လှေဆွဲကျေးရွာ စစ်ဘေးရှောင်များအတွက် သြစတြေးလျအခြေစိုက် ဆရာဝန်၊ သူနာပြုများအဖွဲ့မှ သိန်း ၁၃ဝ ကျော် လှူဒါန်း

 598

အိဖြူ (NP News) - ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာအပါအဝင် ဒေသခံစစ်ဘေးရှောင်ပြည်သူများအတွက် သြစတြေးလျအခြေစိုက် ဆရာဝန်များ၊ သူနာပြုများနှင့် သူငယ်ချင်းများ (DNF) အဖွဲ့သည် စုပေါင်း၍ မြန်မာငွေကျပ် ၁၃၁ သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုနေရပ်စွန့်ခွာနေ စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းသည့် DNF အဖွဲ့၏လှူဒါန်းငွေကို သက်ဆိုင်ရာ မြေပြင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေသော အဖွဲ့များထံသို့ လူသားချင်းစာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ရေးဝန်ကြီးဌာနမှ ဇွန်လ ၁၄ ရက်က ချိတ်ဆက်စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၅ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာတွင်းသို့ ဝင်ရောက်ကာ ဒေသခံများအား ဖမ်းဆီးပစ်ခတ်ခဲ့ကြသည့်အတွက် ဒေသခံပြည်သူများ အနေ ဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံရွာသား ၅ ဦး သေဆုံးခဲ့ကြရပြီး လူဦးရေ ၁ဝဝဝ ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွင် အလောင်း ၃ လောင်းနှင့်အတူ ဒေသခံ နှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ဂတ် (စ်)သေနတ် ၆ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

လှေဆွဲကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ပြည်တွင်း အလှူရှင်များမှလည်း သွားရောက်လှူဒါန်းမှု များရှိသကဲ့သို့ ပြည်ပရောက် မြန်မာနိုင်ငံသားများမှလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်လှူဒါန်း လျက်ရှိကြောင်း သိရသည်။

#NPNews

Related news

© 2021. All rights reserved.