WFP က လှိုင်သာယာမြို့နယ်အတွင်းရှိ ထိခိုက်လွယ်သူပေါင်း ၃၃ဝဝဝဝ ကျော်ထံ စားနပ်ရိက္ခာများထောက်ပံ့

 474

photo: WFP


NP News- ဇွန် ၂၁
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် လှိုင်သာယာမြို့နယ်အတွင်းရှိ ထိခိုက်လွယ်သူ လူဦးရေပေါင်း ၃၃၄ဝဝဝ ထံ စားနပ်ရိက္ခာအထောက်အပံ့များကို ပေးအပ်ဖြန့်ဝေနိုင်ခဲ့ပြီဖြစ်ကြောင်း ဇွန်လ ၂၁ ရက်တွင် WFP ကထုတ်ပြန်လိုက်သည်။ ထို့ပြင် မကြာမီတွင် ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ အလားတူအထောက်အပံ့များကို စတင်ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

WFP ၏ တစ်လစာပမာဏ ဆန်ရိက္ခာများသည် နေထိုင်မှုအတည်တကျမရှိသေးသည့် အခြေချသူများရှိရာနေရာများအပါအဝင် လှိုင်သာယာမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးဒေသများမှ ထိခိုက်လွယ်သူ ရပ်ရွာလူထုများအတွက် အထောက်အပံ့ဖြစ်စေခဲ့ကြောင်းသိရသည်။ WFP အနေဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပေးအပ်လျက်ရှိသည့် လူသားချင်းစာနာမှု အထောက်အပံ့များရပ်တံ့သွားခြင်းမရှိဘဲ အထက်ပါအထောက်အပံ့များကို ထပ်တိုးပေးအပ်ကူညီခြင်းဖြစ်ကြောင်း သိရသည်။

မေလတွင် ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်ရှိ စားနပ်ရိက္ခာအခက်အခဲရှိသူ လူဦးရေပေါင်း ၃၄ဝဝဝဝ တို့သည် WFP ထံမှ လစဉ်အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာ (သို့မဟုတ်) ငွေကြေးအကူအညီများကိုရရှိခဲ့ပြီး အဆိုပါ အ ထောက်အပံ့များကို အထူးသဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူများ၊ သက်ကြီးရွယ်အိုများရှိသည့် မိသားစုများ၊ မသန်စွမ်းသူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအပြင် ထူးခြားအာဟာရလိုအပ်ချက်ရှိသူများနှင့် ထိခိုက်လွယ်သူများအတွက် ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။ WFP အနေဖြင့် ၎င်း၏ အထောက်အပံ့များကို အကူအညီအလိုအပ်ဆုံးသူများ၏ လက်ဝယ်အရောက်တိုက်ရိုက်ပေးအပ်ကာ အကောင်းဆုံးကြိုးပမ်းအားထုတ်လျက်ရှိကြောင်းသိရသည်/
#NPNews

Related news

© 2021. All rights reserved.