ပင်လယ်ရေမှော်စိုက်ပျိုးခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အတွက် ပိုမိုချမ်းသာနိုင်ဟု ဆို

1900

Htay Oung (NP News) - ဇူလိုင် ၂
ဘင်္ဂလားဒေ့ရ်ှ၏ ကျယ်ပြန့်သောပင်လယ်ကမ်းရိုးတန်းသည့် ရေနေသယံဇာတများစွာတို့၏ ခိုမှီးရာ အဏ္ဏဝါရင်းမြစ်ကြီးဖြစ်ပြီး လူသန်းပေါင်းများစွာတို့အတွက် အသက်မွေးဝမ်းကျောင်း ဖန်တီးပေးသည်။ သို့သော် နိုင်ငံ၏ပင်လယ်ပြင်မှာ သုံးစွဲမှု နည်းပါးနေဆဲဖြစ်သည်။ လူသိနည်းသော အလားအလာကောင်းတစ်ခုမှာ ပင်လယ် ရေမှော်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ဤအားသာချက်ကို အရယူခြင်းဖြင့် တိုင်းပြည်၏ စီးပွားရေးကို အထောက် အကူပြုယုံမက သဘာဝပတ်ဝန်းကျင်ကိုလည်း ကယ်တင်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုသည်ဟု Dhaka Tribune တွင် ဆောင်းပါးရှင် ဆာအစ်ဆာက ရေးသားသည်။
ဘင်္ဂလားဒေ့ရ်ှကမ်းရိုးတန်း၏ကြီးမားသောအရွယ်အစားနှင့် အခြားအချက်များမှာ ဗြိတိသျှစီးပွားရေးလုပ်ငန်းရှင် ရှာဟီးလ်ရှရာအား ဆွဲဆောင်ခဲ့သည်။ ဘင်္ဂလားဒေ့ရ်ှကမ်းရိုးတန်းမှာ စိုက်ပျိုးရေးနှင့် ငါးဖမ်းဆီးခြင်းတို့ကိုပါ အမျိုးမျိုး ပြောင်းလဲအသုံးချနိုင်သည့် ပင်လယ်ရေမှော်စိုက်ပျိုးရေးလုပ်ငန်းအတွက် သင့်လျှော်သည်။ အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့် ရင်ဆိုင်နေရပြီး ကမ်းရိုးတန်းလုပ်သားအင်အားပေါများမှုတို့ကြောင့် ပင်လယ်ရေမှော် စိုက်ပျိုးရေးကို အလေးထား လေ့လာသင့်ကြောင်း ထောက်ပြသည်။ ရှာဟီးလ်၏ ပင်လယ်ရေမှော် စိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းသည် လုပ်သားအင်အားနည်းနည်းနှင့် အထွက်နှုန်းပိုမိုမြင့်မားသည့် နည်းပညာကို အသုံးပြုသည်။ သူ၏ အကျိုးပြု ပင်လယ်ရေမှော်ထုတ်လုပ်ရေးကုမ္ပဏီကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ပြီး ဥရောပနှင့် အာရှဒေသ ဝယ်လက်များကိုသာ အဓိကထားသည်။ ဘင်္ဂလားဒေ့ရ်ှတွင် ရာသီဥတုဒဏ်ခံနိုင်သည့် ပင်လယ်ရေမှော်စိုက်ပျိုးခြင်းသည် အနာဂတ် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝှမ်း ပင်လယ်ရေမှော်ထုတ်လုပ်ခြင်းတန်ဖိုးမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီ လီယံခန့်ရှိပြီး ယင်းတို့၏ ၈၀ ရာနှုန်းကို အာရှဒေသမှ ထုတ်လုပ်ဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO ၏ ခန့်မှန်းထားသည်။ ပုဂ္ဂလိကသုတေသနကုမ္ပဏီ GM Insights ကလည်း ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ပင်လယ်ရေမှော်ဈေးကွက်မှာ ဒေါ်လာ ၈၅ ဘီလီယံကျော်အထိ ကြီးထွားလာလိမ့်မည်ဟု တွက်ချက်ထားသည်။
.
ထို့ပြင် သဘာဝပတ်ဝန်းကျင်အပေါ် အထူးအကျိုးပြုသည်။ သြစတြေးလျရာသီဥတုသိပ္ပံပညာရှင် တင်မ်ဖလင်နရီ၏ အဆိုအရ ပင်လယ်ရေမှော်များကို ကမ္ဘာ့ပင်လယ်ရေပြင်၏ ၉ ရာခိုင်နှုန်းမျှသာ စိုက်ပျိုးခဲ့နိုင်လျှင် နိုင်ငံတကာထုတ်လွှတ်သမျှ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့အားလုံးကို စုပ်ယူနိုင်ပြီး စွမ်းအင်လိုအပ်လျှက်ရှိသော ကမ္ဘာကြီးအတွက် ရိက္ခာဖူလုံနိုင်ကြောင်း သိရှိရသည်။ ပင်လယ်ရေမှော်သည် အားသာချက်များစွာရှိသည်။ အခြားမည့်သည့် မြေစိုက်သီးနှံမျိုးထက်မဆို ကြီးထွားနှုန်း မြန်ဆန်ပြီး CO2 ပိုမိုသိုလှောင်နိုင်သည်။ မြေလိုအပ်ခြင်း မရှိသည့်အပြင် ရေလောင်းပေါင်းသင် သို့မဟုတ် ဓါတ်မြေသြဇာ ကျွေးရန် မလိုအပ်သည့် အားသာချက်များစွာရှိသည်။ ၃၀ မှ ၄၅ ရက်အတွင်း ရင့်မှည့်၍ တစ်လျှင် ၆ ကြိမ်မှ ၈ ကြိမ်အထိ ရိတ်သိမ်းနိုင်သည်။ ပင်လယ်ရေမှော်တွင် ကျန်းမာရေးကို ထူးခြားစွာ အကျိုးပြုသည့် မိုက္ကရိုအာဟာရဓာတ်များဖြစ်သော အိုင်အိုဒင်း၊ B12 နှင့် D တို့မှာ ယုံကြည်နိုင်လောက်အောင် သိပ်သည်းစွာ ပါဝင်နေသည်။
ဘင်္ဂလားဒေ့ရ်ှတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြစ်စေ ဒေသန္တရအလိုက်ဖြစ်စေ ပင်လယ်ရေမှော်ကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိနိုင်ပြီး အကျိုးခံစားရမည်မှာ နိုင်ငံသားများဖြစ်သည်။သို့သော် အရေးကြီးသည်မှာ အသေးစား တစ်ပိုင်တစ်နိုင် စိုက်ပျိုးရန် သင့်လျှော်ပြီး ၎င်းတို့၏ မိသားစုနှင့် ကမ်းရိုးတန်းနေ ဒေသခံများအတွက် အကျိုးရှိသည်။ ပို့ကုန်ဈေးကွက်ကို အပြည့်အဝအသုံးချနိုင်ရန် ကမ်းရိုးတန်းလူမှုအသိုင်းအဝန်းတို့က အခြောက်လှန်းခြင်းနှင့် ထုပ်ပိုးခြင်းဆိုင်ရာ စီးပွားရေးအခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်။ သတင်းကောင်းမှာ ထိုသို့လုပ်ဆောင်ရန် ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်း အားလုံးလက်လှမ်းမီနိုင်ပြီး အထူးသဖြင့်ကော့ခ်ဘဇားနှင့် အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒေသများစွာတို့အတွက် အထူးသင့်လျော်သည်။
ရေကြီးရေလျှံ-မိုးခေါင်ခြင်းတို့နှင့် မသက်ဆိုင်သည့် ပင်လယ်ရေမှော်စိုက်ပျိုးရေးမှာ ရက် ၃၀ လျှင် ငွေပေါ်ပြီး ကြီးထွားနှုန်းမြန်ဆန်သဖြင့် ၁ စတုရန်းမှ ရေမှော် ၁၀ ကီလိုဂရမ် ရိတ်သိမ်းနိုင်သည်။ ဈေးနှုန်းမှာ ရေမှော်မျိုးစိတ်အလိုက်ကွဲပြားသော်လည်း တစ်ရာသီလျှင် ဒေါ်လာ ၁၄၀ မှ ၁၆၅ ဒေါ် လာအထိ ရရှိရန် အမေရိကန် ၁၄ ဒေါ်လာမျှသာ ရင်းနှီးမြှုပ်နှံရကြောင်း အဏ္ဏဝါသိပ္ပံနှင့် သုတေသန ဂျာနယ်ပါ စာတမ်းအရ သိရှိရသည်။ အလားတူ ပင်လယ်ရေမှော်စိုက်ပျိုးရေးနှင့် ပုစွန် / ကဏန်းမွေးမြူရေးမှာ သဟဇီဝဖြစ်သည်။ မွေးမြူရေးမှ စွန့်ပစ္စည်းများကို ပင်လယ်ရေမှော်များက စုပ်ယူပြီး ပိုမိုမြန်ဆန်စွာကြီးထွားသဖြင့် ရေထုသန့်ရှင်းသည်။ ပင်လယ်ရေမှော်စိုက်ပျိုးရေးလုပ်ငန်းများကို အဏ္ဏဝါဇီဝမျိုးကွဲအသီးသီးတို့၏ အချက်အချာအဖြစ်ဆောင်ရွက်နိုင်ပြီး ငါးသားပေါက်များအတွက် ခိုလှုံရာနေရာလည်း ဖြစ်သည်။ ငါးတို့၏ ကျန်းမာရေးနှင့် အရေအတွက်ကို တိုးပွားစေပြီး ရေရှည်၌ အနီးအနားရေပြင်တွင် ငါးဖမ်းသူများအတွက် အထိအမိ ပိုကောင်းလာကြောင်း သိပ္ပံနည်းကျ လေ့လာတွေ့ရှိသည်။
မက်ခရိုစီးပွားရေးတွင် အကျိုးအမြတ်များသည့် ကုန်ဝင်ငွေရရှိနိုင်သည်။ ပင်လယ်ရေမှော်ဈေးကွက် အခိုင်အမာရရှိထားသော အင်ဒိုနီးရှားသည် ၁၉၉၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၂၅ သန်းတင်ပို့ခဲ့သည်။ တန်ဇန်းနီးယားကဲ့သို့ ပင်လယ်ကမ်းနီး နိုင်ငံတွင်မူ အမျိုးသမီးများအတွက် အလုပ်ကိုင်ပေးနိုင်သည့် စီးပွားရေးလုပ်ငန်း ဖြစ်သည်။ မြန်မာနိုင်ငံအတွက်မူ သဘာဝကျွန်းပေါင်းများစွာပါဝင်သည့် ရခိုင်နှင့် တနင်္သာရီ ကမ်းရိုးတန်းက အကောင်းဆုံးဖြစ်နေသည်။ သံတွဲမြို့အနီး မောင်ရွှေလေးချိုင်တွင် ပင်လယ်ရေမှော်စိုက်ခင်းကို လွန်ခဲ့သောဆယ်နှစ်ကျော်ကတည်းက စိုက်ထားသူရှိကြောင်းလည်း သိရသည်။
ပင်လယ်ရေမှော်စိုက်ပျိုးရေးမှာ လှိုင်းလေအကာအကွယ်ရရှိပြီး ကြည်လင်သည့် ပင်လယ်ရေတွင် အောင်မြင်စွာ ဖြစ်ထွန်းသည်။ ဂင်္ဂါမြစ်လက်တက်များစီးဝင်ရာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ကိုးလ်ကတ္တားမှ စစ်တကောင်း မြစ်ဝကျွန်းပေါ်အထိ ကမ်းရိုးတန်းမှ မိုင် ၂၀ ခန့်မှာ နောက်ကျိသော ပင်လယ်ရေထုက ဖုံးလွှမ်းနေသည်။
ဘင်္ဂလားဒေ့ရှ်တွင် ပင်လယ်ရေမှော် စိုက်ပျိုးနိုင်ခဲ့လျှင် မြိတ်မြို့အနောက်ဖက် ကတန်ကျွန်းများအကြား၊ ရခိုင် ရမ်းဗြဲ-မာန်အောင်နှင့် ဖရုံကာကျွန်းတန်အနီး ပေါက်တောနှင့် မြေပုံမြို့နယ်တို့မှာ စီးပွားဖြစ် ပင်လယ်ရေမှော် စိုက်ပျိုးနိုင်ဖွယ်ရှိသည့် ရွှေရေပြင်ကြီးများဟု တင်စားဖြစ်လိုသည်။ ထို့ပြင် လွန်ခဲ့သောရက်၌ ရခိုင်မြေပုံမြို့နယ်အတွင်း အလွန်ကြီးမားသော ရွှံမီးတောင်ကြီး၏ ရုပ်သံကို တွေ့မြင်ရပါသည်။ ၎င်းမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့များစွာတို့ ခိုအောင်းလျှက် ရှိကြောင်း သင်္ကေတဖြစ်သည်။