မဲမသမာမှုစာရင်းကို ယခုလ နောက်ဆုံးအပတ် (သို့) သြဂုတ်လ ပထမပတ်တွင်း တရားဝင်ကြေညာတော့မည်
754
အိဖြူ (NP News) - ဇူလိုင် ၃
မဲမသမာမှုစာရင်းများကို ယခု ဇူလိုင်လ နောက်ဆုံးအပတ် (သို့မဟုတ်) သြဂုတ်လ ပထမပတ်အတွင်းတွင် အပြီး သတ်၍ တရားဝင်ကြေညာတော့မည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံ RIA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
အရပ်သားအစိုးရလက်ထက်ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲမသမာမှုဖြစ်စဉ်များကို ပြန်လည်စစ်ဆေးရန် စစ်ကောင်စီသည် ၎င်းတို့မှ ရွေးချယ်တင်မြှောက်သော ရွေးကောက်ပွဲကျင်းပရေး ပြည်ထောင်စုကော်မရှင် (UEC) အ ဖွဲ့အား ပြန်လည်ဖွဲ့စည်းခဲ့ပြီး မဲစာရင်းများကိုစစ်ဆေးဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ တော်တော်များများတော့ ပြီးနေပြီ။ (၉ဝ) ရာခိုင်နှုန်းလောက် စစ်ဆေးတာပြီးသွားပါပြီ။ လာမယ့် ဇူ လိုင်လ နောက်ဆုံးအပတ် (သို့) သြဂုတ်လ ပထမပတ်ထဲမှာ တရားဝင် အဲဒါကို ရှင်းလင်းဖို့ရှိပါတယ်” ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။
မဲစာရင်းများ မှားယွင်းခြင်း၏ အဓိကဖြစ်စဉ်သည် နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသူများမှ မဲများလာရောက်ပေးခဲ့ကြခြင်းဖြစ်ပြီး မှတ်ပုံတင်မရှိဘဲ မဲပေးခဲ့သူ ဦးရေသည် ဆယ်သန်းကျော်ရှိကာ ယင်းအနက် လူ(၄)သန်းကျော်ကို မှတ်ပုံတင်ထုတ်ပေးရန်လိုသည်ကို တွေ့ရှိခဲ့ရကြောင်း ယင်းကပြောသည်။ လက်ရှိတွင် အဆိုပါ လူလေးသန်းကျော်အတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံ တင်) ကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် မဲမသမာမှုစာရင်းများကို အသေးစိတ် စစ်ဆေးပြီးစီးပါက ရွေးကောက်ပွဲကိုပြန်လည်ကျင်းပပေးသွားမည်ဖြစ်ပြီး အဆိုပါ ပြန်လည်ကျင်းပပေးမည့်ရွေးကောက်ပွဲတွင် သတ် မှတ်စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသော မည်သည့်နိုင်ငံရေးပါတီမဆို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်း သိရသည်။
ယခင်အရပ်သားအစိုးရလက်ထက် ရွေးကောက်ပွဲတွင်းဖြစ်ပွားခဲ့သည့် မဲမသမာမှုဖြစ်စဉ်များအပေါ် တပ်မတော်အနေဖြင့် မဲစာရင်းရလာဒ်များကို ပြန်လည်စစ်ဆေးကြရန်လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သော်လည်း စစ်ဆေးခဲ့ခြင်းမရှိသဖြင့် စစ်တပ်မှ အာဏာထိန်းသည်(သိမ်းသည်) အထိဖြစ်လာခဲ့ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။
စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားသော အ ထွေထွေကိစ္စရပ်များ ပေါ်ပေါက်လာခဲ့ပြီး ပြည်သူများ၏ အသက် ၊ အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရသည့်အပြင် လက်ရှိအချိန်ထိ ပြည်တွင်းမငြိမ်မသက်မှု ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။
#NPNews