင်ဆန်းစုကြည်အလွန် ဒုတိယမျိုးဆက်ကို လှစ်ဟပြတာမျိုး မြင်လိုက်ရပါတယ်။ အထူးသဖြင့် သမ္မတသစ်ဖြစ်လာတဲ့ အသက် (၆၇)နှစ်အရွယ် ဦးဝင်းမြင့်ကို မတ်လကုန်ပိုင်းမှာပဲ ပါတီဒုတိယဥက္ကဋ္ဌ(၁)အဖြစ် ခန့်အပ်ခဲ့သလို ၊ အသက် (၆၇)နှစ်အရွယ် မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ပါတီဒုတိယဥက္ကဋ္ဌ(၂) ဖြစ်လာပါတယ်။ ဒါဟာ ပါတီမှာ ဒုတိယဥက္ကဋ္ဌ မထားဘဲနေခဲ့တာကနေ ဖောက်ထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်အလွန် ပါတီကို ဦးဆောင်မယ့်ပုဂ္ဂိုလ်တွေထဲက ထိပ်ပိုင်းခေါင်းဆောင်တွေကို ချပြလိုက်ခြင်းပါပဲ။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးကို ဒေါ်အောင်ဆန်းစုကြည်အလွန်မှာ ဘယ်သူဦးဆောင်မလဲဆိုတဲ့မေးခွန်းကို ပါတီတစ်ခုတည်းစာ မဟုတ်ဘဲ မေးရရင် လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်လုပ်ပြနိုင်မယ့်သူ မပေါ်သေးဘူးဆိုတာပါပဲ။

မြန်မာနိုင်ငံရဲ့နိုင်ငံရေးအာဏာကို ရယူနိုင်ခဲ့တဲ့ ပါတီအဖွဲ့ကြီးတွေထဲမှာ ပထမဆုံးအဖွဲ့ကတော့ လွတ်လပ်ရေးကြိုးပမ်းစဉ်ကတည်းက မြေပေါ်မြေအောက်ဖွဲ့စည်းခဲ့တဲ့ ဖတပလ(ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်) တဖြစ်လဲ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်)ပါပဲ။ ဒီအဖွဲ့ကြီးကိုတော့ ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်တယ်လို့ပဲ ပြောရမှာပါ။ ဗိုလ်ချုပ် လုပ်ကြံခံရပြီးတဲ့နောက်မှာတော့ ပထမဆုံးသမ္မတအဖြစ် စဝ်ရွှေသိုက်က ဦးဆောင်တာဝန်ယူခဲ့ရသလို ဝန်ကြီးချုပ်အဖြစ် ဦးနုက တာဝန်ယူခဲ့ပါတယ်။ အဲဒီမျိုးဆက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အရည်အချင်းတူ၊ အယူအဆတူ၊ ရည်မှန်းချက်တူကြတဲ့ တိုက်ပွဲဝင် ထိပ်တန်းခေါင်းဆောင်တွေ အများကြီး ပေါ်ထွက်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးတဲ့နောက်မှာတော့ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေနဲ့အတူ ပထမဆုံး ပါလီမန်စနစ်ဒီမိုကရေစီရွေးကောက်ပွဲ ပုံစံနဲ့တာဝန်ယူလာကြတာကနေ နောက်ပိုင်းမှာ သန့်ရှင်း(ဖဆပလ)နဲ့တည်မြဲ(ဖဆပလ) ဆိုပြီး နှစ်ခြမ်းကွဲတာတွေ ဖြစ်ပေါ်ခဲ့တာက သမိုင်းသက်သေပါပဲ။ သမိုင်းရဲ့မျိုးဆက် ပြတ်တောက်မှုနဲ့အကွဲအပြဲ ပြသနာတွေကို မြန်မာတွေရဲ့ပြယုဂ်အဖြစ် အဲဒီမှာ စတင်ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တပ်မတော်က အာဏာသိမ်းလိုက် ၊ ရွေးကောက်ပွဲ ပြန်ပေးလိုက်နဲ့ချာလပတ်လည်ခဲ့ပြီးတဲ့နောက် ဦးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုတာလည်း ပေါ်ထွက်လာခဲ့ပြန်ပါတယ်။ ပါတီဥက္ကဋ္ဌကြီးအဖြစ် ဦးနေဝင်းက တာဝန်ယူခဲ့သလို သမ္မတတာဝန် ၊ အဓိပတိတာဝန်နဲ့သူရွေးချယ်ခန့်ထားသော ရုပ်ပြသမ္မတများ ဆိုတာတွေဟာလည်း ၁၉၈၈ ခုနှစ်အထိ မျိုးစုံပြောင်းလဲခဲ့ရပါတယ်။ ဒီနောက်မှာတော့ ၈၈ အရေးအခင်းနဲ့အတူ တပ်မတော်က အာဏာသိမ်းခဲ့သလို နှစ်ပေါင်း ၂၀ ကျော်ကြာပြီမှသာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အတူ ပြည်ခိုင်ဖြိုးပါတီက ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို အသင့်စားသုံးရင်း အာဏာရယူနိုင်ခဲ့ပါတယ်။ ငါးနှစ်တာ အပြောင်းအလဲကို ဦးဆောင်ပြီးတဲ့နောက် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်သူတွေ အားလုံးရဲ့ပုံအောလိုက်တဲ့ မဲတွေနဲ့အတူ ပြောင်းလဲချိန်တန်ပြီဆိုသော NLD က ၂၀၂၀ အထိ တာဝန်တွေ ထမ်းဆောင်နေပြီပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖဆပလ ၊ တပ်မတော် ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ တပ်မတော်၊ ပြည်ခိုင်ဖြိုး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုပြီး နိုင်ငံ့တာဝန်တွေကို ဆင့်ကဲထမ်းဆောင်ခဲ့ကြတာတွေမှာ ဒီကနေ့အထိ ပါမလာခဲ့သောအဖွဲ့တွေ ရှိလာပါတယ်။ မျိုးချစ်စိတ်တွေ ပြင်းထန်စွာနဲ့၁၉၄၄ ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့တဲ့ ဖဆပလဟာလည်း ၁၉၆၂ ခုနှစ်မှာ ဇာတ်သိမ်းသွားပါတယ်။ ဖဆပလဟာ သမိုင်းမှာတော့ အင်အားအကြီးဆုံး အမျိုးသားရေးအဖွဲ့ကြီးလည်း ဖြစ်သလို အမျိုးသားခေါင်းဆောင်ကြီးတွေ၊ နိုင်ငံ့ဥသျောင်တွေ၊ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတွေ၊ ပြည်သူ့စံပြပုဂ္ဂိုလ်တွေ၊ ထင်ရှားတဲ့ ပညာရှင်တွေ၊ စာပေသမားတွေ ပေါင်းစုပါဝင်တဲ့ အဖွဲ့ကြီးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ခြမ်းကွဲ ဇာတ်လမ်းနဲ့အတူ (၁၈) နှစ်အတွင်းမှာပဲ ပျောက်ဆုံးသွားခဲ့ရပါတယ်။ နောက်ထပ် အင်အားကြီးတစ်ခုဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာလည်း (၂၆) နှစ်သာ ခံခဲ့ပြီးတော့ ဒီကနေ့အချိန်မှာ ဆက်လက်ပါလာနိုင်ခြင်းမရှိတော့ပါဘူး။ ဦးနေဝင်းတည်ထောင်ခဲ့တဲ့ ပါတီအဖွဲ့အစည်းရဲ့မျိုးဆက် ပျောက်ဆုံးသွားတာဖြစ်ပဲ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ တပ်မတော်အသင်းအဖွဲ့ကနေအသွင်ပြောင်းလိုက်တဲ့ " အရှင်မွေး၊ နေ့ချင်းကြီး " ပြည်ခိုင်ဖြိုးက ၂၀၁၀ မှာပဲ ပါတီဖြစ်လာသလို အာဏာလည်း ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျစ်လျစ်ပါတယ်၊ အမိန့်နာခံမှု မြင့်မားပါတယ်ဆိုတဲ့ အဲဒီပါတီမှာတောင် အုပ်စုကွဲပြီး အာဏာလုပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသိန်းစိန်ကတော့ သမ္မတတာဝန် ငါးနှစ်ထမ်းဆောင်ပြီးတဲ့နောက် ဥက္ကဋ္ဌရာထူးကနေ နှုတ်ထွက်ပြီး မျိုးဆက်သစ် ဥက္ကဋ္ဌတစ်ဦးကို ရွေးချယ်တင်မြှောက်စေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိနိုင်ငံရေးလောကမှာတော့ ပြည်ခိုင်ဖြိုးပါတီ တစ်ကျော့ပြန် ခေါင်းထောင်လာရေးဟာ နောက်ထပ် ဆယ်စုနှစ်တစ်ခုထက်မနည်း စောင့်ဆိုင်းနေရဦးမယ့်သဘောကို ရောက်သွားပါတယ်။ ၂၀၁၆ ခုနှစ်ကနေ စတင်ပြီး အစိုးရအာဏာ တာဝန်ထမ်းဆောင်ခွင့်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဖော်ပြပါ ပါတီကြီးတွေရဲ့သက်တမ်းထက်ပိုတဲ့ နိုင်ငံရေးသက်တမ်းမျိုး (နှစ် ၃၀ )ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံ့အာဏာကိုတော့ ၂၀၁၆ ရောက်မှသာ တရားဝင် ရရှိခဲ့တာပဲဖြစ်ပါတယ်။

နှစ်ခြမ်းကွဲ ဇာတ်လမ်းတွေဟာ ဘယ်ပါတီအဖွဲ့အစည်းမှာမဆို ပေါ်လာတတ်ပါတယ်။ လူ့အသိုင်းအဝိုင်းမှာ အယူအဆမတူတာမျိုးဖြစ်စေ၊ အာဏာနေရာ လုတာမျိုးဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ နှစ်ခြမ်းကွဲခြင်း မြန်မာ့သမိုင်းမှာ ခေတ်အဆက်ဆက် မဖောက်ပြန်မပြောင်းလဲသော သဘောတရားဖြစ်လာနေပါတယ်။ အထူးသဖြင့် အဖွဲ့အစည်းကြီးတစ်ခုမှာ တစ်ဖွဲ့လုံးက လက်ခံရတဲ့ခေါင်းဆောင်မျိုး ကွယ်ပျောက်သွားချိန်မှာ အကွဲအပြဲဇာတ်လမ်းက ပိုပြီး သိသာပေါ်လွင်ပါတယ်။ အချုပ်အားဖြင့် ဆိုရရင် မြန်မာ့နိုင်ငံရေးမှာ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ တပ်မတော်တောင် ထိုင်ခုံလုပွဲတွေ၊ အတွင်းကျိတ်ပြသနာတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက် တည်ဆဲခေါင်းဆောင်ပြီးရင် နောက်လာမယ့်မျိုးဆက် အရိုက်အရာဆက်ခံသူဟာ ဘယ်သူလဲဆိုတာကို သက်ဆိုင်ရာခေါင်းဆောင်တွေက ကြိုတင် စဉ်းစားထားဖို့လိုအပ်ပါတယ်။ စဉ်းစားထားပြီးပြီလို့လည်း ယူဆပါတယ်။ သို့သော်လည်း အရိပ်အမြွက်တောင် ထုတ်မပြတတ်တဲ့ မြန်မာ့နိုင်ငံရေး အလေ့အကျင့်ကြောင့် အရိုက်အရာဆက်ခံသူဆိုတဲ့ကိစ္စဟာ ထင်သလောက်ခရီးပေါက်မှာ မဟုတ်သေးပါ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၅ ရက်မှာ ကျင်းပတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းတစ်ခုကို သူဖြေခဲ့တဲ့ပုံစံအရ " ကျွန်မ မဖြေချင်လို့မဖြေတာ " ဆိုခြင်းသည် မြန်မာ့နိုင်ငံရေးပင် ဖြစ်နေကြောင်း သက်သေပဲဖြစ်ပါတယ်။ သို့ပေမယ့် မြန်မာ့အနာဂတ်အတွက် အရိုက်အရာ ဆက်ခံသူကိုတော့ သမ္မတ ဦးဝင်းမြင့်လို့ထင်မှတ်နေယုံဖြင့် မပြီးသေးပါကြောင်း။

(ဆောင်းပါးရှင်က ၂၀၁၈ ခုနှစ်တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး မှတ်တမ်းတစ်ခုအဖြစ် ပြန်လည်ဖော်ပေးခြင်းသာ ဖြစ်ပါသည်)

Related news

© 2021. All rights reserved.