Stay at Home သတ်မှတ်မြို့နယ် ၉ခုအထိရှိလာပြီဖြစ်ပြီး အဆိုပါမြို့နယ်များမှ နေပြည်တော်အပါအဝင်တိုင်ဒေသကြီး ၃ခုသို့လာပါက ၁ဝရက်အသွားအလာကန့်သတ်ထားရှိမည်

 855

ပုံစာ- COVID-19 ရောဂါပိုးတွေ့လူနာ ၂၅ဝဦး လက်ခံကုသပေးမည့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ (MCC)


NP News - ဇွန် ၂၂
မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများတွေ့ရှိရမှုများပြားလာသည့်အတွက် Stay at Home သတ်မှတ်မြို့နယ် ၉ ခုအထိရှိလာပြီဖြစ်ပြီး အဆိုပါမြို့နယ်များမှ နေပြည်တော်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးတို့သို့ လာရောက်မည်ဆိုပါက ၁ဝ အသွားအလာကန့်သတ်ထားရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် Covid-19 ဓာတ်ခွဲအတည်ပြုလူနာများတွေ့ရှိရမှုများပြားလာပြီး ပိုးတွေ့နှုန်းမြင့်တက်လျက်ရှိသဖြင့် အဆိုပါမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် ဇွန်လ ၂၂ရက်မှစတင်ကာ မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) သတ်မှတ်လိုက်ကြောင်းသိရသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်းသို့ Stay at Home မြို့နယ်များမှ ဝင်ရောက်လာသူများအား ၁ဝ ရက်အသွားအလာကန့်သတ်ထားရှိမည်ဖြစ်ပြီး ၃ရက်မြောက်နေ့နှင့် ၇ရက်မြောက်နေ့တို့တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ စစ်ဆေးရေးဂိတ်များတွင် Covid-19 Positive လူနာများတွေ့ရှိပါက လှည်းကူးဆေးရုံ နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) ကုသရေးစင်တာများသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။ ပိုးတွေ့ရှိသူနှင့်ထိတွေ့ခဲ့သော Contact Person များကို လှည်းကူးဆေး ရုံ၊ ဖောင်ကြီးကုသရေးစင်တာနှင့် အခြားမြို့နယ်များရှိ Community Based Facility Quarantine Center များသို့ပို့ဆောင်၍ သွားလာမှုကန့်သတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွန်လ ၂၁ ရက်ကထုတ်ပြန်လိုက် သည်။

ထို့ကြောင့် လက်ရှိအချိန်တွင် Stay at Home မြို့နယ်များအဖြစ် ချင်းပြည်နယ်ရှိ တွန်းဇံမြို့နယ်၊ ဟားခါးမြို့နယ်၊ တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူးမြို့နယ်၊ ကလေးမြို့၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဖြူးမြို့နယ်တို့ကို သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇွန်လ ၂၁ ရက်က COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၉၅ ဦးတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာ ၁၄၈၆၁၇ ဦးရှိကာ သေဆုံးသူ ၃၂၆၅ ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.