ပြင်သစ်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီအဖွဲ့ဝင်များနှင့် NUG ဝန်ကြီးများ၏ ဆွေးနွေးပွဲအစည်းအဝေး ထုတ်ပြန်ချက်

 972

NP News - ဇူလိုင် ၁

ပြင်သစ်နိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ အစည်းအဝေးပွဲတွင် NUG ဝန်ကြီးများမှ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးအပါအဝင် စစ်ကောင်စီထံ ဝင်ငွေ စီးဆင်းစေမည့် ကိစ္စရပ်များအား ရပ်တန့်ပေးရေး စသည်တို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း NUG ၏ ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြင်သစ်အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီ (Senate Committee on Foreign Affairs, Defense and Armed Forces) ဥက္ကဋ္ဌ President Mr. Christian Cambon ၏ ဖိတ်ကြားမှုအရ ပြင်သစ်နိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ အစည်းအဝေးပွဲကို ဇွန်လ ၃ဝ ရက်က ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ NUG ဝန်ကြီးများ ဖြစ်သော ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

NUG ဘက်မှ ပြင်သစ်အထက်လွှတ်တော်သို့တင်သွင်းမည့် မြန်မာပြည်နှင့်ပတ်သက်သော ဥပဒေကြမ်းကိစ္စ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို တရားဝင်အသိအမှတ်ပြုရေးကိစ္စ၊ ပြင်သစ်ရေနံ နှင့် သဘာဝဓါတ်ငွေ့ကုမ္ဗဏီများထံမှာ စစ်ကောင်စီထံ စီးဆင်းနိုင်မည့်ငွေကြေးများကိစ္စ၊ စစ်ကောင်စီအား ထိရောက်စွာ အရေးယူ ရေးကိစ္စ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂ၏ အရေးယူဆောင်ရွက်မှုများ၊ လူသားချင်းစာနာမှုအကူ အညီများကို NUG အား လက်တွေ့ကျကျ ကူညီပေးနိုင်ရေးကိစ္စ စသည့် ကိစ္စရပ်များအား ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြင်သစ်သမ္မတနိုင်ငံမှ အထက်လွှတ်တော်အမတ် (၁၅ဝ) ကျော်သည် NUG အား တရားဝင်အစိုးရအဖြစ် ပြင်သစ် အစိုးရမှ အသိအမှတ်ပြုရန် လက်မှတ်ရေးထိုးခဲ့ကြကြောင်း NUG၏ ပြောရေးဆိုခွင့်ရှိသူဒေါက်တာ ဆာဆာက ေပြာသည်။

အဆိုပါဆွေးနွေးပွဲတွင် NUG ဝန်ကြီးများသည် လက်ရှိမြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွား လျက်ရှိသော ပြည်တွင်းရေးအခြေအနေများနှင့် ပတ်သက်ပြီး ပြောကြားခဲ့ကြပြီး ပြင်သစ်နိုင်ငံထံ မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြသည်။

NUG ၏ ဆွေးနွေးချက်များအား ပြင်သစ်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ ကြပြီး မေးခွန်းထုတ်ခဲ့ကြကြောင်း သိရသည်။

#NPNews

Related news

© 2021. All rights reserved.