စစ်ဘေးရှောင်များထံ အကူအညီ ပေးပို့ခွင့်ပြုရန် မြန်မာစစ်ခေါင်းဆောင်များကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
755
ဝတီ (NPNews) ဇွန် ၂၁
ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကာ ဆာလောင်မွတ်သိပ်မှုဒဏ်ခံနေရသည့် ဒုက္ခသည်များထံ အကူအညီ ပေးပို့ခွင့်ပြုရန်နှင့် ဘာသာရေးအဆောက်အဦနေရာများကို ဒုက္ခသည်များအတွက် ခိုလှုံစရာနေရာများအဖြစ် လေးစားပေးကြပါရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာစစ် ခေါင်းဆောင်များကို ဇွန်လ ၂၀ ရက်တွင် မေတ္တာရပ်ခံတိုက်တွန်းလိုက်ကြောင်း စီအန်အေသတင်းတွင် ဖော်ပြထားသည်။
စိန့်ပီတာစ်ရင်ပြင်တွင် လူအုပ်ကြီးအား ဇွန်လ ၂၀ ရက်က ကောင်းချီးပေးစဉ် ဖရန်စစ်က ယင်းသို့ တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။
မြန်မာကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်များက ပြီးခဲ့သည့်လတွင် ယင်းသို့ မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၄င်းပါ ပါဝင်လိုကြောင်း မိန့်ကာ ယင်းသို့ ပါဝင်တိုက်တွန်းခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ၄င်းက အကြိမ်ပေါင်းများစွာ မေတ္တာရပ်ခံထားသည်။
မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ငတ်ပြတ်ကာ သေကြေပျက်စီးကိန်းဆိုက်နေသည့် လူပေါင်းထောင်ပေါင်းများစွာ၏ ရင်နင့်ဖွယ် ဖြစ်ရပ်များကို ပုပ်ရဟန်းမင်းကြီးက ပြောပြသွားခဲ့သေးသည်။
အဆိုပါစစ်ဘေးရှောင်များထံ အကူအညီပေးပို့နိုင်ရန်အလို့ငှာ လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းများ ဖွင့်ပေးရန်နှင့် ခရစ်ယာန်ဘုရားကျောင်းများ၊ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဗလီများ၊ ဘုရားကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို ဒုက္ခသည်များအတွက် ခိုလှုံစရာ နေရာများအဖြစ် လေးစားပေးပါရန် မြန်မာကက်သလစ် ခရစ်ယာန်ဂိုဏ်းအုပ်များ အာဏာပိုင်အဖွဲ့ကို မေတ္တာရပ်ခံထားပြီး ထိုမေတ္တာရပ်ခံချက်ကို ပုပ်ရဟန်းမင်းကြီးက ထောက်ခံလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံထဲ လက်နက်စီးဆင်းမှု ရပ်တန့်ရန် ကုလအထွေထွေညီလာခံကလည်း ပြီးခဲ့သည့် ရက်ပိုင်းတွင် တောင်းဆိုလိုက်ပြီး နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်များကို လေးစားလိုက်နာရန် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်အတွက်ပါ အထက်ပါကုလအဖွဲ့အစည်းက မြန်မာစစ်တပ်ကို တောင်းဆိုသွား ခဲ့သေးသည်။
#NPNews