မြန်မာ- အိန္ဒိယ ရေပြင်နယ်နိမိတ်မျဉ်းအနီးတွင် ငွေကျပ် ၃၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

756

ဟိန်း (NP News) ဇူလိုင် ၄
မြန်မာ- အိန္ဒိယ ရေပြင်နယ်နိမိတ်မျဉ်းအနီး ပင်လယ်ပြင်၌ ငွေကျပ် ၃၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေး ဝါးများအား မြန်မာ့တပ်မတော်(ရေ)မှ ဇွန်လ ၂၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်န င်းရေး ရဲတပ်ဖွဲ့က ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်အရ တပ်မတော်(ရေ)သည် ဇွန်လ ၂၇ ရက် ည ၇ နာရီ ၃ဝ မိနစ်အချိန်ခန့်က မြန်မာ- အိန္ဒိယ ရေပြင် နယ်နိမိတ်မျဉ်းအနီး ပိတ်ဆို့ရေးတာဝန်ဆောင်ရွက်နေစဉ် မြောက်လတ္တီကျု ၁ဝ ဒီ ၂၅ ဒသမ ၃ မိနစ်၊ အရှေ့ လောင်ဂျီကျု ၉၅ ဒီ ၁၉ ဒသမ ၈ မိနစ် (ROE BANK အနောက်မြောက်ဘက် ၇၈ မိုင်ခန့်အကွာ) ပင်လယ်ပြင်၌ သုခစံအမည်ပါ စက်လှေတစ်စီးအား စစ်ဆေးရှာဖွေခဲ့ကြရာ စက်လှေပေါ်တွင် ကာလဒေသ တန်ဖိုးငွေကျပ် ၃၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁,၅ဝဝ ကီလို ကို သိမ်းဆည်းရမိခဲ့ပြီး လှေပေါ်ပါ လူ ၇ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ မလေးရှားနိုင်ငံရေပြင်သို့ ပို့ဆောင်ရန်ဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် အိုက်စ် မူးယစ်ဆေးဝါးများနှင့် တရားခံ အမျိုးသား ၇ ဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#NPNews #မူးယစ်ဆေးဝါးဖမ်းဆီးရမိ
#မြန်မာ-အိန္ဒိယရေပြင်နယ်နိမိတ်မျဉ်း #အိုက်စ်(မက်သ်အဖက်တမင်း)