စစ်ကောင်စီနှင့်အဆက်အဆံရှိသော ခရိုနီကြီးများတွင် တစ်ဦးလျှင် ကုမ္ပဏီ ၂ဝဝ ခန့်ပိုင်ဆိုင်ထားသည်ကိုတွေ့ရှိထားကြောင်း ဒေါက်တာ ဆာဆာပြော

1301

အိဖြူ (NP News) - ဇွန် ၂၇
NUG က စစ်တပ်၏ လာဘ်ပေးလာဘ်ယူမှုများ၊ ပိုင်ဆိုင်မှုများနှင့် ဆက်စပ်သူများ၏ပိုင်ဆိုင်မှုများအား စစ်ဆေးကြည့်ရာတွင် အချို့သော ခရိုနီကြီးများသည် တစ်ဦးလျှင် ကုမ္ပဏီ ၂ဝဝ ခန့်အထိ ပိုင်ဆိုင်ထားကြသည်ကို တွေ့ရှိထားကြောင်း ဒေါက်တာဆာဆာက ဇွန်လ ၂၅ ရက်ကကျင်းပသည့် NUG ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စစ်ကောင်စီတွင် အလုပ်လုပ်ပေးနေသော ကုမ္ပဏီများ၊ မြန်မာနိုင်ငံရှိ ခရိုနီသူဌေးကြီးများ၊ ၎င်းတို့ ကိုယ်တိုင်လက် မှတ်ထိုးထားသော စာချုပ်စာတမ်းများကို NUG ဘက်က ရရှိထားပြီးဖြစ်ကြောင်း ဒေါက်တာ ဆာဆာက ပြောသည်။
“စစ်ကောင်စီနဲ့ အဆက်အဆံရှိတဲ့ ဗိုလ်ချုပ်တွေနဲ့ အဆက်အဆံရှိတဲ့ စီးပွားရေးသမားတချို့က လူတစ်ယောက်ကို ကုမ္ဗဏီ ၂ဝဝ လောက်ပိုင်တယ်။ ကုမ္ပဏီတစ်ခုကိုဆိုရင် ကျွန်းဧက ၁ ဧက ကို ဒေါ်လာ ၃၇ ဒေါ်လာနဲ့ရောင်းထားတယ်။ ကျွန်းဧက ၅ဝ ကျော်ကို တရုတ်ကုမ္ပဏီကို ရောင်းထားတဲ့ စာချုပ်တွေလည်းရထားတယ်။ ဒါတွေဟာ အံသြဖို့ ကောင်းတယ်။ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက တော်ရုံတန်ရုံ မဟုတ်ဘူး” ဟု ဒေါက်တာဆာဆာ ကပြောသည်။
NUG အနေဖြင့် စစ်ကောင်စီနှင့်အဆက်အဆံရှိသော ဗိုလ်ချုပ်များ ခရိုနီကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ ပြုလုပ်ထားသည့် လာဘ်ပေးလာဘ်ယူမှုများကို ပြည်သူများသိရှိစေနိုင်ရန်နှင့် အရေးယူနိုင်ရန်အတွက် ၎င်းတို့၏ အဖွဲ့အစည်းသည် သေချာလိုက်လံစုံစမ်း ဖော်ထုတ်လျက်ရှိပြီး လက်ရှိတွင် အချက်အလက် တော်တော်များများကို စုဆောင်းရမိထားပြီဖြစ်ကြောင်း၊ ထိုအချက်အလက်များကိုလည်း လိုအပ်သည့်အချိန်မှသာ ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း ဒေါက်တာဆာဆာက ပြောသည်။
#NPNews