တိုက်ပွဲများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၂၃ဝဝဝဝ ရှိပြီဟု ကုလဆို

 718

ဝတီ (NP News)- ဇွန် ၂၅
ယခုနှစ်တွင် တိုက်ပွဲများနှင့် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၂၃ဝဝဝဝခန့်ရှိသွားပြီဖြစ်ပြီး ထိုလူများသည်အကူအညီလိုအပ်နေကြသည်ဟု ကုလလူသားချင်းစာနာမှုဆိုင်ရာအေဂျင်စီက ဇွန်လ ၂၄ ရက်တွင် ပြောသည်။

စစ်ကောင်စီကအာဏာသိမ်းပြီး အရပ်သားအစိုးရကို ဖြုတ်ချလိုက်ချိန်မှစကာ မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများ၊ လူ သတ်မှုများ၊ ဗုံးခွဲမှုများဖြစ်ပေါ်လာသည့်အပြင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားလာတော့သည်။ အကူအညီပေးရေးလုပ်ငန်းများလုပ်ဆောင်နေသော်လည်း ထိုလုပ်ငန်းစဉ်များသည် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့် မလုံခြုံမှုများကြောင့် နှောင့်နှေးနေရသည်ဟု ကုလလူသားချင်းစာနာမှုရေးရာပေါင်းစပ်ညှိနှိုင်ရေးရုံး ( OCHA ) က ပြောသည်။

ကရင်ပြည်နယ်တွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁၇၇ဝဝဝ ရှိပြီး ယင်းအနက် ၁ဝ၃ဝဝဝ သည် ပြီးခဲ့သည့်လကမှ ထွက်ပြေးတိမ်းရှောင်လာရသူများဖြစ်ကြောင်း ဖော်ပြထားသည်။ ချင်းပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တိုက်ခိုက်ကြသဖြင့်လည်း လူပေါင်း ၂ဝဝဝဝ ကျော်သည် ခိုလှုံရေးစခန်းပေါင်း ၁ဝဝတွင် ခိုလှုံနေကြရပြီး ကချင်နှင့်ရှမ်းပြည်နယ်တို့တွင်လည်း တိုက်ပွဲများဖြစ်ပွားသဖြင့် လူပေါင်းထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းဖော်ပြထားသည်။ မြန်မာနိုင်ငံတစ်လွှားတွင် စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံးသဖြင့် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာကာ အရပ်သားသေဆုံးမှုများရှိလာသည့်အတွက် စိုးရိမ်ပူပန်ကြောင်း ကေအန်ယူက ထုတ်ဖော်ပြောကြားထားသည်။ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုနှင့် လက်နက်မဲ့အရပ်သားများကို တတ်နိုင်သမျှ အကာအကွယ်ပေးသွားမည်ဟု ကေအန်ယူက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
#NPNews

Related news

© 2021. All rights reserved.