ပုလဲမြို့နယ် နဂါးမတောင်တွင် စစ်ကား(၃)စီးမိုင်နင်းမှုဖြစ်စဉ်မရှိကြောင်း စစ်ကောင်စီပြော

1379

ရဲပြည့် (NP News) - ဇွန်၂၅
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ကန်ထောင့်ကျေးရွာအနောက်ဘက်ရှိ နဂါးမတောင်တွင် စစ်ကောင်စီ၏ စစ်ကား(၃)စီး မိုင်းနင်းမိပြီး စစ်သားအများအပြားသေဆုံးနိုင်သည်ဆိုသည့် သတင်းမှန်ကန်မှုမရှိကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့က ဇွန်လ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယနေ့(ဇွန်လ ၂၅ရက်) နံနက်(၉)နာရီဝန်းကျင်က စစ်ကောင်စီ၏ စစ်ကား(၃)စီးသည် နဂါးမတောင်အနီးတွင် မိုင်းနင်းမိပြီး စစ်သားများသေကြေပျက်စီးနိုင်ကြောင်း ယင်းမာပင်ခရိုင် PDF က သတင်းထုတ်ပြန်ထားကြောင်း၊ ပုလဲမြို့နယ်ရဲစခန်းကလည်း အတည်ပြုထားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
“ စစ်ကား(၃)စီး မိုင်းနင်းမိတယ်ဆိုတာ မရှိပါ။ မုံရွာ-ဂန့်ဂေါသွားကားလမ်း ပုလဲမြို့နယ် လယ်သမရွာအကျော်တွင် တပ်မတော်က အုပ်ချုပ်မှုယာဉ်(၃)စီး စက်ချို့ယွင်းကာရပ်တန့်မှုဖြစ်နေတဲ့ အတွက် ပြန်လည်ပြင်ဆင်နေတာရှိပါတယ်။ လုံခြုံရေးလည်းအပြည့်အစုံရှိပါတယ်“ ဟု စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ထို့ပြင် ယင်းမာပင်ခရိုင်အတွင်းသွားလာနေကြသည့် အိမ်စီးကား၊ ကုန်တင်ယာဉ်၊ သယ်ယူပို့ဆောင်ရေးယာဉ်များအနေဖြင့် ကားမှန်များချ၍သွားလာကြရန် ဇွန်လ (၂၃) ရက်နေ့တွင် ယင်းမာပင်ခရိုင် PDF က ထုတ်ပြန်သတိပေးထားခြင်းများရှိကြောင်း သိရသည်။
#NPNews