စင်ကာပူက တိုက်ခန်းအိမ်ယာမှာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် နေထိုင်သူ ၄၀ ခန့်ကို ချက်ခြင်းကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ရ

605

ရောင်နီ (NP News) - ဇူလိုင် ၃
စင်ကာပူနိုင်ငံမှာ စနေနေ့ (ဇူလိုင်လ ၃ ရက်) နေ့က Tampines Road 7၊ Block 395 မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် နေထိုင်သူ လူပေါင်း ၄၀ ခန့်ကို ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။
စင်္ကာပူပြည်သူ့ကာကွယ်ရေးအင်အားစု (SCDF) မှ ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့ပို့စ်တစ်ခုအရ နံနက် ၉ နာရီခွဲခန့်မှာ အဆိုပါမီး စတင်လောင်ခဲ့တယ်လို့ သိရပါတယ်။ SCDF မီးသတ်သမားတွေဟာ အသက်ရှူကိရိယာများ တပ်ဆင်ကာ တိုက်ရဲ့ ၁၀ ထပ်ရှိ မီးခိုးငွေ့တွေ အူထွက်နေတဲ့ တိုက်ခန်းကို ခက်ခက်ခဲခဲဝင်ရောက်ကာ ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ၎င်းတို့က ဆိုပါတယ်။ တိုက်ခန်းရဲ့အိပ်ခန်းတွင်းမှ လောင်ကျွမ်းနေတဲ့မီးကို ရေဂျက်တစ်လုံးနဲ့ ငြိမ်းသက်နိုင်ခဲ့ပြီး ၉ ထပ်မှ ၁၂ ထပ်ရှိ နေထိုင်သူပေါင်း ၄၀ ခန့်ကို ကြိုတင်ကာကွယ်မှုအနေနဲ့ ရွှေ့ပြောင်းကယ်ဆယ်ခဲ့တယ်လို့ ရဲအရာရှိများက ဆိုပါတယ်။ ၁၁ ထပ်မှ လူတစ်ဦးဟာ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ်အတွင်း လဲကျခဲ့ခြင်းကြောင့် Sengkang အထွေထွေဆေးရုံကို ပို့ဆောင်ခဲ့ရပြီး မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ SCDF က စုံစမ်းနေပါတယ်။ ဒါဟာ သီတင်းတစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် အိမ်ယာတိုက်ခန်းတွေမှာ မီးလောင်မှု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က Yishun Ring Road ရှိ Block 141 မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ရဲအရာရှိ တစ်ဦးအပါအဝင်နေထိုင်သူ ၁၀ ဦးကို ဆေးရုံတင်ခဲ့ရပါတယ်။ ဒါ့အပြင် SCDF မရောက်ရှိမီ Yishun ရပ်ကွက်ရှိ ၁၀ ထပ်အထိ တိုက်ခန်းများမှ နေထိုင်သူ ၁၀၀ ခန့်ဟာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။ နေရပ်စွန့်ခွာလာသူ နေထိုင်သူများကို Chong Pang Community Centre မှာ ခိုလှုံခွင့်ပေးပြီး HDB ဟာ ၎င်းတို့အတွက် ယာယီအိမ်ယာများ ပေးလိမ့်မယ်လို့ သိရပါတယ်။