ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ညှင်းပန်းနှိပ်စက်ခံရနေရဟု ပြန်လည်လွတ်မြောက်လာသူ အမေရိကန်ဂျာနယ်လစ်ပြော

 691

ဂျန်ဇက်(NP News) - ဇွန် ၂၇
စစ်ကောင်စီက တက်ကြွလှုပ်ရှားသူခေါင်းဆောင်များ နှင့် အတိုက်ခံအဖွဲ့ခေါင်းဆောင်များရှိသည့် နေရာကိုသိနိုင်ရန် ဖမ်းဆီးထိန်းသိမ်းသူများထံက သတင်းအချက်များရယူနိုင်အောင် ညှင်းပန်းနှိပ်စက်ခြင်းမျိုးများရှိနေကြောင်း ပြန်လည်လွတ်မြောက်လာသည့် အမေရိကန်ဂျာနယ်လစ် ဦးနေသန်မောင်က CNN သတင်းဌာနကို ဖြေကြားခဲ့သည်။

အသက်(၄၄)နှစ်အရွယ်ရှိ ဦးနေသန်မောင်သည် အင်းစိန်အကျဉ်းထောင်တွင် သုံးလကြာဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဇွန်လ (၁၅) ရက်နေ့တွင် အမေရိကန်နိုင်ငံကို ပြန်ပို့ခံရသူဖြစ်သည်။ ၎င်းသည် ရန်ကုန်မြို့ရှိ လျှို့ဝှက်စစ် ကြောရေးစခန်းတွင် သီတင်းပတ်နှစ်ပတ်ကြာနေထိုင်ခဲ့ရကြောင်း၊ စစ်ကြောရေးစခန်းတွင် ရှိနေချိန်အတွင်း ငရဲရောက်သကဲ့သို့ ခံစားခဲ့ရကြောင်း ပြောသည်။၎င်းအနေဖြင့် လျှို့ဝှက်စစ်ကြောရေးစခန်းတွင်ရှိနေချိန်အတွင်း သေရန်ပြင်ဆင်ထားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခံရဖွယ်ရှိသည်ဟု ယုံကြည်နေခဲ့ကြောင်း ပြော သည်။

ဦးနေသန်မောင်သည် အွန်လိုင်းမီဒီယာတစ်ခုဖြစ်သည့် ကမာရွတ်မီဒီယာ၏တာဝန်ခံဖြစ်သကဲ့သို့ ပူးတွဲတည် ထောင်သူတစ်ဦးလည်းဖြစ်သည်။ ၎င်းသည် မတ်လ (၉)ရက်နေ့တွင် ကမာရွတ်မီဒီယာကိုပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် ကိုဟန်သာငြိမ်းနှင့်အတူဖမ်းဆီးခံခဲ့ရပြီး ၎င်းပြန်လည်လွတ်မြောက်ခဲ့သော်လည်း မိတ်ဆွေဖြစ်သူကို ဟန်သာငြိမ်းသည် အင်းစိန်အကျဉ်းထောင်အတွင်းဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ပြောသည်။

"ကျွန်တော်နဲ့ဟန်သာငြိမ်းတို့ဟာ ငရဲခန်းကိုအတူတကွဖြတ်သန်းခဲ့ရတယ်။ ဒါကြောင့်ကျွန်တော်တို့နှစ်ဦးကိုအတူတ ကွပြန်လွှတ်ပေးသင့်တယ်။ ကျွန်တော်နဲ့အတူဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဟန်သာငြိမ်းကိုဘယ်တော့မှမေ့ပျောက်ပစ်မှာမဟုတ်ဘူး"ဟု ဦးနေသန်မောင်က ပြောသည်။ လက်ရှိအချိန်တွင် အမေရိကန်သတင်းထောက် ဒန်နီဖန်စတာသည်လည်း အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရကြောင်း ပြောသည်။

၎င်းအနေဖြင့် လျှို့ဝှက်စစ်ကြောရေးစခန်းကို ပို့ဆောင်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခြင်းခံခဲ့ရကြောင်း၊ ရေ(၂)ရက်ကြာ မသောက်ရဘဲ အစာကိုလည်း (၃)ရက်ကြာ မစားဘဲနေထိုင်ခဲ့ရကြောင်း၊ လက်ထိပ်ခတ်ထားပြီး မျက်နှာကို သီတင်းပတ်(၂)ပတ်ကြာအဝတ်စည်းထားပြီး စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း ပြောသည်။

“မေးခွန်းတွေကိုဖြေဆိုချိန်တိုင်းမှာလည်း အရိုက်ခံရတယ်။ ကျွန်တော်တို့ဖြေဆိုတာမှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ် ဖြစ်ဖြေဆိုချိန်မှာ ရိုက်နှက်ခံရတယ်။ သုံးရက်ကြာမနားဘဲမေးမြန်းပြီး ရိုက်နှက်ခံရတယ်"ဟု ဦးနေသန်မောင်က ပြောသည်။
#NPNews

Related news

© 2021. All rights reserved.